သစ်ခိုးထုတ်မှုများကို ဖမ်းဆီး အရေးယူမှု ယခုထက် ပိုမို အရှိန်အဟုန် မြှင့်သွားမည်

သစ်ခိုးထုတ်မှုများကို ဖမ်းဆီး အရေးယူမှု ယခုထက် ပိုမို အရှိန်အဟုန် မြှင့်သွားမည်
August 11, 2017 Asian Fame

11:37 am
သစ်ခိုးထုတ်မှုများကို ဖမ်းဆီး အရေးယူမှု ယခုထက် ပိုမို အရှိန်အဟုန် မြှင့်သွားမည်

wood(နေပြည်တော် ၊ သြဂုတ် ၁၁)

အုပ်စုဖွဲ့ သစ်ခိုးထုတ်မှုနဲ့ သစ်တောထွက် ပစ္စည်း တရားမ၀င် ရောင်းဝယ်မှုတွေကို အရှိန်အဟုတ်မြင့် ဖမ်းဆီး အရေးယူသွားမယ် လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေး ၀န်ကြီးဌာန က ဆိုပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက် မဲဆန္ဒနယ်မှ ဦးကျော်စိုး က “ဗန်းမောက် မြို့နယ် အတွင်း အုပ်စုဖွဲ့ သစ်ခိုးထုတ်နေမှုများအား မည်သို့ တားဆီး အရေးယူဆောင်ရွက် ပေးမည်နှင့် စနစ်တကျစီမံကိန်းချ၍ သစ်ခိုးထုတ်နေမှုအား စုံစမ်း ဖော်ထုတ် အရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်း၍ မေးခွန်း” ကို မေးမြန်းခဲ့ပါတယ်။

ဒီမေးခွန်းကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိန်းရေး ၀န်ကြီးဌာန ကပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောကြားခဲ့ တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ များစွာဖြစ်ပွားနေတဲ့ သစ်ခိုးထုတ်မှုတွေ နဲ့ပတ်သတ်ပြီး စီမံချက် ချ ဖမ်းဆီး ထိန်းသိမ်း အရေးယူဖို့ကို ပြီးခဲ့တဲ့ ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ပဥ္မပုံမှန် အစည်အဝေး မှာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တိုက်တွန်း အဆိုတင်ခဲ့ဖူးပါတယ်။

ဒီအဆိုကိုလည်း ပြည်သူ့လွှတ်တော်က အတည်ပြုပေးခဲ့ပါသေးတယ်။

ဒါပေမဲ့ သစ်ခိုးထုတ်မှုတွေ နိုင်ငံ အနှံ့အပြားမှာ ဆက်တိုက် ဆိုသလိုဖြစ်ပွားနေတာကိုလည်း သစ်တော ဦးစီးဌာနရဲ့ သစ်မှောင်ခို ဖမ်းဆီး ရမိမှု ထုတ်ပြန်ချက်တွေ အရသိရပါတယ်။

ဗန်းမောက် မဲဆန္ဒနယ်မှ ဦးကျော်စိုး က အဆိုတင်သွင်းစဉ်မှာ ဗန်းမောက်မြို့နယ် ထဲမှာ သစ်ခိုးထုတ်မှု နဲ့ပတ်သတ်ပြီး လက်တစ်လုံးခြား အဖြစ်အပျက်တွေ ၊ သတင်းပေါက်ကြားမှုတွေ ကြောင့် မဖမ်းမိတာတွေ ၊ အကျင့်ပျက်မှုတွေ ရှိနေကြောင်း ထည့်သွင်းပြောဆို သွားပါတယ်။

သစ်မှောင်ခို ဖမ်းဆီးရမိမှုထက် မဖမ်းမိတာတွေ ပိုများလာကြောင်း ၊ ဒါတွေကို စဉ်းစားဖို့ လိုလာပြီဖြစ်ကြောင်း ၊ ဘယ်လို စီမံ ချက်တွေ ရေးပြီးဆောင်ရွက်မလဲဆိုတာ လိုလာပြီဖြစ်ကြောင်း ဦးကျော်စိုး က ထပ်လောင်းပြောဆို သွားပါတယ်။

သစ်ခိုးထုတ်ရာမှာ အသုံးပြုတဲ့ ကားတွေက လိုင်စင်မဲ့တွေ သာဖြစ်ကြောင်း ဒါကြောင့် ကားအ၀င်အထွက် တွေ ၊ ဘဏ်ငွေလွှဲဌာန ၊ ဖုန်း အဆက်အသွယ်လိုင်းတွေကို သေချာစစ်ဆေးပြီး ကိုင်တွယ် ဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

ဒီအပေါ်မှာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိန်းရေး ၀န်ကြီးဌာန ကပြန်လည် ဖြေကြားရာမှာ ဗန်းမောက်မြို့နယ်မှာ ဆိုရင် သစ်တော ၀န်ထမ်းတစ်ဦးဟာ သစ်တော ဧက ၃၀၀၀၀ ကျော်ကို စီမံ အုပ်ချုပ်နေရကြောင်း ၊ သစ်တောလုံခြုံရေး တပ်ဖွဲ့ ၊ သစ်တော ဦးစီး ၊ တပ်မတော် စစ်ကြောင်း ၊ ထွေအုပ် ၊ ရဲတပ်ဖွဲ့ တွေ ပူးပေါင်းပြီး သစ်မှောင်ခို ဖမ်းဆီးမှုတွေကို ဆောင်ရွက်နေကြောင်း ၊ ပြီးခဲ့တဲ့ ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ပဥ္မပုံမှန် အစည်အဝေး မှာ သစ်မှောင်ခိုမှုတွေ နဲ့ပတ်သတ်ပြီး အရေးယူ ဆောင်ရွက်ရန် အဆို တစ်ခု ကို လွှတ်တော်က အတည်ပြုပေးပြီးဖြစ်တဲ့ အတွက် အဆိုပါ ကိစ္စကိုပင် အရှိန်အဟုန်မြှင့် ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဆိုရင် ပြီးခဲ့တဲ့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က ကျွန်းအပါအ၀င် သစ်မှောင်ခို တန်စုစုပေါင်း ၄၆၁၅၃.၀၅၈၄ တန် ဖမ်းဆီး ရမိခဲ့ပါတယ်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ် (ဇွန် ၂၃ ထိစာရင်း) က ကျွန်းအပါအ၀င် သစ်မှောင်ခိုတန် စုစုပေါင်း ၁၂၈၄၄.၆၅၆၆ တန်းဖမ်းဆီးရမိခဲ့ပါတယ်။

သစ်မှောင်ခိုမှုအများဆုံးဖမ်းဆီးရမိတဲ့တိုင်းနဲ့ ပြည်နယ်တွေကတော့ ရှမ်း ၊ စစ်ကိုင်း ၊ ကချင် ၊ ကယား ၊ ပဲခူး တို့ပဲဖြစ်တယ်လို့ သစ်တောဦးစီးဌာနရဲ့စာရင်းမှာဖော်ပြထားပါတယ်။

ရဲလွင်

Photo- မြ၀တီ
ပုံစာ- နမ့်ခမ်းမြို့နယ်အတွင်း တရားမ၀င်သစ်တင်ယာဉ်နှင့်သစ်များသိမ်းဆည်းရမိခဲ့စဉ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*