4:09 pm
“ဘီးကလေးကိုစီး၊ အချစ်ကလေးကို တင်ပြီး၊ ခေါ်သွားရတာလေ၊ အင်မတန်မှပျော်၊ စကြာဝဠာ အဆုံးအထိ နင်းရမလား၊ သိပ်မော သွားလား မောင်ရယ်တဲ့၊ အချစ်ကမေးတယ်၊ တကယ် တကယ် တကယ့် မောတော့မောတာပေါ့ ဒါပေမဲ့ မမောဘူး
(ရေး-စိုင်းခမ်းလိတ်၊ ဆို-စိုင်းထီးဆိုင်)
မန္တလေးသား တစ်ပိုင်းဖြစ်ခဲ့တဲ့ ရှမ်းတိုင်းရင်းသား တေးရေးဆရာ စိုင်းခမ်းလိတ် စက်ဘီးနဲ့ ပတ်သက်လို့ ရေးခဲ့တဲ့ သီချင်းလေး တစ်ပုဒ်ပါ။ သူတို့ကိုယ် သူတို့ `မန်းလေး´လို့ခေါ်တဲ့ မန္တလေးသား၊ မန္တလေးသူတွေက ဟိုးရှေးတုန်းကတည်း ကစက်ဘီးနဲ့ အကျွမ်းတ၀င် ရှိခဲ့ကြပါ တယ်။ ဂျင်ရစ်ခန်တို့ လက်ထက်က မွန်ဂိုတွေ မြင်း နဲ့ဖက်ပြီးမွေးခဲ့ ကြသလို မန္တလေးသားတွေ လည်းစက်ဘီး နဲ့ဖက်ပြီးမွေး လာကြတာ လို့တောင်မှ ပြောလို့ ရပါတယ်။ မန္တလေးမှာ ဆေးကျောင်းတက်ခဲ့တဲ့ စိုင်းခမ်းလိတ်တောင်မှ စက်ဘီးနဲ့ ပတ်သက်ရင် အမှတ် တရလေးတွေ ရှိခဲ့တာမို့ သိသလောက်ဆိုရင် စက်ဘီးသီချင်း နှစ်ပုဒ်ရေးခဲ့တာ ရေးပါတယ်။ `မောတော့မောတာပေါ့´ နဲ့ `ဘီးနံပတ် အိုကေ 01220 အယ်လ်´ (`မန်းလေး´သားတွေကစက်ဘီးကို `ဘီး´ (အသံထွက် ဘိန်း)လို့ ခေါ်ကြတယ်။)
ပြောချင်တာ ကတော့ ဟိုးတုန်းက စက်ဘီးတွေ လမ်းအပြည့် စီးခဲ့ကြတဲ့ မန္တလေးမှာ အခုတော့ ဆိုင်ကယ်တွေ နဲ့ ပြည့်နေတာ ကိုပြောချင်တာပါ။ ဒါကတော့ သူ့အကြောင်းနဲ့ သူပေါ့လေ။ ဆိုင်ကယ်တွေက ၀ယ်ရတာ လွယ်လာပြီ။ ဆိုင်ကယ်က စက်ဘီးထက် ပို လည်းမြန်၊ လူလည်း သက်သာတော့ ဆိုင်ကယ်ကို သုံးလာကြတော့တာပေါ့။
ရန်ကုန် မှာတော့ အခုဆိုရင် အခြေခံ လူတန်းစားတွေနဲ့ လူလတ် တန်းစားတွေ စက်ဘီး ပိုစီးလာကြတာ တွေ့ရပါတယ်။ ဒါကလည်း သူ့ အကြောင်း နဲ့သူပါပဲ။ ကားလမ်းတွေ ကပိတ်၊ တခြား အများသုံး သယ်ယူ ပို့ဆောင်ရေးတွေ က လည်းလောက်လောက် လားလား အားကိုးနိုင်စရာ မရှိသေး၊ ဆိုင်ကယ် ကိုလည်း သုံးခွင့် မရှိတော့ စက်ဘီး ဘက် လှည့်လာကြတာ ဖြစ်ပါလိမ့်မယ်။
တကယ်တော့ ဖွံ့ဖြိုးပြီး နိုင်ငံတွေ မှာလည်း စက်ဘီးကို သုံးနေကြ တာ တွေ့ပါတယ်။ အမေရိကန် နိုင်ငံ ရဲ့ မြို့တော် ဖြစ်တဲ့ ၀ါရွန် တန် ဒီစီမှာတောင်မှ လမ်းဘေး ပလက်ဖောင်းတွေပေါ်မှာ စက်ဘီးစီးနိုင်အောင် လုပ်ထားပြီး စက်ဘီးတွေနဲ့ သွားလာနေကြ တာတွေ့ ပါတယ်။ ဂျာမနီနိုင်ငံ မြို့တော်ဘာလင် မှာဆိုလည်း ရာသီဥတု သိပ်မအေးတဲ့ အချိန်ဆိုရင် စက်ဘီးပဲ အစီးများကြတယ်။ အရှေ့တိုင်း မှာတော့ စက်ဘီးအစီးဆုံး ဖွံ့ဖြိုးပြီး နိုင်ငံဟာ ဂျပန်ပဲဖြစ်မယ် ထင်တယ်။ နေရာတိုင်းမှာ စက်ဘီးတွေ ပြည့်နေတာပဲ။ ဂျပန်တွေ စက်ဘီး စီးလွန်းတော့ ဂျပန်ကျတစ်ပတ်ရစ် စက်ဘီးတွေ ထောင် နဲ့သောင်းနဲ့ချီပြီး ထိုင်းက တစ်ဆင့် မြန်မာနိုင်ငံထဲ ၀င်နေကြတာ တွေ့ပါတယ်။ ဂျပန် စက်ဘီးတွေက မာလည်း မာတာမို့ မြန်မာတွေက ကြိုက်ကြတယ်။ “တာယာတောင်မှ အတော်ခံတာမို့ ဒီဘီးဝယ်တာ တစ်နှစ်ကျော်ပြီ။ လေတောင်မှ ဂျပန်လေပဲ။ အခုထက်ထိ လေမထိုးရသေးဘူး´´ လို့ ကြွားတာလည်း ကြားရဖူးပါတယ်။ သြစတေးလျ မှာဆို လည်း ဆစ်ဒနီတို့၊ မဲဘုန်းတို့မှာ စက်ဘီး အတော် စီးကြတာတွေ တွေ့ရပါတယ်။
မဲလ်ဘုန်းမှာ ဘာတွေ့ခဲ့သလဲဆိုတော့ စက်ဘီးကို အကြွေးဝယ်ကတ် နဲ့ အလွယ်တကူ ငှားပြီးစီးလို့ရအောင် စီစဉ်ထားတာပါ။ လမ်းဘေး ကထောင်ထားတဲ့ စက်ဘီးစင်ကိုသွား၊ ကတ်ဖတ်စက် မှာကိုယ့်ရဲ့ အကြွေးဝယ် ကတ် ကိုထည့်ပြီး ဆွဲလိုက်တာ နဲ့ သော့ပွင့်ပြီး စက်ဘီးတစ် စီးကိုစီး သွားရုံပါပဲ။ ကိုယ်သွားချင်တဲ့ နေရာရောက်ရင် အနီးဆုံး စက်ဘီးစင်ကိုသွားကယ်ဖတ်စက် မှာနောက်တစ်ကြိမ် ကတ်ကို ဆွဲလိုက်တာနဲ့ ငှားခ ပိုက်ဆံဖြတ်ပြီး သားဖြစ်သွားလို့ အတော်ကို အဆင်ပြေတဲ့စနစ်ပါ။
မကြာခင်မှာ တရုတ်ပြည်ကို သွားတုန်း ကတော့ အဲဒီထက် ပိုကောင်း တဲ့ ပုံစံတစ်ခု ကိုတွေ့ခဲ့ပါတယ်။ အဲဒါကတော့ မိုဘိုင်းဖုန်း နဲ့ စက်ဘီး ငှားစီးတဲ့စနစ်ပါ။ အခုဆိုရင် ပေကျင်းမှာ လမ်းဘေး တလျောက် Mobike လို့ ရေးထားတဲ့ အ၀ါရောင်၊ ပန်းရောင် ချစ်စရာ စက်ဘီး ကလေးတွေ ထောင်ထား၊ လှဲထား တာတွေ့ ရပါတယ်။ Mobike ဆိုတာကတော့ Mobile နဲ့ Bike ပေါင်း ထားတာ ပါ။ အဲဒီ စက်ဘီးကိုတွေ့တဲ့နေရာမှာ ကိုယ့် မိုဘိုင်းဖုန်း နဲ့ စက်ဘီးသော့်ပေါ် ကလေးထောင့်ပုံ ကုန်သင်္ကေတ ကို စကင်ဖတ်ပြီး ဖွင့်လို့ ရပါတယ်။ စက်ဘီး ငှားတဲ့ အက်ပလီကေး ရှင်း တစ်ခုတော့ ကြိုပြီး ဒေါင်းလုတ် ဆွဲထားရတာပေါ့။ ပြီးရင်အဲဒီ ဘီးနဲ့ သွားချင်တဲ့နေရာ စီးသွား၊ ရောက်ရင် စက်ဘီးကို ဖုန်းနဲ့ စကင် တစ်ခါ ထပ် ဖတ်ပြီးသော့ ပိတ်လှဲချပြီးတော့ ထားခဲ့ရုံပဲ။ ငှားခကို ဖုန်းငွေဖြည့် စနစ် ကနေ ဖြတ်သွားတာပါ။ ငှားခကလည်း အတော် သက်သာပါတယ်။ တစ်နာရီစီးမှ တစ်ယွမ်ပဲ ကျတယ် လို့ ဆိုပါတယ်။ အဲတော့ ဘယ်သူမှ စက်ဘီး ၀ယ် မစီးတော့ ဘူး။ တော်ုံဆိုငှားပဲစီးကြတော့တယ်။
ပေကျင်းမှာဒါက စက်ဘီးတွေ တစ်ခါပြန်ပြီး ခေတ်စားလာတာပါ။ 1997 ခုနှစ်၊ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်က ပေကျင်းကို စပြီးရောက်ဖူးတော့ တစ်မြို့လုံး စက်ဘီးချည်းပါပဲ။ ကားရယ်လို့ လမ်းပေါ်မှာ များများစားစား မရှိသေးပါဘူး။ အဲဒီတုန်း ကတော့ အများစု ကဆေးပြယ်ပြီး သံချေးရောင် လိုက်နေတဲ့ ဘီးတွေများပါတယ်။ ဒီလိုပဲလမ်းဘေးမှာ လှဲထားခဲ့ကြတာပဲ။ ခိုးမယ့်သူ၊ မသွားမယ့် သူလည်း မရှိပါ ဘူး။ နောက်တော့လည်း ဆယ်နှစ်လောက် အတွင်း ကားတွေ များလာလိုက်တာ ပုရွတ်ဆိပ်တွေ အုံထဲက ထွက်လာသ လိုပဲ။ နိုင်ငံခြား ကား ကုမ္ပဏီတွေနဲ့ ဖက်စပ်ထုတ် တော့ နိုင်ငံပေါင်းစုံက တံဆိပ်ပေါင်းစုံကို တရုတ်စာတွေ နဲ့ရောပြီး တရုတ်လုပ် ကားသစ်တွေ လမ်းပေါ် မှာ ပြည့်ကြပ်ကုန်ပါတယ်။ 2000ပြည့်နှစ်မှာ ကားစီးရေ 2သန်းပဲ ရှိတဲ့ တရုတ်ပြည်ဟာ 2010 ပြည့်နှစ်မှာ ကားစီးရေ 18 သန်း ဖြစ်လာခဲ့ပါတယ်။ လူတွေကလည်း ချမ်းသာလာတော့ အကုန်ကားဝယ်စီး ကြရင်း လမ်းပိတ်ဆို့မှုတွေ အကြီး အကျယ်ဖြစ်တော့ တာပါပဲ။ မြို့ပတ်လမ်းတွေ သုံးထပ်လောက် လုပ်တာလည်း နိုင်အောင် မရှင်းနိုင်ပါဘူး။ မြေအောက် ရထားလမ်းတွေ လည်းဖောက် တာပါပဲ။ ဒါပေမဲ့ လူဦးရေ 22သန်းရှိပြီး ကားစီးရေ 6 သန်းရှိတဲ့ ပေကျင်း မြို့တော်ကြီးက တစ်မြို့တည်းတွင် တစ်နိုင်ငံစာ ထက် ကား ပိုများနေတာမို့ ကြည်သည်ထက် ကြပ်လာနေပါတယ်။ မော်တော်ကားတွေကိုစုံ နံပတ်နဲ့ မနံပတ် တစ်ရက်စီခွဲ ပြီးမောင်းခွင့်ပြုဖို့ ကြံစည် ခဲ့ပါသေးတယ်။ လူတွေဝိုင်း ကန့်ကွက်ကြလို့ မအောင်မြင်ခဲ့ပါဘူး။
အခုတော့ ဒီစက်ဘီးအငှား လုပ်ငန်းက နောက်ထပ် ကြိုးစားမှုတစ်ခုပေါ့လေ။ စိတ်ကူးလေး မဆိုးပါဘူး။ စက်ဘီး ဆိုတော့ မီးခိုးမထွက်လို့ သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိန်းပြီးသား ဖြစ်တယ်။ လူတွေလည်း ကျန်းမာရေး အတွက် လေ့ကျင့်ခန်း ရတာပေါ့။ ငွေကြေး ကုန်ကျလည်း သက်သာသွားတယ်လေ။
ကျွန်တော်တို့ ရန်ကုန်မှာ လည်းဒီလို စနစ်လေး လုပ်ပေးရင် ကောင်းမယ် ထင်တာပဲ။ ပလက်ဖောင်းတွေ ကိုတော့ စက်ဘီးစီး လို့ရအောင် လုပ်ပေးဖို့လိုမှာပေါ့လေ။ ဒါမှမဟုတ် တိုကျိုတို့၊ ပေကျင်းတို့လို ပလက်ဖောင်းနဲ့ ကပ်လျက် လမ်းပေါ်မှာ သုံးလေးပေလောက် ကျယ်တဲ့ စက်ဘီးလမ်းတွေလးတွေ သံပန်းနဲ့ကာပြီး လုပ်ပေးလိုက်ရင် ရနိုင်ပါတယ်။ လမ်းပေါ် တက်ရောင်းတဲ့ လမ်းဘေးဈေး သည်တွေလည်းရှင်းပြီးသားဖြစ်သွားတာပေါ့။ မော်တာသေးသေးလေး နဲ့လည်တဲ့ လျှပ်စစ်ဘီး ကလေးတွေလောက် ကိုခွင့်ပြု လိုက်မယ် ဆိုရင် ဆင်ခြေဖုံးမြို့နယ် တွေကနေ ရန်ကုန်မြို့တွင်းကို ကိုယ့်စက်ဘီး နဲ့ကိုယ်လာမယ့်သူတွေ အများကြီး ဖြစ်လာမယ် ထင်ပါတယ်။ `ဘီးကလေးကိုစီး´ပြီး ကိုယ်သွားလိုရာကို စိတ်အေးချမ်းသာ သွားနိုင်ကြမယ် ဆိုရင် `မောတော့ မောတာပေါ့၊ ဒါပေမဲ့ မမောဘူး´ပေါ့ဗျာ။
ကိုကိုလှိုင်