5:59 pm

ရန်ကုန် ၊ ဇူလိုင် ၃၁
မနေ့ က ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံလိုက်ရတဲ့ Myanmar Now သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဆွေဝင်းကို မဟာအောင်မြေတရားရုံးက အာမခံပေးလိုက်တယ်လို့  Myanmar Now သတင်းဌာနမှ သတင်းထောက်ကိုထက်ခေါင်လင်းကပေါ်ပြူလာနယူးစ်ကို ပြောပါတယ်။
ဦးဆွေဝင်းဟာ ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။” အာမခံရပါတယ်။ကျွန်တော်တို့ အခုပဲ ရန်ကုန်ကိုပြန်ဖို့ လုပ်နေပါပြီ။ အာမခံရပြီဆိုတော့ တရားဥပဒေအတိုင်းပဲ ဆက်လက်ရင်ဆိုင်သွားပါမယ်” လို့ ကိုထက်ခေါင်လင်းကပြောပါတယ်။
Myanmar Now သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုဆွေဝင်းကို မင်္ဂလာဒုံရဲ စခန်းက ရန်ကုန်လေဆိပ်မှာ မနေ့ က ဖမ်းဆီးခဲ့ပါတယ်။ဦးဆွေဝင်းဟာ အလုပ်ကိစ္စနဲ့ ထိုင်းနိုင်ငံကိုအသွားမှာ ဖမ်းဆီးခံလိုက်ရတာပါ။
မဘသအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး၊ ၀ံသာနုအားမာန် အဖွဲ့ ကို ဦးဆောင်နေသူ တစ်ဦးလည်းဖြစ်တဲ့ ကိုကျော်မျိုးရွှေက မဘသဦးဆောင် ဆရာတော်ဦးဝီရသူကို ဂုဏ်သိက္ခာထိခိုက်စေတဲ့ စာသားများ facebook မှာရေးသားခဲ့တယ်ဆိုပြီး ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ဃ နဲ့ မန္တလေးမဟာအောင်မြေ မြို့နယ် အမှတ် ၇ ရဲစခန်း မှာ အမှု ဖွင့်ခဲ့တာဖြစ်ပါတယ်။
ကိုဆွေဝင်းဟာ လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ လာရောက် အဖမ်းခံပါမယ်လို့ ရဲစခန်းကို အကြောင်းကြားထားပြီးတော့မနေ့ ကအဖမ်းခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။လာမယ့် ရုံးချိန်းကတော့ သြဂုတ်လ ၇ရက်နေ့လို့ သိရပါတယ်။
ဖြိုးထက်အောင်
Photos by စောထွေး