လွှတ်တော်ထိ အဆိုတင်မှုရှိနေပြီ…. ရှမ်းပြည်နယ်အတွင်းကဘတ်ဂျက်ခွဲဝေမှု မျှတမှုမရှိဘူးလား……

လွှတ်တော်ထိ အဆိုတင်မှုရှိနေပြီ…. ရှမ်းပြည်နယ်အတွင်းကဘတ်ဂျက်ခွဲဝေမှု မျှတမှုမရှိဘူးလား……
June 10, 2017 Asian Fame

1:56 pm
လွှတ်တော်ထိ အဆိုတင်မှုရှိနေပြီ…. ရှမ်းပြည်နယ်အတွင်းကဘတ်ဂျက်ခွဲဝေမှု မျှတမှုမရှိဘူးလား……

ရှမ်း၊ ဇွန် (၁၀)

ရှမ်းပြည်နယ်အတွင်းက မြို့နယ်အသီးသီးကို ပြည်နယ်အစိုးရက ဘတ်ဂျက်ခွဲဝေရာမှာ မျှတမှုမရှိဘူးဆိုတဲ့ထင်မြင်ချက်နဲ့ တင်တဲ့မူဘောင်အဆိုတစ်ခု ရှိနေပါတယ်။

ဒီအဆိုကို ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး (ဇွန် ၆) မှာ ကျောက်မဲမြို့နယ် အမှတ်(၂) SNLD ပါတီက ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းထွန်းဥာဏ် က တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဇွန် ၈ ရက်မှာတော့ ဒီအဆိုကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။

“အစိုးရ ငွေလုံးငွေရင်း၊ ရင်းနှီးမြှုပ်နှံမှု ၊ ဘတ်ဂျတ် မြို့နယ်အလိုက် ခွဲဝေခြင်းဆိုင်ရာ မူဘောင်” လို့ ခေါင်းစဉ်တပ်တဲ့ ဒီမူဘောင် ကိုတင်သွင်းရတဲ့အကြောင်းအရင်းကတော့ ရှမ်းပြည်နယ်အတွင်းက မြို့နယ်တွေကို ဘတ်ဂျက်ခွဲဝေပေးရာမှာ မျှတမှုမရှိဘူး ၊ ၀န်ကြီးတွေရှိတဲ့ မြို့နယ် ကပိုရတယ် ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေက ပိုရတယ် ဆိုတဲ့ သံသယတွေ အပေါ် အခြေခံပြီးဖြစ်လာတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သတ်ပြီး အဆိုကိုတင်သွင်းခဲ့တဲ့ SNLD ပါတီက ကျေးသီးမြို့နယ် ပြည်နယ်အမတ် ဦးစိုင်းခမ်းပိုင်ဖ (ခ) ဦးခင်မောင်ညွန့် က “ကျွန်တော်တို့ပါတီကပဲတင်တာပေါ့ဗျာ။ တင်တဲ့သူကတော့ ဘတ်ဂျက်ခွဲဝေရာမှာ မျှတမှုမရှိဘူးဆိုတဲ့ သဘောနဲ့ပေါ့နော်။ ဒီအဆိုအပေါ်မှာလည်း အမတ် လေးယောက်က ထောက်ခံဆွေးနွေးခဲ့ပါတယ်” လို့ ဆိုပါတယ်။

SNLD အမတ် ဦးစိုင်းထွန်းဥာဏ် က အဆိုတင်သွင်းရာမှာ ပြည်နယ်ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဘတ်ဂျတ်ရဲ့ ၃၀% ကို မြို့နယ်အလိုက် ညီမျှစွာခွဲဝေပေးဖို့ ၊နောက်ထပ် ၃၀% ကို မြို့နယ်တွေရဲ့ အရွယ်အစား အကြီးအသေးအလိုက် ပေါ်မူတည်ပြီးခွဲဝေပေးဖို့ ၊ နောက်ဆုံးကျန်တဲ့ ၄၀% ကို ဖွံ့ဖြိုးမှု GDP နဲ့ တိုင်းတာပြီးတော့မှ ပေးဖို့ ဆိုပြီး တင်ပြပါတယ်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြန်လည်ရှင်းလင်းရာမှာ ခရိုင်အလိုက်/ မြို့နယ်အလိုက် ပြန်ခွဲတဲ့အခါ မမျှတတာ သိပ်မရှိကြောင်းနဲ့ အခုလို ၃၀% / ၃၀% / ၄၀ % ခွဲဖို့ဆိုတာ မလွယ်ကူတဲ့အကြောင်း ပြောပါတယ်။

ရပ်စောက်မြို့နယ် ပြည်နယ်လွှတ်တော် NLD အမတ် ဦးခိုင်ညီညီကျော်က “ဒီအတိုင်းခွဲဖို့ဆိုတာ သိပ်မလွယ်ဘူး။ ဥပမာ ကျွန်တော့မြို့နယ်ဆိုရင်လည်း တစ်ခြားမြို့နယ်တွေထက် ဘတ်ဂျက်ရတာပိုနည်းတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ တင်သွင်းသူ ကိုလည်းမငြင်းရအောင် ၊ တစ်ဖက်ကနေလည်းအဆင်ပြေအောင် နောင်လာမယ့် ဘတ်ဂျက်ခွဲဝေမှုတွေမှာ မျှတအောင်ခွဲပေးမယ်လို့ ကတိက၀တ်လေးပေးလိုက်မယ်ဆိုရင် အဆင်ပြေသွားနိုင်တယ်လို့ထင်တယ်။ အခုကတော့ဒီကိစ္စက အဆိုတင်သူနဲ့ ပြည်နယ်အစိုးရကြားထဲမှာ နည်းနည်းလေး အတင်းဖြစ်သွားတာပေါ့နော်။ ပြည်နယ်အစိုးရဘက်ကလည်း ပြန်ရှင်းတဲံအခါ အဆိုရှင်လက်ခံနိုင်လောက်တဲ့ အထိလိုတာပေါ့နော်” လို့ မှတ်ချက်ပြုပါတယ်။

ဒီအငြင်းပွားဖွယ်ရာကိစ္စအပေါ် ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ပြန်ရှင်းရာမှာ လုပ်ထုံးလုပ်နည်းနဲ့ အညီဘတ်ဂျက်ခွဲဝေပေးကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဦးစိုင်းထွန်းဥာဏ် တင်တဲ့ ဒီမူဘောင် အဆိုကို ထောက်ခံသူ အမတ် ၄ ဦးလည်းရှိခဲ့ပါတယ်။

ဒီအထဲမှာ NLD အမတ် ၁ဦး ၊ SNLD အမတ် ၁ ဦး ၊ပြည်ခိုင်ဖြိုးအမတ် ၂ ဦး တို့ ပါဝင်နေပါတယ်။

ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းဆိုင်တစ်လုံ က “ဒီကိစ္စတွေကို အတည်မပြုခင်မှာ သက်ဆိုင်ရာ ဘဏ္ဍရေး ကော်မတီ နဲ့ ကျနော်တို့ရဲ့ အစိုးရအဖွဲ့ရဲ့ ဌာနဆိုင်ရာများနဲ့ အသေးစိတ် တိုင်ပင်ဆွေးနွေးဖို့ အရင်ဦးစွာလိုအပ်မယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ ဒါကြောင့် ရေးရာကော်မတီတွေနဲ့ ၊ အစိုးရ ဌာနဆိုင်ရာတွေနဲ့ အကျေအလည် ဆွေးနွေးပြီးမှ ဒီကိစ္စကို ဆောင်ရွက်သင့်ပါတယ်” လို့ လွှတ်တော်အစည်းအဝေးမှာပြန်လည်မှတ်ချက်ပြုပါတယ်။

ပြည်နယ်အစိုးရကပြန်လည်ရှင်းလင်းတာနဲ့ပတ်သတ်ပြီး SNLD ပါတီက ကျေးသီးမြို့နယ် ပြည်နယ်အမတ် ဦးစိုင်းခမ်းပိုင်ဖ (ခ) ဦးခင်မောင်ညွန့် က အခုလိုလည်းထပ်မံ မှတ်ချက်ပြုပါတယ်။

“တစ်ကယ်တန်း ဒီ ၃၀/၃၀/၄၀ ဆိုတာက မျှတဖို့ မလွယ်ဘူး။ ယေဘုယျကတော့ ကောင်းသလိုရှိတယ်။ ဒါပေမဲ့ မြို့နယ်အလိုက် /လူဦးရေအလိုက် တွေလည်းရှိသေးတယ်။ တစ်ချို့ဒေသတွေက ဖွဲ့ဖြိုးမှုနည်းတယ်။ တစ်ချို့ဒေသကဖွံ့ဖြိုးမှုနည်းတယ်။ ဒီလိုလည်းရှိသေးတယ်” လို့ သူကဆိုပါတယ်။

ပြည်နယ်အစိုးရနဲ့ အမတ်တွေကြား ညှိနှိုင်းလို့မရတဲ့အဆုံး လွှတ်တော်မှာ ဆန္ဒခံယူကြပါတယ်။ အဲ့ဒီနေ့က လွှတ်တော်မှာ အစည်းအဝေးတက်ရောက်ပြီး မဲပေးခွင့်ရှိသူ ၁၂၄ ဦးရှိခဲ့ပါတယ်။ မတ်တပ်ရပ်ဆန္ဒမဲခွဲဖို့ ဆုံးဖြတ်ပြီး ထောက်ခံသူတွေကို လွှတ်တော်ဥက္ကဌက မတ်တပ်ရပ်ခိုင်းရာမှာတော့ မူဘောင်အဆိုကို ထောက်ခံသူအနေနဲ့ မတ်တပ်ရပ်တဲ့ ကိုယ်စားလှယ် ၅၀ ရှိခဲ့ပါတယ်။

ဒါကြောင့် ထောက်ခံသူနည်းတယ်ဆိုပြီး တင်တဲ့မူဘောင်အဆိုကို မှတ်တမ်းအဖြစ်ထားရှိုဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီအပေါ်မှာ SNLD အမတ် ဦးစိုင်းခမ်းပိုင်ဖ (ခ) ဦးခင်မောင်ညွန့် က ဝေဖန်ထားပါတယ်။

“ဒီဖြစ်စဉ်တစ်ရပ်လုံးမှာကြည့်ရင် ဘယ်သူမှတော့မမှားဘူး။ လွှတ်တော်ဥက္ကဌ ဆုံးဖြတ်တာလည်းမမှားဘူး။ ဒါပေမဲံ့ပေါ့နော် မဲခွဲတဲ့အခါ ၅၀ ကမတ်တပ်ရပ်တယ်။ ကျန်တာမရပ်ဘူးဆိုတော့ မတ်တပ်မရပ်တဲ့အထဲမှာ ကြားနေလည်းပါမယ်။ မထောက်ခံတာလည်းပါမယ်။အဲ့တစ်ခုပါပဲ” လို့ သူကဆိုပါတယ်။

ရှမ်းပြည်နယ်ထဲမှာ ဆိုရင် မြို့နယ် ၅၅ မြို့နယ်ရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွေ လည်းပါဝင်နေပါတယ်။

ဘတ်ဂျက်ခွဲဝေမှုနဲ့ပတ်သတ်ပြီး သံသယဖြစ်ပွားနေတဲ့ အမတ်တွေကိုသံသယမရှိတော့အောင် ပြည်နယ်အစိုးရအနေနဲ့ ဆောင်ရွက်သင့်တယ်လို့ မှတ်ချက်ပြုမှုတွေလည်း ရှိနေပါတယ်။

ဒါပေမဲ့ တိကျသေချာတဲ့ စွပ်စွဲချက်မဟုတ်သလို တိကျသေချာတဲ့ဖြေရှင်းချက်တွေလည်းမဟုတ်ခဲ့တဲ့ ဒီဖြစ်စဉ်က လွှတ်တော်အစည်းအဝေးမှတ်တမ်းတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပြီဖြစ်ပါတယ်။

ရဲလွင်

Photo- ရှမ်းပြည်နယ်အစိုးရအဖွဲ့18951195_1908710556049182_4414550317205045354_n

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*