လူ့အခွင့်အရေးကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေ အားနည်းကြောင်း ဝေဖန်သံညံခဲ့တဲ့ ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး

လူ့အခွင့်အရေးကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေ အားနည်းကြောင်း ဝေဖန်သံညံခဲ့တဲ့ ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး
July 26, 2017 Fame Asian

3:51 pm
လူ့အခွင့်အရေးကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေ အားနည်းကြောင်း ဝေဖန်သံညံခဲ့တဲ့ ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး

နေပြည်တော် ၊ ဇူလိုင် ၂၆

လူ့အခွင့်အရေးကော်မရှင်ရဲ့အစီရင်ခံစာ ပြည့်စုံလုံလောက်ပေမယ့် ကော်မရှင်ရဲ့လုပ်ငန်းဆောင်ရွက်မှုအပိုင်းတွေကတော့ အားနည်းချက်တွေရှိနေတယ်လို့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်တွေက ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လူ့အခွင့်အရေးကော်မရှင်ရဲ့ ၂၀၁၆ ခုနှစ်အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ် ၂၀ က ဆွေးနွေးခဲ့ပြီး ဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမဲဆန္ဒနယ် အမတ် ဒေါ်သန္တာက သက်ငယ်မုဒိန်းမှု့တွေ ၊ အသက်မပြည့်သေးတဲ့ အိမ်အကူမိန်းကလေး အမှုတွေ ဟာ တဆတဆမြှင့်တက်လာပေမယ့် လူ့အခွင့်အရေးကော်မရှင်အနေနဲ့ လုပ်ငန်းလုပ်ဆောင်တဲ့အပိုင်းမှာ အားနည်းနေတာ တွေ့ရတယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမဲဆန္ဒနယ်က ဒေါ်ဇင်မာအောင်ကလည်း”ကော်မရှင်ရဲ့ အားနည်းချက်ကို ထောက်ပြရမယ်ဆိုရင် သက်ငယ်မုဒိန်းကိစ္စမျိုးတွေ ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်တဲ့ ကိစ္စမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပေမယ့် လူ့အခွင့်အရေးကော်မရှင်အနေနဲ့ နှုတ်ဆိတ်လွန်းနေတာတွေ့ရပါတယ် ၊ အစီရင်ခံစာထဲမှာလည်း သဘောလောက်ပဲဖော်ပြထားပါတယ်”လို့ဆိုပါတယ်။

တောင်တွင်းကြီးမဲဆန္ဒနယ် အမတ် ဦးမင်းသိန်းက အကျဉ်းထောင်ထဲမှာ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျနေတဲ့ လူငယ်များရဲ့ပညာသင်ခွင့် အခွင့်အလမ်းမဆုံးရှုံးရရေးနဲ့ပတ်သတ်ပြီး အစီရင်ခံစာမှာ ဖော်ပြထားခြင်းမရှိဘူးလို့ ပြောပါတယ်။

“၂၀၀၈အခြေခံဥပဒေပုဒ်မ ၃၆၆ အပိုဒ်ခွဲ ကမှာ နိုင်ငံတော်မှချမှတ်ထားသော မူဝါဒနဲ့အညီ နိုင်ငံသားတိုင်း ပညာသင်ခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ် ။ အကျဉ်းကျသူများအနေနဲ့လည်း အကျဉ်းထောင်စည်းမျဉ်းများနဲ့အညီ ပညာသင်ယူခွင့်ရှိသင့်တယ်လို့ ကျွန်တော်ယူဆပါတယ် ။ ဒါပေမဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ရဲ့ ၂၀၁၆နှစ်ပတ်လည်အစီရင်ခံစာထဲမှာတော့ ဖော်မပြထားပါဘူး”လို့ ဦးမင်းသိန်းက ဝေဖန်ခဲ့ပါတယ်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် က သူ့ရဲ့ ၂၀၁၆နှစ်ပတ်လည်အစီရင်ခံစာ ကို ဇူလိုင်လ ၂၁ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။ဒီအစီရင်ခံစာနဲ့ပတ်သတ်ပြီး ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးက ဆွေးနွေးခဲ့ကြတာပါ။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*