ရန်ကုန်၏ ရေကြီးရေလျှံမှုနှင့် ငလျှင်ဒဏ်ခံနိုင်ရေးရှိစေရန် ကမ္ဘာ့ဘဏ်ကူညီမည်

ရန်ကုန်၏ ရေကြီးရေလျှံမှုနှင့် ငလျှင်ဒဏ်ခံနိုင်ရေးရှိစေရန် ကမ္ဘာ့ဘဏ်ကူညီမည်
June 19, 2017 Asian Fame

11:19 am
ရန်ကုန်၏ ရေကြီးရေလျှံမှုနှင့် ငလျှင်ဒဏ်ခံနိုင်ရေးရှိစေရန် ကမ္ဘာ့ဘဏ်ကူညီမည်

192

ရန်ကုန်၊ ဇွန် ၁၉

ရန်ကုန်မြို့တွင် ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများကို လျှော့ချနိုင်ရေးနှင့် အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အဦများ ငလျင်ဒဏ်မှ ခံနိုင်ရည်ရှိစေရေးအတွက် ကမ္ဘာ့ဘဏ်က ငွေကြေးကူညီပေးမည်ဖြစ်သည်။

ရန်ကုန်မြို့အပါအ၀င် နိုင်ငံတစ်ဝှမ်း အရေးပေါ်အခြေအနေများ တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများ အတွက် ငွေကြေး ထောက်ပံ့မှု စီမံခန့်ခွဲရာတွင် ပြည်ထောင်စု အစိုးရ၏ စွမ်းဆောင်ရည် မြင့်တက်စေရေး လုပ်ငန်းများအား အမေရိကန်ဒေါ်လာ ၁၁၆ သန်း အသုံးပြု ဆောင်ရွက်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် သဘာဝ ဘေးဒဏ်များကြောင့် အမေရိကန်ဒေါ်လာ ၁၈၄ သန်းခန့်နှစ်စဉ် ဆုံးရှုံးလျက်ရှိနေပြီး အထူးသဖြင့် ဆင်းရဲနွမ်းပါးသည့် ပြည်သူများက ပိုမို ထိခိုက် ခံစားရလေ့ရှိသည်။

“ဆင်းရဲနွမ်းပါးမှုလျော့ချရေး ဆောင်ရွက်မှုမှာ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို စီမံခန့်ခွဲနိုင်ဖို့က အင်မတန် အရေးကြီးပါတယ်၊၊ သဘာဝဘေးတွေ ဖြစ်ပွားပေါ်ပေါက်တဲ့အခါ ဆင်းရဲနွမ်းပါးတဲ့ အခြေခံ လူတန်းစားတွေ အနေနဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးကြရသလို တစ်ဖက်မှာလည်း စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် သူတို့တစ်တွေက အများဆုံးထိခိုက်ခံစားရပါတယ်၊၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အသီးအပွင့်တွေ ဆက်လက် စည်ပင်နိုင်ဖို့အတွက် သဘာဝဘေးအန္တရာယ်ကြောင့် ကြုံတွေ့နိုင်တဲ့ လူအသေအပျောက်၊ စီးပွားရေးထိခိုက်မှုနဲ့ ငွေကြေးဆုံးရှုံးနစ်နာရမှုတွေ လျော့ချရေး ကြိုးပမ်းဆောင်ရွက်ချက်တွေမှာ မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ် အနေနဲ့ ပံ့ပိုးကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။” ဟု မြန်မာနိုင်ငံဆိုရာ ကမ္ဘာ့ ဘဏ်ရုံး၏ ဌာနေကိုယ်စားလှယ် Abdoulaye Seck မှ ပြောသည်။

ယခု စီမံကိန်းအား နိုင်ငံတကာ အလှူရှင်များစွာပါဝင်သည့် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် အာမခံ- ရန်ပုံငွေ (SEADRIF) မှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ တစ်သန်း ပူးတွဲထည့်ဝင်ထားသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ငွေကြေး ထောက်ပံ့မှု စီမံခန့်ခွဲရာတွင် ပိုမိုတိုးတက်ကောင်းမွန်လာစေရန်၊ ပြည်သူများအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝဘေးဒဏ်မှ ခံနိုင်ရည် ရှိစေရေးကို ထည့်သွင်း စဉ်စား ဆောင်ရွက်နိုင်ရန်၊ နောင်တွင် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကြောင့် ငွေကြေးဆုံးရှုံးမှုများ လျှော့နည်းစေရန်၊ သဘာဝဘေးအန္တရာယ်များအား တုန့်ပြန်ဆောင်ရွက်ရာတွင် ငွေကြေးထောက်ပံ့မှုနှင့် စီမံခန့်ခွဲမှုစွမ်းရည် မြင့်တက်လာစေရန် အထောက်အကူပြုမည့်စီမံကိန်းဖြစ်ကြောင်းလည်းသိရသည်။

“ရန်ကုန်မြို့ဟာ ရေကြီးရေလျှံမှု၊ ငလျင်စတဲ့ သဘာဝ ဘေးအန္တရာယ်တွေကျရောက်နိုင်တဲ့ အနေအထားမှာ တည်ရှိနေပါတယ်။ ယခု စီမံကိန်းက ရန်ကုန်မြို့ရဲ့ ရေစီးရေလာစနစ်၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဆောက်အဦတွေနဲ့ အရေးကြီးတဲ့ အခြေခံ အဆောက်အဦတွေအတွက် ငွေကြေးသုံးစွဲ ဆောင်ရွက်သွားမှာဖြစ်ပြီး ရန်ကုန်မြို့နေပြည်သူတွေအတွက် အရည်အသွေး ပြည့်ဝတဲ့ အခြေခံအဆောက်အဦတွေနဲ့ ဝန်ဆောင်မှုတွေ ပေးအပ်သွားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ မိမိတို့ရဲ့ ရည်မှန်းချက် ရောက်ရှိအောင် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်၊၊

လက်ရှိတွင် မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်အတွင်း ဆိုးရွားစွာကြုံတွေ့ ခံစားခဲ့ရသည့် ရေကြီးရေလျှံမှုများကြောင့် ဖြစ်ပေါ်ခံစားခဲ့ရသည့် ဒေသများ၊ ရပ်ရွာများ ပြန်လည်ထူထောင်ရေးအတွက် ရေကြီးရေလျှံမှုနှင့် မြေပြိုမှု အရေးပေါ်ပြန်လည်ထူထောင်ရေးစီမံကိန်း ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

HEZ
ဓါတ်ပုံ – မေသူကျော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*