3:19 pm
(ရန်ကုန် ၊ ဇွန် ၁၂)
ဗဟန်းမြို့နယ်က ဆာဘိုးသာခြံ အတွင်း နေထိုင် သူများကို သက်ဆိုင်ရာ အစိုးရက ကျူးကျော်ဟု သတ်မှတ်ပြီး စမတ်ကတ် ထုတ်ပေးနေမူကို လက် မခံကြသောကြောင့် ယင်းခြံအတွင်းနေထိုင်သူ အချို့က သွားမထုတ်ကြကြောင်း သိရသည်။
အဆိုပါ ခြံသည် ဗဟန်းမြို့နယ် ဦးဘိုးသာလမ်းတွင် တည်ရှိပြီး ယင်းခြံ တွင်း နေထိုင်သူ အချို့သည် နှစ်ပေါင်း ၆၀ နီးပါး နေထိုင်ခဲ့ သူများဖြစ်ကြောင်း ဒေါ်ခင်စိန်က ပြောသည်။
“ကျွန်မတို့နေလာတာ အင်္ဂလိပ်ခေတ် လက်ထက်တည်းကပါ။ ကျွန်မတို့က ကျူး မဟုတ်ကြပါဘူး။ သူဌေးခြံမှာ နေတာဖြစ်ပါတယ်။ သူဌေး က ပေးထားတာ ဖြစ်ပါတယ်။ ကျူးလို့  သတ်မှတ်ပေးလို့မရဘူး။ ဒီကတ်တွေကို သွားထုတ်လိုက်ရင် ကျွန်မတို့က ကျူးတွေဖြစ် သွားမှာပေါ့။ ဒါကြောင့် သွားမထုတ်ကြတာ ဖြစ်ပါတယ်။” ဟု ၎င်းက ပြောသည်။
အလားတူ ဆာဘိုးသာခြံ ဥယျာဉ်လမ်းတွင် နေထိုင်သူ ဒေါ်ခင်စန်းဝင်းက ” ဒီစမတ်ကတ်က ဘာမှန်းမသိဘူး။ ဒါကြောင့် မထုတ်ရဲဘူး။ ကျွန်မ အနေနဲ့ ကတော့ နေရာဖယ်ပေး ဆိုလည်း ရပါတယ်။ နေရာလေးတော့ ပြန်ပေးပေါ့။ လျော်ကြေး ဆိုရင်လည်း ထိုက်သင့် တဲ့လျော်ကြေး ကို ပေးသင့်ပါတယ်။ နေလာတာ နှစ်ပေါင်း ၃၀ ကျော်ပြီး ဖြစ်ပါတယ်။” ဟု ပြောသည်။
လက်ရှိ အချိန်ထိ ခြံပိုင်ရှင် သူဌေးသည် ခြံအတွင်းနေထိုင် သူများကို ယင်းကိစ္စနှင့် ပတ်သတ်၍ တစ်စုံတစ်ရာ မျှပြောကြားခြင်း မရှိသေးကြောင်း ဒေါ်အေသီ က ပြောသည်။
ဝေရှိုင်းကျော်