မြန်မာ-ထိုင်း G to G စနစ်ဖြင့် အလုပ်သမားလွှတ်ရန် မူအားဖြင့်သဘောတူ

မြန်မာ-ထိုင်း G to G စနစ်ဖြင့် အလုပ်သမားလွှတ်ရန် မူအားဖြင့်သဘောတူ
July 3, 2017 Asian Fame

12:31 pm
မြန်မာ-ထိုင်း G to G စနစ်ဖြင့် အလုပ်သမားလွှတ်ရန် မူအားဖြင့်သဘောတူ

Thai(ရန်ကုန်၊ ဇူလိုင် ၃)

မြန်မာနဲ့ ထိုင်းကြား အစိုးရခြင်း အလုပ်သမား ပို့ဆောင်တဲ့ စနစ် G to G ဆောင်ရွက်ဖို့ နှစ်ဖက် မူအားဖြင့် သဘောတူ လိုက်ပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့ မှာပြုလုပ်ခဲ့တဲ့ မြန်မာ-ထိုင်း အလုပ်သမားကဏ္ဍ နဲ့ ပတ်သတ်ပြီး ဆွေးနွေးပွဲမှာ အခုကိစ္စ ကိုဆွေးနွေးခဲ့ ကြတာပါ။

လက်ရှိဆိုရင် မြန်မာကနေ ထိုင်းကို အလုပ်သမား ပို့တဲ့ အပိုင်းတွေမှာ MOU စနစ်နဲ့အေဂျင်စီကနေတစ်ဆင့်ပို့နေတာဖြစ်ပါတယ်။

ဒါပေမဲ့ မကြာခင်မှာ အစိုးရခြင်း G to G ပို့ဆောင်ဖို့ နှစ်ဖက်မူအားဖြင့် သဘောတူပြီး ဒီလုပ်ငန်းစဉ်တွေ အမြန်ဆုံးဆောင်ရွက်ဖို့ သဘောတူ ထားတယ်လို့ အလုပ်သမားနဲ့လ၀က ၀န်ကြီးဌာန က အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပေါ်ပြူလာနယူးစ် ကိုပြောပါတယ်။

“အေဂျင်စီကနေ သွားတာလည်း တစ်ပိုင်း။ G to G သွားတာလည်း တစ်ပိုင်း ဒီလိုသွားမှာပါ။ အစိုးရပရောဂျက် အတွက်ခေါ် တာမျိုးတွေမှာဆိုရင် G to G သွားမှာ။ အဲ့လိုပုံစံတွေပါ” လို့ အဆိုပါတာဝန်ရှိသူ ကဆိုပါတယ်။

ဒီအတွက် နှစ်ဖက် အစိုးရ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ Working Group ကို မကြာခင်မှာ ဖွဲ့စည်းတော့မှာဖြစ်တယ် လို့လည်း သိရပါတယ်။

“ဥပမာ G to G နဲ့ဆောက်လုပ်ရေး ကဏ္ဍကနေခေါ်မယ် ဆိုရင် ဒီ Working Group မှာ ဆွေးနွေးမယ်။ ဘယ်လို ခေါ်မယ်။ ဘယ်လို လုပ်မယ် ဆိုတာမျိုး အကျေအလည်ဆွေးနွေးပြီးမှ G to G လွှတ်မယ် ” လို့ သူကဆက်ပြောပါတယ်။

မြန်မာနိုင်ငံ ကနေ ပြည်ပကို အလုပ်သွားရောက် လုပ်ကိုင်တဲ့နိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံဟာ အများဆုံး သွားရောက် လုပ်ကိုင်တဲ့နိုင်ငံ တစ်ခု လည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်းကို MOU စနစ်နဲ့ အလုပ်သမား လွှတ်နေပြီး အေဂျင်စီတွေ ထဲမှာလည်း ထိုင်းကို အလုပ်သမား ပို့တဲ့အေဂျင်စီ အရေးအတွက် ဟာအများဆုံး ဖြစ်ပါတယ်။

လက်ရှိ မလေးရှားနိုင်ငံကို အလုပ်သမားပို့ခွင့် ပိတ်ထားတဲ့အတွက် ထိုင်းနိုင်ငံဟာ အေဂျင်စီတွေ ရဲ့တစ်ခုတည်းသော ထွက်ပေါက် ဈေး ကွက်ဖြစ်နေတယ် လို့လည်း ပြောကြပါတယ်။

ဒါပေမဲ့ လက်ရှိ ထိုင်းနိင်ငံမှာ နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေး ဆိုင်ရာ ဥပဒေ ကြောင့် အထောက်အထား မဲ့မြန်မာ လုပ်သားတွေ ပြည်တော်ပြန်နေချိန် လည်းဖြစ်နေပါတယ်။

ရဲလွင်
Photo- အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*