3:25 pm
(ရန်ကုန်၊ ဇူလိုင် ၁၁)
လယ်ယာစိုက်ပျိုးရေး ကဏ္ဍ အတွက် အထောက်အကူပြုဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Plant Protection Mobile Application ကို ယခင် Offline Version ကနေ Online Version အဖြစ်လည်း ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။
အဲ့ဒီ Mobile Application မှာ တရားဝင် မှတ်ပုံတင်ထားတဲ့ ပိုးသတ်ဆေးနဲ့ ကုမ္ပဏီတွေကို အလွယ်တကူ ကြည့်ရှုနိုင်မှာဖြစ်ပြီး ပိုးသတ်ဆေးကို အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေး နည်းလမ်းတွေကို ဖော်ပြထား မှာဖြစ်လို့ တောင်သူတွေ အတွက် အလွန် အသုံး ၀င်နိုင်မှာဖြစ်တယ်လို့ သီးနှံ ကာကွယ်ရေးဌာနက သိရပါတယ်။
စိုက်ပျိုးသီးနှံ တောင်သူများနဲ့ စိုက်ပျိုးရေး စိတ်ဝင်စားသူတွေ အတွက် ပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းရေး အတွက် အတိုင်းအတာ တစ်ခု အထိ အထောက်အကူပြုနိုင်မှာလည်းဖြစ်ပါတယ်။
Android Version 4.0 နဲ့ အထက် ဖုန်းတွေမှာ အသုံးပြုနိုင်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးရှိရုံးခွဲတွေ၊ သီးနှံကာကွယ်ရေးဌာနခွဲ ၀က်ဆိုက်ဖြစ်တဲ့ www.ppdmyanmar.org မှာ ရယူနိုင်မှာ ဖြစ်ပါတယ်။ မကြာခင်မှာတော့ Google Play Store မှာ Download ရရှိနိုင်ရေးအတွက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
Plant Protection Mobile Application Version 1.0 မှာ ဘက်စုံသီးနှံ ကာကွယ်ရေးနည်းလမ်းများ၊ သီးနှံ ၂၅ မျိုးစိုက်ပျိုးနည်း၊ အင်းဆက် ပိုးမွှား ၁၈၇ မျိုး၊ အပင်ရောဂါ ၁၃၇ မျိုး၊ ပေါင်း ၃၀ မျိုး၊ ကြွက် ၁၂ မျိုး၊ ရွှေခရု ၁ မျိုး ၊ တို့အကြောင်းများအပြင် ပိုးသတ်ဆေး နဲ့ ပတ်သက်တဲ့ အချက်လက်များ၊ အသုံးဝင် ၀က်ဆိုက်များ ပါဝင်မှာ ဖြစ်ပါတယ်။
ပိုးမွှား၊ ရောဂါ၊ ပေါင်း၊ ကြွက်များကို အမျိုးအစား ခွဲခြားနိုင်ပြီး ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို လည်းဖော်ပြ ပေးထားမှာဖြစ်ပြီး အသစ် ထွက်ရှိလာမယ့် Application မှာတော့ Online Version ဖြစ်တဲ့ အတွက် အချက်အလက်အသစ်တွေကို အမြဲ ရယူ ဖတ်ရှုလေ့ လာနိုင်မယ်လို့သိရပါတယ်။
မှူးအိမ်ဇော်