တစ်ရက်လုပ်ခ ၅၆၀၀ ကျပ် သတ်မှတ်ဖို့ AFFM အဆိုပြု

တစ်ရက်လုပ်ခ ၅၆၀၀ ကျပ် သတ်မှတ်ဖို့ AFFM အဆိုပြု
August 25, 2017 Fame Asian

12:15 pm
တစ်ရက်လုပ်ခ ၅၆၀၀ ကျပ် သတ်မှတ်ဖို့ AFFM အဆိုပြု

21078656_1579044202154313_1878767741631294409_n

ရန်ကုန် ၊ သြဂုတ် ၂၅

မကြာခင် ပြင်ဆင်သတ်မှတ်တော့မယ့် တစ်ရက်အနည်းဆုံး လုပ်ခနှုန်းထားဟာ ၅၆၀၀ ဖြစ်သင့်တယ်လို့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးအမျိုးသားအဆင့်ကော်မတီမှာပါတဲ့ AFFM အဖွဲ့က အဆိုပြုလိုက်ပါတယ်။

အနိမ့်ဆုံး လုပ်ခလစာ ဆိုတာ အလုပ်သမားတစ်ဦး အတွက် စုစုပေါင်း ရရှိရမယ့် တနေ့ဝင်ငွေမဟုတ်ကြောင်း ၊ အနိမ့်ဆုံးလုပ်ခလစာ (Minimum Wage) ဆိုတာ အလုပ်သမားတစ်ဦးနဲ့သူ့ရဲ့မိသားစုအတွက် လုပ်အားခစစ်စစ်ဖြင့် စားဝတ်နေမှုပြုနိုင်တဲ့ ၀င်ငွေ စုစုပေါင်း (Living Wage) ရဲ့တစိတ်တပိုင်းသာဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားစိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ် လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(AFFM) က ဆိုပါတယ်။

ဒါပေမဲ့ အချို့လုပ်ငန်းရှင်တွေဟာ ၂၀၁၅ ခုနှစ် အနည်းဆုံး အခကြေးငွေ နှုန်းထား ၃၆၀၀ သတ်မှတ်ချိန်ကစပြီး ဒီကနေ့ အထိ တနေ့ ၃၆၀၀ ကျပ်နဲ့ လုပ်သက်များစွာရှိတဲ့ ကျွမ်းကျင်လုပ်သား ကြီးတွေကိုပါ ရောနှောသတ်မှတ်ခဲ့တာကိုတွေ့ရကြောင်း ၊ နေ့စား ပုတ်ပြတ် လုပ်သားတွေကို သတ်မှတ်အလုပ်များ တိုးမြှင့်ပေးပြီး လုပ်ခအဖြစ် တနေ့ ၃၆၀၀ ကျပ်သာ ပေးခဲ့သည်ကိုလည်း အစီရင်ခံ စာများအရ သိရှိရကြောင်း ၊ နေထိုင်စရိတ်၊ နှစ်တိုးကြေး၊ ကျွမ်းကျင်ကြေးများ တိတိကျကျပေးသည့် အလုပ်ရှင် အနည်းငယ်သာရှိကြောင်း AFFM ကဆိုပါတယ်။

AFFM နဲ့အတူ တစ်ခြားသော အလုပ်သမား အဖွဲ့အစည်းတွေ ဟာပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အနည်းဆုံးအခကြေးငွေ ပထမဆုံး အကြိမ် စတင်သတ်မှတ်ချိန်တုန်းကလည်း အနည်းဆုံးအခကြေးငွေကို ၄၀၀၀ သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ အလုပ်ရှင်တွေ ဘက်က ၁၅၀၀ သာပေးနိုင်မယ်လို့ ပြောခဲ့လို့ ဆွေးနွေးပွဲတွေမှာအချေအတင်ဖြစ်ခဲ့ရပါသေးတယ်။နောက်ဆုံး ၀န်ကြီး ဌာနကကြားဝင်ညှိနှိုင်းပေးမှုနဲ့ ၃၆၀၀ ဖြစ်ခဲ့တာပါ။

ယနေ့ကာလ ဟာ ကုန်ဈေးနှုန်းများအဆမတန်မြင့်မားလျှက်ရှိတာကြောင့် အခြေခံအလုပ်သမားတွေ ထမင်းနပ်မှန်အောင် စားနိုင်ဖို့ အလွန် အမင်းရုန်းကန်နေရတယ်လို့လည်း AFFM က မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် လူမှုဘ၀ လိုအပ်ချက်များ အတွက် အသုံးစရိတ်များအတွက် ကြွေးမြီတွေ ရယူခဲ့ပြီး ယခုအခါ နေ့ပြန်တိုး ၊ အပါတ်စဉ်တိုး၊ လပြန်တိုး၊ ထပ်တိုးတို့နဲ့ အကြွေးနွံနစ်ပြီး ထိုမိသားစုများမှ ကလေးသူငယ် လုပ်သားတွေ အဖြစ်သို့ တွန်းပို့ခြင်းခံကြရတယ်လို့လည်း ဆိုပါတယ်။

ဒါ့ကြောင့် ၂၀၁၅ ခုနှစ် အနိမ့်ဆုံး လုပ်ခလစာသတ်မှတ်မှု အတွေ့အကြုံအရ တိကျပြတ်သားတဲ့ နှုန်းထား လိုအပ်တာကြောင့် ယခုကာလ စားဝတ်နေမှု နဲ့ မျှတစွာ ရရှိသင့်တဲ့ အနိမ့်ဆုံးလုပ်ခငွေ တနေ့ ၅၆၀၀ ကျပ် သတ်မှတ်ဖို့ အဆိုပြုတယ်လို့ AFFM က ဆိုပါတယ်။

လက်ရှိ အနည်းဆုံး အခကြေးငွေ အသစ်တစ်ဖန် ပြန်လည် သတ်မှတ်ဖို့ ပြည်နယ် နဲ့ တိုင်းအလိုက် ကော်မတီတွေ ဖွဲ့စည်းထားပြီး အဆိုပြုနှုန်း ထားတွေ တင်ပေးဖို့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသား အဆင့်ကော်မတီ က ပြောထားပါတယ်။

ဒီပြည်နယ်နဲ့ တိုင်းအသီးသီးက တက်လာတဲံ့နှုန်းထားတွေကို အမျိုးသားအဆင့် ကော်မတီမှာ ဆွေးနွေးပြီး တိုင်းနဲ့ပြည်နယ်အလိုက် ခွဲခြား သတ်မှတ်မလား ၊ တစ်နိုင်ငံလုံးတစ်ပြေးညီသတ်မှတ်မလား ၊ ဘယ်လောက်နှုန်းထားဖြစ်သင့်တယ်ဆိုတာမျိုးကိုဆုံးဖြတ်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ကြိမ် တုန်းကတော့ တစ်နိုင်ငံလုံးတစ်ပြေးညီ ၃၆၀၀ အဖြစ်သတ်မှတ်ခဲ့ပါတယ်။၃၆၀၀ သတ်မှတ်လိုက်တဲ့ ကိစ္စ နဲ့ပတ်သတ်ြ ပီးတော့လည်း ဆန္ဒထုတ်ဖော်မှုများစွာ ကန့်ကွက်မှုများစွာ ဖြစ်ပွားခဲ့ရပါသေးတယ်။

Ye Lwin

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*