5:05 pm
(မန္တလေး၊ သြဂုတ် ၇)
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို အမှုဖွင့် တရားစွဲခဲ့တဲ့ ကိုကျော်မျိုးရွှေကို မန္တလေး သပိတ်စခန်းမှာ ပါဝင်မှုနဲ့ ဒီနေ့မနက်ပိုင်း မှာပဲ ရဲကဖမ်းဆီးလိုက်ပါတယ်။
ကိုဆွေဝင်းကို ၄င်းစွဲထားတဲ့ အမှုအတွက် တရားရုံးမှာ ထွက်ဆိုဖို့ လာရောက်စဉ် တရားခွင်အပြီးမှာပဲ ရဲကဖမ်းဆီးလိုက်တာပါ။
ကိုကျော်မျိုးရွှေဟာ မန္တလေးမြို့က အစိုးရဆန့်ကျင်ရေး သပိတ်စခန်းမှာ ပါဝင်သူ တစ်ယောက်အဖြစ် ရဲစခန်းမှာ တိုင်ချက်ဖွင့် ခံထား ရသူဖြစ်ပြီး ၄င်းနဲ့အတူ သံဃာ ၈ ပါး၊ လူ ၅ ယောက်လည်းပါဝင်ပါတယ်။
သြဂုတ် ၅ ရက်မနက်အစောပိုင်း သပိတ်စခန်း ဖျက်သိမ်းခံ ရမှုမှာ နောက်ဆက်တွဲအဖြစ် ၄င်းတို့ကို ၅၀၅(ခ)နဲ့ တရားရုံး ဦးတိုက်လျှောက် ထားရာ မှာ လူပုဂ္ဂိုလ်တွေကို မြို့နယ် အုပ်ချုပ်ရေးမှူးက သံဃာတော်တွေကို ခရိုင် သာသနာရေးမှူးက တရားလို လုပ်အမှုဖွင့် ခဲ့တာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ရဲက ဖမ်းဝရမ်း ထုတ်ခဲ့တာလည်းဖြစ် ပါတယ်။
ဒီနေ့ဖမ်းဆီးမှုမှာ ကိုကျော်မျိုးရွှေကို ချမ်းမြသာစည် မြို့မ ရဲစခန်းဆီခေါ်သွားခဲ့တာဖြစ်ပြီး အဲဒီကမှတစ်ဆင့် အဲဒီ မြို့ နယ် တရားရုံးမှာ စစ်ဆေး ခဲ့ပြီး ချုပ်ရက်နဲ့မန္တလေးဗဟို အကျဉ်းထောင်ဆီပို့ဆောင်ထားပါတယ်။
“နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားရုံးဦးတိုက် လျှောက်တာဆိုတော့ အာမခံပေးလို့ မရဘူး၊ နောက်ရုံး ချိန်းကျမှ အာမခံတင်ချင် လည်း တင်ပေါ့၊ ပေးမပေးတော့ မသိဘူး၊ ခုဟာက မြို့နယ် အုပ်ချုပ်ရေးမှူး နဲ့ ခရိုင်သာသနာရေးမှူးက တရားစွဲတာ ဆိုတော့ ကျွန်တော် တို့ ပေးလို့မရဘူး” လို့ တရားရုံး တာဝန်ရှိသူ ကပြောပါတယ်။
လက်ရှိ အခြေအနေမှာတော့ ကိုကျော်မျိုးရွှေကို မန္တလေး ဗဟိုအကျဉ်းထောင်ဆီ ပို့ဆောင် လိုက်ပြီလို့ သိရပြီး ၄င်းနဲ့အတူ ပါဝင်သူတွေ လို့ နာမည်ထွက်နေတဲ့ လူ ၄ ဦး နဲ့ သံဃာ ၂ ပါးကိုတော့ ဖမ်းဆီး ရမိရေး ရဲက ကြိုးပမ်း ဆောင်ရွက်နေပါတယ်။
ဖမ်းဆီးထားတဲ့ ကိုကျော်မျိုးရွှေကိုတော့ လာမယ့် သြဂုတ် ၉ ရက်မှာ ချမ်းမြသာစည် မြို့နယ်မှာပဲ ရုံးထုတ် စစ်ဆေးသွား မှာဖြစ်တယ်လို့ တရားရုံးဆီက သိရပါတယ်။
စောထွေး