ပါတီဝင်အချင်းချင်း အပြစ်တင် ဆန္ဒပြသည့် အတွက် ချောင်းဆုံ ပါတီဝင်များကို တာဝန်မှ ယာယီ ရပ်ဆိုင်းခြင်းဟုဆို

ပါတီဝင်အချင်းချင်း အပြစ်တင် ဆန္ဒပြသည့် အတွက် ချောင်းဆုံ ပါတီဝင်များကို တာဝန်မှ ယာယီ ရပ်ဆိုင်းခြင်းဟုဆို
July 21, 2017 Asian Fame

2:31 pm
ပါတီဝင်အချင်းချင်း အပြစ်တင် ဆန္ဒပြသည့် အတွက် ချောင်းဆုံ ပါတီဝင်များကို တာဝန်မှ ယာယီ ရပ်ဆိုင်းခြင်းဟုဆို

CS(မော်လမြိုင်၊ ဇူလိုင် ၂၁)

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဝင် (၂၁) ဦးကို တာဝန်မှ ယာယီ ရပ်ဆိုင်းခဲ့ခြင်းမှာ ပါတီဝင် အချင်းချင်း အပြစ်တင်နေ ကြပြီး ဆန္ဒပြကြသည့် အတွက် သတိပေးခြင်းဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သည့် ဦးဝင်းထိန်က ယမန်နေ့ညက ပြောသည်။

ပါတီဗဟို၏ ဆုံးဖြတ်ချက်ဖြင့် ယခုကဲ့သို့ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ချောင်းဆုံ အန်အယ်လ်ဒီ ပါတီဝင်တွေကို ပါတီကနေ ယာယီ ရပ်ဆိုင်းတာက ကြားဖြတ်ရွေးကောက်ပွဲ အဆက်ပေါ့။ ကြားဖြတ်ရွေးကောက်ပွဲ မှာ ချောင်းဆုံဒေသ အန်အယ်လ်ဒီ ရှုံးနိမ့်တာနဲ့ ပတ်သက်ပြီးတော့ ဟိုလူ့ကို လက်ညှိုးထိုး၊ ဒီလူ့ကို လက် ညှိုးထိုး နဲ့ အဲ့ဒီကနေ စဖြစ်တာပါ” ဟု ဦးဝင်းထိန်က ပြောကြားခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ စုံစမ်းစစ်ဆေးရန် မွန်ပြည်နယ် ပါတီဥက္ကဌ ဒေါက်တာခင်ဆောင် ၊ မော်လမြိုင်မြို့နယ် ဥက္ကဌ ဒေါ်နွယ်နွယ်အောင်နှင့် ပြန်ကြားရေးတာဝန်ခံ ဦးအေးမင်းဟန် တို့ (၃) ဦးကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားပြီး အစီရင်ခံ စာကို တစ်လ အတွင်း ပါတီဗဟိုသို့ ပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။

ယခုကိစ္စကို ပြီးခဲ့သည့် ချောင်းဆုံ ကြားဖြတ် ရွေးကောက်ပွဲ ပြီးကတည်းက တိုင်ကြားခဲ့ခြင်းဖြစ်ကာ ယခုမှ ပါတီ ဗဟိုညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း မွန်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာခင်ဆောင် က ဆိုသည်။

“ကြားဖြတ် ကတည်းက တိုင်ကြားထားတာတွေ ရှိပါတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ကို တိုင်ထားတဲ့ လူတွေကို စစ်ဆေးနေ ပါတယ်။ ကျွန်တော်တို့ ပါတီရဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ မကိုက်ညီတာတွေ ရှိရင်တော့ ဗဟိုကတော့ အရေးယူမှာပဲလေ” ဟု ၄င်း ကပြောသည်။

ဧပြီလက ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ကိုယ်စားလှယ်အဖြစ် ဦးစောလင်းအောင် ၊ ဦးအေးဝင်းနှင့် ဦးကျော်ဖေတို့ကို အစဉ်လိုက်ဦးစားပေး ရွေးချယ်တင်ပြခဲ့သော်လည်း ပါတီဗဟိုက ဦးအေးဝင်းကို သာ ရွေးချယ် ခဲ့သည့်အတွက် ချောင်းဆုံဒေသခံဦးစောလင်းအောင်ကို ထောက်ခံသည့် ပါတီဝင်များက ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

“ကျွန်တော်တို့ပါတီက ၀င်ပြိုင်ချင်တဲ့သူတိုင်း ၀င်ပြိုင်လို့မရပါဘူး။ တစ်ကယ်လို့ ၀င်ပြိုင်ရင်တောင်မှ သူတို့က ရွေးချယ် ဦးမှာ။ လျှောက် လွှာတွေက အနည်းဆုံး (၁၀) ဦး၊ (၁၅) ဦးလောက်တက်ပါတယ်။ အဲဒီထဲကမှ ပြန်ရွေးရတာပါ။ အရွေးခံချင်တိုင်းလည်း ငါပါချင်တယ် လို့ ပြောလို့မရပါဘူး”ဟု ပါတီဗဟိုမှ ရွေးချယ်ခြင်းခံရသူ ဦးအေးဝင်းက ဆိုသည်။

ဦးအေးဝင်းသည် ချောင်းဆုံမြို့နယ် ဒေသခံ မဟုတ်သည့်အတွက် ၎င်းကိုကန့်ကွက်သည့် ပါတီဝင်များက ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့က လူအင်အား (၅၀) ခန့်ဖြင့်  ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပစဉ်က ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေးခြင်းအပေါ် ဒေသခံများက ဆန္ဒပြခဲ့ကြပြီး အဆိုပါ မဲဆန္ဒနယ် တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအမတ် ဦးအောင်ကြည်သိန်းက အနိုင်ရရှိခဲ့သည်။

Ar Kar Min

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*