4:03 pm

(နေပြည်တော်၊ ဇူလိုင် ၁၃)
ပြီးခဲ့တဲ့ နှစ်နှစ်တာ ကာလ အတွင်းမှာ သစ်ခိုးထုတ်မှုတွေ ကနေ သစ်တန်ချိန်ပေါင်း ကိုးသောင်းခြောက်ထောင်ကျော် ဖမ်းဆီးရရှိခဲ့တယ်လို့ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းဝင်းက ပြောပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့ မဲဆန္ဒနယ်က ဦးခင်ချိုရဲ့မေးခွန်းကို ပြည်ထောင်စုဝန်ကြီးက ဖြေကြားရာမှာ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
“၂၀၁၅ – ၁၆ ဘဏ္ဍာနှစ်မှာ ပုံစံ (၈) ၀င် ဖမ်းဆီးရမိသစ် ၄၆၁၅၃ တန်၊ ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်မှာ ၅၀၀၂၆ တန် စုစုပေါင်း ၉၆၁၇၉ တန် ရှိခဲ့ပါတယ်” လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။
တရားမ၀င် သစ်များ ရှာဖွေ ဖော်ထုတ် ဖမ်းဆီးရာမှာ ပြန်လည် ရန်ပြုတိုက်ခိုက်ခံ ရတာတွေ ရှိခဲ့တာကြောင့် ၂၀၀၂ ခုနှစ် ကနေ ၂၀၁၇ ခုနှစ် အတွင်း လက်ထောက် ညွှန်ကြားရေးမှူး အဆင့် သေဆုံး တစ်ဦးနဲ့ ဒဏ်ရာရ တစ်ဦး အပါအ၀င် စုစုပေါင်း ရှစ်ဦး သေဆုံးပြီး ၄၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၁၅ – ၁၆ ဘဏ္ဍာနှစ် အတွင်း သစ်ဖမ်းဆီး အမှုပေါင်း ၁၅၂၄၃ မှုမှာ ပြီးပြတ်တဲ့ အမှုပေါင်း ၁၃၉၅၇ မှု ရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပြီးပြတ် အမှုတွေကနေ ရရှိသည့် သစ်လုံးခွဲသားတန် ၃၄၂၂၁ တန်ဟာ တန်ဖိုးအားဖြင့် ကျပ် ၃ ဒသမ ၈၅၂၆ ဘီလျံ ရှိတယ်လို့ ၀န်ကြီးကဆိုပါတယ်။
၂၀၁၆ – ၁၇ အတွင်း ဖမ်းဆီးအမှု ၁၆၃၂၀ မှုမှာ ပြီးပြတ်အမှု ၁၅၁၆၆ မှု ရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပြီးပြတ် အမှုများမှ ရရှိသည့် သစ်လုံးခွဲသားတန် ၅၀၂၄၅ တန်ဟာ တန်ဖိုးအားဖြင့် ကျပ် ၅ ဒသမ ၃၁၅၈ ဘီလျံ ရှိကြောင်းဝန်ကြီးက ထပ်ပြောပါတယ်။
“၂၀၁၅ – ၁၆ မှာ အများဆုံး ဖမ်းဆီးရရှိ တာက ရှမ်းပြည်နယ် လွိုင်လင် ခရိုင်၊ ကွန်ဟိန်းမြို့ နယ်၊ ခိုလမ်ဒေသမှာ ကျွန်းသစ်လုံး ၁၇၄၈ လုံး၊ ပမာဏအားဖြင့် ၁၃၂၉ ဒသမ ၃၆၂ တန် ဖြစ်ပါတယ်၊ ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်မှာ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေသမှာ တရားမ၀င် စကားဝါ သစ်လုံး ၁၅၈၂ လုံး၊ ထင်းရှူး ၇၆၁၁ လုံး၊ တောင်ချယ်ရီ ၅၆ လုံး – စုစုပေါင်း သစ်လုံး ၉၂၉၄ လုံး၊ ပမာဏအားဖြင့် ၇၀၄၃ ဒသမ ၈၈၄ တန် အများဆုံး ဖမ်းဆီး ရရှိခဲ့ပါတယ်” လို့ သူကဆိုပါတယ်။
တရားမ၀င်သစ်များ ရှာဖွေ ဖော်ထုတ် ဖမ်းဆီးနိုင်ဖို့ သတင်းပေးသူကိုလည်း ဖမ်းမိသစ်တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်း၊ ဖမ်းဆီးတဲ့ အဖွဲ့ အစည်း လူပုဂ္ဂိုလ်ကို ၁၀ ရာခိုင်နှုန်း အဖြစ် ၂၀၁၇ မတ်လကုန်အထိ သတ်မှတ် ချီးမြှင့်ခဲ့တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ဧပြီလ ကနေစပြီး သတင်းပေးသူကို ဖမ်းမိ သစ် တန်ဖိုး၏ ၂၀ ရာခိုင်နှုန်း၊ ဖမ်းဆီးတဲ့ အဖွဲ့ အစည်း လူပုဂ္ဂိုလ်ကို ၃၀ ရာခိုင်နှုန်း တိုးမြှင့် ချီးမြှင့်လျက်ရှိကြောင်းလည်း သူကဆိုခဲ့ပါတယ်။
စိုင်းလမင်း