2:25 pm

ရှမ်းပြည်နယ်မှာ ရွာစဉ်တလျှောက် ဈေးနေ့လေးတွေ နဲ့ ဒေသထွက်တွေ ဖလှယ်တဲ့ ရောင်းဝယ်မှု ထွန်းကားခဲ့တာ ကြာပါပြီ။ ခုထိလည်း အဲဒီ ချစ်စရာ ဈေးနေ့လေးတွေဟာ ရိုးရှင်းစွာ ရင်ခုန်သံ မှန်နေဆဲပါပဲ။ ဒီတခါ ပုံတွေကတော့ ပအိုဝ်ရွာ “နားဘောင်” ရဲ့ ဈေးနေ့ပုံလေးတွေပါ။
တောင်ကြီး မြို့ကနေ ကက္ကူဘုရား သွားတဲ့ လမ်းအတိုင်း လာခဲ့ရင်တောင်ကြီး နဲ့၉မိုင်အကွာ မှာနားဘောင် ဆိုတဲ့ ပအိုဝ်းရွာလေး ကိုရောက်ပါတယ်။ အဲ့ဒီ ရွာလေး ရဲ့ ၅ရက် တဈေးကို မှတ်တမ်း တင်ခဲ့ပါတယ်။ ဒီဈေးကို ၁၉၅၈လောက် က တည်ခဲ့တယ် လို့ သိရပါတယ်။ ဈေးဆိုင်ခန်းတွေကို ဘယ်သူ့ကိုမှ အပိုင်မရောင်းပါ။ တဆင့်ရောင်းရင်လည်း ပြန်ယူပြီး ရောင်းသူ ကိုငွေနဲ့ကြိမ် ဒဏ်ပေး ပါတယ်။
ဈေး မှာနွားပွဲဈေးလည်း ပါပါတယ် ။ရောင်းချမည့်နွားတွေကို တစ်နေ့ကြိုသယ် လာကြပါတယ် ။နွားတွေက အကောင် တစ်ရာမက ရှိမယ်ထင်ပါတယ် ။ရောင်းသူဝယ်သူတွေ ကဈေး မှာဖွင့်ထားတဲ့ တို့ဟူးသုပ်ဆိုင်၊ အမဲစွတ်ပြုတ်၊ ဝက်စွတ်ပြုတ် ဆိုင်တွေမှာ ထမင်းစားကြပါတယ်။ ထမင်းစားရင်း ယမကာလေး မှီဝဲကြတာပေါ့။ အေးပြီး လေတိုက်တာကိုး။ ဈေးခေါင်းကြီး ရဲ့ဆိုင်မှာ ထိုင်ပြီး အမဲခြေထောက်ပြုတ်၊ အမဲအူပြုတ်၊ ဝက်နံရိုးပြုတ် တို့မှာပြီးမြည်းစမ်း ကြည့်ခဲ့ပါတယ်။ အမဲခြေထောက် ကို ဇီးဖြူသီးခြောက် နဲ့နူး အိနေအောင်ပြုတ် ထားတာပါ။ ဆိုင်တိုင်း မှာပြည်တွင်းဖြစ် အရက်မျိုးစုံ နဲ့ခေါင်ရည် လည်းရောင်းကြပါတယ်။
နွားရောင်း လာရင်း အပျင်းပြေ ကြက်တိုက်ကြတယ် ။လောင်းကစား လုပ်လို့မရပါ။ ဈေးထဲမှာလည်း ချောင်းက ဖမ်းလာတဲ့ချောင်း ငါးလေးတွေ (ငါးခူ ငါးရံ့ငါးဖိန်း၊ ခရုနဲ့ ငါးသေးသေးလေးတွေ) အရှင်လတ်လတ် ကိုနှီးနဲ့ တွဲထားပါတယ်။ ငါးဖယ်တွေလည်း ပါပါတယ်။ လတ်ဆတ်ချက် ကတော့ပြောစရာ မလိုပါ။ အမဲခေါက်ပြုတ်တွေ လည်းရောင်းပါတယ်။ အေးချမ်းပြီး ပျော်စရာပါ။ ဒီကိုဈေး လာသုံးကြပါ ရှင့်။ ဈေးဝယ် တာ ကိုဒေသစကား ဈေးသုံးတယ်လို့ ပြောကြပါတယ်။ နားဘောင်က ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတဲ့ဒေသပါ။
Photo – Aunty Colleen