ထိုင်းနိုင်ငံရှိ တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းဆီး အရေးယူခြင်း ဆိုင်းငံ့ကာလ ၄ လ မှ ၆ လထိ တိုးမြှင့်

ထိုင်းနိုင်ငံရှိ တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းဆီး အရေးယူခြင်း ဆိုင်းငံ့ကာလ ၄ လ မှ ၆ လထိ တိုးမြှင့်
July 5, 2017 Asian Fame

11:51 am
ထိုင်းနိုင်ငံရှိ တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းဆီး အရေးယူခြင်း ဆိုင်းငံ့ကာလ ၄ လ မှ ၆ လထိ တိုးမြှင့်

MaeSot(ရန်ကုန် ၊ ဇူလိုင် ၅)

ထိုင်းနိုင်ငံထဲက တရားမ၀င်နိုင်ငံခြားသား တွေကို ဖမ်းဆီး အရေးယူမယ့် ဥပဒေပါ ပုဒ်မ လေးခုကို မူလက ၄ လဆိုင်းငံ့ပေးရာ ကနေ ၆ လထိ တိုးမြှင့် ဆိုင်းငံ့ပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံရောက် တရားမ၀င် အလုပ်သမားတွေကို ဖမ်းဆီးနှိမ်နှင်းဖို့ အတွက် ဇွန် ၂၂ ရက်က ထုတ်ပြန်ပြီး ဇွန် ၂၃ မှာ စတင် ကျင့်သုံးခဲ့တဲ့ အလုပ်သမား ဥပဒေပါ ပုဒ်မ ၄ ခုကို ၆ လကြာ ဆိုင်းငံ့ထားမယ့် အကြောင်း ထိုင်းစစ်ကောင်စီ အစိုးရက ဇူလိုင် ၄ ရက်နေ့ နေ့စွဲ နဲ့ ထုတ်ပြန်ကြေညာ ခဲ့တယ်လို့ ထိုင်းအခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် ဥက္ကဌ ဦးစိန်ဌေး က ပြောပါ တယ်။

“အဓိပ္ပါယ်က ဥပဒေ တစ်ခုလုံးကို ဆိုင်းငံ့တာမဟုတ်ဘူး။ ဥပဒေထဲမှာ အလုပ်ရှင် နဲ့အလုပ်သမားကို အပြစ်ပေးတဲ့ ပုဒ်မ၄ခုကိုပဲ ဆိုင်းငံ့ တာပါ.. ပထမ ၄လဆိုင်းငံ့တယ်..မနေ့က အမိန့်စာ အသစ်မှာ ၆လထိ ဆိုင်းငံ့တယ်။ အဲ့ဒီပုဒ်မ ၄ခုကိုပေါ့” လို့ သူကဆိုပါတယ်။

ဇူလိုင် ၄ ရက်နေ့ ထိုင်းနိုင်ငံ တည်ငြိမ်အေးချမ်းရေး အဖွဲ့ ခေါ် စစ်ကောင်စီ အစိုးရရဲ့ အစည်းအဝေး အပြီး ခုလို ဆုံးဖြတ်လိုက်တာလို့ လည်းသိရပါတယ်။

ဒီပုဒ်မလေး ခုကတော့ တရားမ၀င်အလုပ်သမားအပေါ် အရေးယူခြင်းဆိုင်ရာ ပုဒ်မ ၁၀၁ ၊ ခွင့်ပြုချက် မရှိတဲ့ လုပ်ငန်းတွေမှာ အလုပ် သမားကို ခိုင်းစေတဲ့ အလုပ်ရှင်များအပေါ် အရေးယူခြင်းဆိုင်ရာ ပုဒ်မ ၁၀၂ ၊ အထောက်အထား မရှိတဲ့သူတွေကို လက်ခံထားခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၂ ၊ ဌာနဆိုင်ရာကိုစာနဲ့ အကြောင်းကြားခြင်းမရှိဘဲ လုပ်ငန်းလုပ်ကိုင်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၁၉ တို့ ဖြစ်ကြောင်း သိရပါတယ်။

ဆိုင်းငံ့ကာလ ကတော့ လာမယ့် ၂၀၁၈ ဇန်န၀ါရီလ ၁ ရက်နေ့ထိ ဖြစ်ပါတယ်။

“မူလက ၄ လဆိုင်းငံ့ ထားတာကနေ ထပ်တိုးပေးတယ် လို့လည်းပြောလို့ရပါတယ်။ ဒီကြားကာလ ထဲမှာလည်း ဒီဥပဒေ နဲ့ပတ်သက်ပြီး ဘက်ပေါင်းစုံကအမြင်တွေကို စုဆောင်းပြီး သင့်တော်သလို ပြင်ဆင်ဖို့ အမိန့်ပေးထားတယ်” လို့ ဦးစိန်ဌေးက ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အဲ့ဒီဥပဒေကို ဇွန် ၂၃ ရက်နေ့ ထုတ်ပြန်ပြီး နောက်ပိုင်း မြန်မာနိုင်ငံထဲကို ပြန်လာတဲ့ အလုပ်သမား အရေအတွက်ဟာ ဆိုရင် ဒီကနေ့ထိ ဆိုရင် ၂ သောင်းကျော်ရှိနေပြီလို့ သိရပါတယ်။

ရဲလွင်
Photo- Labour Hittai
ပုံစာ- မယ်ဆောက်မှတဆင့်မြန်မာပြည်ပြန်လာသော အလုပ်သမားများ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*