ငယ်ငယ်ကတည်းက မန္တလေးစာပေအသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့ရတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့ စာပေနဲ့ ပတ်သက်ရင် မစိမ်းဘူး. . .

ငယ်ငယ်ကတည်းက မန္တလေးစာပေအသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့ရတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့ စာပေနဲ့ ပတ်သက်ရင် မစိမ်းဘူး. . .
June 1, 2017 Asian Fame

11:57 am
ငယ်ငယ်ကတည်းက မန္တလေးစာပေအသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့ရတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့ စာပေနဲ့ ပတ်သက်ရင် မစိမ်းဘူး. . .

Eainsi Interview

ဆရာမ သော်တာအေးလဲ့၏ ပထမဆုံးဝတ္ထုရှည် လုံးချင်းစာအုပ် ဖြစ်သည့် ‘လရိပ်ပိုးမျှင်’ စာအုပ်ကို ကံကော်ဝတ်ရည်စာအုပ်တိုက်မှ မေလဆန်းပိုင်းတွင် ထုတ်ဝေလိုက် ပြီဖြစ်သည်။ ဆရာမသော်တာ အေးလဲ့သည် ဝတ္ထုတိုနှင့်ဆောင်းပါး များရေးသားနေရာမှ ဝတ္ထုရှည်ကို စတင်ရေးသားလာခြင်း ဖြစ်သည်။ ဆရာမ၏ ပထမဆုံးလုံးချင်းဝတ္ထု ရှည်နှင့်ပတ်သက်၍ စာရေးသူနှင့် တွေ့ဆုံမေးမြန်း ဖော်ပြပေးလိုက် ပါသည်။

စာရေးဆရာမ သော်တာအေးလဲ့ နှင့် တွေ့ဆုံခြင်း

ဆရာမအနေနဲ့ ဒီ ‘လရိပ်ပိုးမျှင်’ စာအုပ်ကို ဘယ်လိုစိတ်ကူးနဲ့ ရေးသားဖြစ်ခဲ့တယ်ဆိုတာကို ပြောပြပေးပါဦးရှင်။

ဒီစာအုပ်လေးကို ရေးဖြစ်တာက ကျွန်မက ၂ဝဝ၉ ခုနှစ်တုန်းက ကုလသမဂ္ဂအဖွဲ့အစည်းအောက်မှာ အလုပ်လုပ်တယ်။ လပွတ္တာ နာဂစ် ပြန်လည်ထူထောင်ရေး အဖွဲ့မှာလုပ်တာပါ။ အဲဒီတုန်းက တွေ့ကြုံလာခဲ့ရတဲ့ အတွေ့အကြုံ တွေကို အခြေတည်ပြီးတော့ မေတ္တာတရားကို ဘယ်လိုဖော်ကြူးရမလဲဆိုပြီး စဉ်းစားတဲ့အခါမှာ အဲဒီတုန်းကသွားပြီး အလုပ်လုပ်ခဲ့ရတဲ့အတွေ့အကြုံတွေကို မေတ္တာတရားနဲ့နွှယ်ပြီး ရေးဖြစ်သွားတာပါ။ ဒီစာအုပ်မှာပါတဲ့ ဇာတ်ကောင်တွေက အမျိုးသမီးဇာတ်ကောင် ၄ ဦးပါတယ်။ အဲဒီလေးယောက်မှာ ၂ ယောက်က မသန်စွမ်းဂေဟာ စွံ့အနားမကြားကျောင်းက ကျောင်းအုပ်ဆရာမကြီးရယ်။ နားမကြားတဲ့ မိန်းကလေးရယ်၊ NGO မှာအလုပ် လုပ်နေတဲ့ကောင်မလေးနှစ်ယောက်ရယ် ဒီလေးယောက်ကြားက မေတ္တာဘွဲ့ပါ။ ကောင်မလေးက အိမ်နဲ့စိတ်ဆိုးထွက်လာပြီး NGO အဖွဲ့ အစည်းရဲ့ နာဂစ်ပြန်လည်ထူ ထောင်ရေးမှာပါသွားတယ်။ အဲဒီ မှာ သူ့အထက်က အစ်မတစ် ယောက်နဲ့ တွေ့တယ်။ အဲဒီအစ်မ ကသူ့ကို မေတ္တာအရမ်းထားတယ်။ နောက်ပိုင်းမှာအကြောင်းတစ်စုံ တစ်ရာကြောင့် သူတို့နှစ်ယောက် ဝေးသွားကြတယ်။ အဲဒီနောက်မှာ နားမကြားကျောင်းက ကောင်မလေးနဲ့တွေ့တယ်။ ဒီကောင်မလေးကိုမြင်တိုင်းမြင်တိုင်း အဲ့ဒီကောင်မလေးအပေါ်မှာ ကရုဏာဖြစ်မိတိုင်း မေတ္တာထားမိတိုင်း သူ့ကိုမေတ္တာထားခဲ့တဲ့ NGO က အစ်မကို ပြန် ပြန်ပြီး သတိရသွားတယ်။ အဲဒီအကြောင်းကို ရေးထားတာပါ။ အမျိုးသမီးလေးယောက်ကြားက မေတ္တာဘွဲ့လေးပေါ့။

ဒီအကြောင်းတွေကို စာအုပ်အဖြစ်ထုတ်ဖို့ ဘယ်အချိန်မှာ စရေးဖြစ်သွားတာလဲ ဆရာမ။

စိတ်ကူးထားတာက ၂ဝဝ၉ ခုနှစ်က အလုပ်လုပ်ပြီးပြန်လာကတည်းကရေးချင်ခဲ့တာပါ။ ဒါပေမယ့် တကယ်တမ်း ချရေးဖို့က လက်တွေ့ မလုပ်ဖြစ်ခဲ့ဘူး။ နောက် ပြီး ကံ့ကော်ဝတ်ရည်က ကျွန်မကို စာအုပ်ထုတ်ပေးမယ်လို့ ပြောလာတဲ့အခါမှာ ဘာအကြောင်းရေးမလဲ စဉ်းစားပြီး အဲဒီတုန်းက အတွေ့အကြုံကိုသတိရပြီး ရေးဖြစ်သွားတာပါ။

‘လရိပ်ပိုးမျှင်’ ကို ရေးပြီးတဲ့ခါ ဆရာမရဲ့ဖေဖေ ဆရာညိုထွန်းလူကိုရော ပေးဖတ်ဖြစ်လား။ ဆရာကရော ဒီစာအုပ်နဲ့ပတ်သက်ပြီး ဘယ်လို မှတ်ချက်ပြုသလဲဆိုတာကိုလည်း ပြောပြပေးပါဦး။

ဖေဖေ့ကိုတော့ ကျွန်မစာမူပြီးသွားတဲ့အခါမှာ ပေးဖတ်ပါတယ်။ ဖတ်ပြီးတော့ အများကြီးတော့ မှတ်ချက်မပြုပါဘူး။ ဇာတ်သိမ်း ပိုင်းလေးပဲ ဖြည့်ရေးပါဆိုပြီးပဲ ပြောပါတယ်။ အများကြီးတော့ မပြောပါဘူး။ ဘာဖြစ်လို့လဲဆို တော့ ဒီဝတ္ထုမှာ ဖေဖေကသူ့ရဲ့ လွှမ်းမိုးမှုပါတယ်ဆိုပြီးဖြစ်သွားမှာ ဆိုးလို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မကလည်းငယ်ငယ် ကတည်းက မန္တလေးစာပေအသိုင်း အဝိုင်းမှာ ကြီးပြင်းခဲ့ရတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့ စာပေနဲ့ပတ်သက်ရင် မစိမ်းဘူးပေါ့လေ။ စာရေး ဆရာကြီးတွေနဲ့ သိကျွမ်းတယ်ဆို တော့ စာအုပ်တွေဆိုတာလည်း အမြဲတမ်းဖတ်ရတယ်ဆိုတော့ ကိုယ့်အတွက် စာပေဝမ်းစာဖြည့်ဖို့အတွက် ဒီစာအုပ်တွေက အထောက် အကူဖြစ်ခဲ့တယ်လို့ ပြောလို့ရပါတယ်။

ဒီစာအုပ်ထွက်လာတော့ ဆရာမအနေနဲ့ ကျေနပ်မှုရောရှိလား။

ကျေနပ်မှုဆိုတာက ကိုယ်ကတော့ အတတ်နိုင်ဆုံးရေးလိုက်တာပေါ့လေ။ ရေးတုန်းကလည်း အကြိမ်ကြိမ်ပြန်ဖတ်တယ်။ တစ်ခါ ဖတ်တိုင်းတစ်ခါ လိုတယ်ပေါ့နော်။ လိုတိုင်းလည်း ပြန်ပြန်ဖြည့်ခဲ့တယ်။ အခုချိန်ထိကို စာအုပ်ထွက်သွားတဲ့အချိန်မှာလည်း ကျွန်မစိတ်ထဲမှာ လိုနေတယ်လို့ ခံစားမိနေတုန်းပါပဲ။ ကျေနပ်သလားဆိုတော့ ကျေနပ်ပါတယ်။ ဒါပေမယ့် ပြည့်စုံတယ်လို့ မထင်မိပါဘူး။

ဒီစာအုပ်နဲ့ပတ်သက်ပြီး စာပေ ဆွေးနွေးပွဲကိုလည်း ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ဆရာမ ခင်မြဇင်၊ ဆရာမ ဂျူးတို့နဲ့ လုပ်ဖြစ်တယ်ဆိုတော့ ဒီဆွေးနွေးပွဲကိုစီစဉ် ဖြစ်ပုံကိုလည်း ပြောပြပေးပါဦး။

မန္တလေးမှာ စာအုပ်မိတ်ဆက် ပွဲအနေနဲ့လုပ်ခဲ့တယ်။ ရန်ကုန်မှာ ကျတော့ စာရေးသူလည်း အသစ် ဖြစ်တော့ မိတ်ဆက်ပွဲသဘော လည်းဖြစ်အောင်၊ နောက်ပြီးတော့ ကျွန်မတို့လို စာရေးသူအသစ်လေး တွေအနေနဲ့ ဝတ္ထုတစ်ခုကို ဖန်တီး တဲ့အခါမှာ ဘယ်လိုမျိုးတွေ သတိ ထားရလဲ။ ဝတ္ထုတစ်ပုဒ်ကို ဖန်တီး တဲ့နေရာမှာ ဘယ်လိုမျိုး အခက် အခဲတွေရှိသလဲ။ နောက်ပြီးတော့ အခုခေတ်မှာ ဒီလိုဝတ္ထုရှည်ရေးတဲ့ သူတွေ သိပ်မရှိတော့ဘူး။ အရင် ခေတ်တုန်းက ဘယ်လိုမျိုးတွေ ရှိခဲ့သလဲဆိုတာကို စာရေးဆရာမ ကြီးတွေဖြစ်တဲ့ ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)တို့၊ ဆရာမခင်မြဇင် တို့၊ ဆရာမဂျူးတို့နဲ့အတူ ဆွေးနွေး ဖြစ်တဲ့သဘောပါ။ ဆရာမကြီးတို့ လက်ထက်က ဘယ်လိုဖြတ်သန်းခဲ့ ရတယ်ဆိုတာကို သိချင်တာနဲ့ ကျွန်မရဲ့ဒီစာအုပ်နဲ့နွှယ်ပြီးတော့ ပွဲလုပ်ဖြစ်တာပါ။

ဒီလိုမျိုးလုံးချင်း စာအုပ်တွေ ဆက် ရေးဖို့ရှိဦးမလားဆိုတာကိုလည်း ပြောပြပေးပါဦးရှင်။

ကျွန်မဝတ္ထုရှည်ကို ထပ်ပြီးတော့ ရေးသွားဖို့ရှိပါတယ်။ ဒီတစ်ခါရေးမယ်ဆိုရင် ကျွန်မကယူထားတာကလည်း ကျားမရေးရာ နဲ့ပတ်သက်ပြီး ဘွဲ့ယူထားတာ ဖြစ်တဲ့အတွက်ကြောင့် အဲဒါနဲ့ ပတ်သက်ပြီးတော့ ဆက်နွှယ်တာကိုရေးဖို့ စိတ်ကူးရှိပါတယ်။ ဒါပေမယ့် ဘယ်လိုအကြောင်းအရာကို အရင်ရေးဖြစ်မလဲတော့ မပြောနိုင်သေးဘူး။ ပြောရမှာတော့ စောနေသေးတယ်။ တော်ကြာပြောပြီးမရေးဖြစ်မှာလည်း စိုးလို့။

ကျေးဇူးတင်ပါတယ်ရှင်။

အိမ်စည်စိုးစံ တွေ့ဆုံမေးမြန်းသည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*