ထားဝယ် အထူးစီးပွားရေးဇုန်မှ ကနဦး လုပ်ငန်းများ အကောင်အထည် ဖော်ရန် တာဆူနေသည့် အဆင့်တွင်သာ ရှိသေး

ထားဝယ် အထူးစီးပွားရေးဇုန်မှ ကနဦး လုပ်ငန်းများ အကောင်အထည် ဖော်ရန် တာဆူနေသည့် အဆင့်တွင်သာ ရှိသေး
August 28, 2017 Asian Fame

2:49 pm
ထားဝယ် အထူးစီးပွားရေးဇုန်မှ ကနဦး လုပ်ငန်းများ အကောင်အထည် ဖော်ရန် တာဆူနေသည့် အဆင့်တွင်သာ ရှိသေး

Dawei(နေပြည်တော် ၊ သြဂုတ် ၂၈)

ထားဝယ်အထူး စီးပွားရေးဇုန် က ကနဦး စီမံကိန်း လုပ်ငန်းတွေ စတင် အကောင်အထည်ဖော်ဖို့ တာစူနေဆဲ အဆင့်မှာသာ ရှိသေးတယ်လို့ စီးပွားရေး နဲ့ကူးသန်း ရောင်းဝယ်ရေး ဒုတိယ၀န်ကြီး ဦးအောင်ထူး က ဆိုပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ရေဖြူ မဲဆန္ဒနယ် အမတ် ဦးသက်နိုင်ဦး မေးမြန်းတဲ့ ” ထားဝယ် အထူး စီးပွားရေးဇုန် ကနဦးစီမံကိန်းလုပ်ငန်းများ မည်သည့် အချိန်တွင် စတင်မည်နည်း၊ စတင်မည့် ကနဦး စီမံကိန်းတွင် မည်သည့် လုပ်ငန်းများ ပါဝင်ပြီး မည်ကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်း” ကိုပြန်လည်ဖြေကြားရာမှာ အခုလို ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

လုပ်ငန်း အကောင်အထည်ဖော်ဖို့ စာချုပ်ချုပ်ထားတဲ့ မြန်မာ အီတာလျံ- ထိုင်း ကုမ္ပဏီ အနေနဲ့ လုပ်ငန်းတွေ စတင်အကောင် အထည်ဖော် ဖို့ နိုင်ငံတကာ ငွေချေး အဖွဲ့အစည်းတွေ ထံက ချေးငွေ လုံလောက်စွာမရ ရှိ ခြင်း ၊ ရင်းနှီးမြုပ်နှံမည့်သူ နည်း ပါးခြင်းတွေကြောင့် စီမံကိန်းနှောင့်နှေးခဲ့တယ် လို့လည်း ဒုဝန်ကြီးက ရှင်းလင်း ပြောဆိုပါတယ်။

ဒုဝန်ကြီးက နှစ်ဦးနှစ်ဘက် ကြိုတင် ဖြည့်ဆည်းရမယ့် အချက်တွေကို သတ်မှတ်ထားတဲ့ အချိန်ကာလ အတွင်း ဖြည့်ဆည်းနိုင်ခြင်း မရှိတာကြောင့် နှစ်ဦးနှစ်ဘက် သဘောတူညီမှုနဲ့ သက်တမ်း ထပ်မံတိုးမြှင့်ခြင်းကို ဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ အကုန် အထိ တိုးမြှင့် သတ်မှတ်ခဲ့ကြောင်း၊ နှစ်ဘက် ဖြည့်ဆည်း ဆောင်ရွက်ရမယ့် အချက်တွေမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေး သက်ရောက်မှု အစီရင်ခံစာတွေ အတည်ပြုခြင်း၊ မြေငှားရမ်း စာချုပ် ချုပ်ဆိုနိုင်ရေး အချက်တွေ အဓိက ကျန်ရှိနေပြီး အမြန်ဆုံး ပြီးပြတ်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိတယ်လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ်၊ သြဂုတ်လ(၅)ရက်နေ့က ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနဲ့ အီတာလျံ-ထိုင်း ကုမ္ပဏီတို့ ချုပ်ဆိုခဲ့တဲ့ လုပ်ငန်း သဘောတူ စာချုပ်အရ ကနဦး စီမံကိန်းမှာ-(က)စက်မှု လုပ်ငန်းနယ်မြေ၊ (ခ) ထားဝယ် အထူးစီးပွားရေးဇုန်နဲ့ မြန်မာ- ထိုင်း နယ်စပ် ထီးခီး အထိဖောက်လုပ်မယ့် နှစ်လမ်းသွား ကတ္တရာလမ်း၊ (ဂ) ဆိပ်ကမ်းငယ်၊ (ဃ) ကနဦးမြို့ပြ အိမ်ယာလုပ်ငန်း၊ (င) ကနဦး လျှပ်စစ် ဓာတ်အားပေးလုပ်ငန်း၊ (စ) ယာယီလျှပ်စစ် ဓာတ်အားပေး လုပ်ငန်း၊ (ဆ) ရေရရှိရေး လုပ်ငန်း (ပယင်းဖြူဆည် တည်ဆောက်ခြင်း)၊ (ဇ) တယ်လီဖုန်း ဆက်သွယ်ရေးလိုင်း၊ (ဈ) သဘာဝဓာတ်အငွေ့ရည် ဆိပ်ကမ်းဆိုပြီး လုပ်ငန်းစီမံကိန်း (၉)ခု ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထားဝယ် အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း လုပ်ငန်းတွေ အကောင် အထည်ဖော်မှု အပေါ် ကြီးကြပ်ဖို့ အတွက် မြန်မာ-ထိုင်း ပူးတွဲ ကျွမ်းကျင်သူများ အထူး လုပ်ငန်းအဖွဲ့ကို ထိုင်းဘက်မှ NESDB ၊ The Fiscal Policy Office, Ministry of Finance မှ ကိုယ်စားလှယ် အဖွဲ့နဲ့ မြန်မာဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန တို့မှ ကိုယ်စားလှယ် အဖွဲ့တွေနဲ့ ပါဝင် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ အဖွဲ့အနေနဲ့ ထားဝယ် အထူးစီးပွားရေး ဇုန် ကနဦး စီမံကိန်း လုပ်ငန်းတွေရဲ့ လက်ရှိအခြေအနေ အရပ်ရပ်ကို လေ့လာ သုံးသပ်ပြီး ရှေ့ဆက်လက် ဆောင်ရွက်နိုင်မယ့် လုပ်ငန်း အစီအစဉ်ကို သတ်မှတ် ထားတဲ့ အချိန်ဇယားနဲ့ အညီအကောင်အထည် ဖော်ဆောင်ရွက် သွားမှာဖြစ်တဲ့အကြောင်း ဒုဝန်ကြီးက ထပ်လောင်းပြော ဆိုသွားပါတယ်။

လက်ရှိ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းရဲ့ ပင်မစီမံကိန်း အပိုင်းကို မြန်မာ၊ ထိုင်း၊ ဂျပန် သုံးဦးဖလှယ် ပူးပေါင်း အကောင် အထည်ဖော် သွားဖို့ အတွက်လည်း ဂျပန်နိုင်ငံ JICA အဖွဲ့အစည်း အနေနဲ့ စီမံကိန်း ဆိုင်ရာ လေ့လာ ဆန်းစစ်မှုကို ပြုလုပ်လျက် ရှိကြောင်း၊ အဆိုပါ စီမံကိန်းဟာ အကြောင်းကြောင်းကြောင့် နှောင့်နှေးခဲ့ရပေမယ့် လက်ရှိအစိုးရ လက်ထက်မှာ အရှိန် အဟုန်နဲ့ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးကို တွန်းအားပေးဆောင်ရွက် လျက်ရှိကြောင်း သူက ဆိုပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*