2:42 pm
မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်ထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ရခိုင်ပြည်နယ်၏ ဒေသအချို့တွင် သွေးလွန်တုပ်ကွေး၊ အစာအဆိပ်သင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော စသည့်ရောဂါများ လူအုပ်စုလိုက် ဖြစ်ပွားနေသည်ကို တွေ့ရသည်။
ဧပြီလအတွင်းကလည်း ပေါက်တောမြို့နယ်ရှိ ဘဲရကျေး ရွာတွင် ရွာသားတစ်ရာကျော်သွေးလွန်တုပ်ကွေးဖြစ်ပွားခဲ့၍ ရခိုင် ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဌာနမှ ကျန်းမာရေးဝန်ထမ်းများ စေလွှတ် ကုသပေးလျက်ရှိသည်။ သို့ဖြစ်ရာ ရခိုင်ပြည်နယ် ကျန်းမာ ရေးကဏ္ဍ၏ အားနည်းချက်များ၊ လိုအပ်ချက်များအကြောင်းကို ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသောင်းလှိုင်အား ဆက်သွယ် မေးမြန်းဖော်ပြလိုက်ပါသည်။
ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသောင်းလှိုင် နှင့် တွေ့ဆုံမေးမြန်းခြင်း
အခုဆိုရင် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က ဘဲရကျေးရွာမှာ ရွာသားတစ်ရာကျော်လောက်က သွေးလွန်တုပ်ကွေး ဖြစ်နေတာ ပေါ့။ အဲဒီအပြင် အမ်းမှာဆိုရင် လည်း အုပ်စုလိုက်ဝမ်းပျက်ဝမ်းလျှောတာတွေ၊ နောက် မင်းပြားမှာ ဆိုရင်လည်း အစာဆိပ်သင့်တာ တွေဖြစ်ခဲ့တာကို တွေ့ရပါတယ်ခင်ဗျ။ အဲဒါတွေက ဘာကြောင့်ပါ လဲ။
အဓိကပြောရရင်တော့ ဒေသ ဖွံ့ဖြိုးရေးပေါ့။ ဒေသဖွံ့ဖြိုးမှု မရှိလို့ ဖြစ်တာပါ။ နောက်ဒီနှစ်မှာ ရခိုင် ပြည်နယ်တစ်ခုတည်းမဟုတ်ပဲ မြန် မာနိုင်ငံတစ်ဝန်းလုံးမှာပါ သွေးလွန် တုပ်ကွေးအဖြစ်များမယ်ဆိုပြီးတော့ ခန့်မှန်းထားတာလည်း ရှိတယ်။ ဆင်းရဲမှုက တရားခံပဲ။ ဆင်းရဲလို့ ဖြစ်တာ။ ကျန်းမာရေးဘတ်ဂျက် ကလည်း မလုံလောက်၊ ဝန်ထမ်း လည်းမလုံလောက်၊ ပြီးရင် ပြည်သူ တွေကျန်းမာရေး အသိပညာပိုင်း ဆိုင်ရာလိုနေသေးတယ်။ ကိုယ့် ကျန်းမာရေးကို ကိုယ်ဂရုစိုက်ရမှန်း တောင် မသိဘူးဖြစ်နေကြတယ်။ ကျန်းမာရေးဌာနကလည်း ပညာပေးလုပ်တာ အားနည်းတာပေါ့။ ဒါတွေကြောင့်ဖြစ်တာပါ။
ပေါက်တောမြို့နယ် ဘဲရမှာလူ တစ်ရာကျော်လောက် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားရတဲ့အကြောင်းရင်းကို သိပါရစေ။
ဒီနှစ်က သင်္ကြန်မိုးနည်းနည်း ရွာလိုက်တယ်လေ။ မိုးရွာတော့ ရေကန်တွေမှာ ရေအဲဒီလောက် မတင်ဘဲ မြေခွက်ကလေးတွေမှာ ရေတွေတင်ကျန်ခဲ့တယ်။ အဲဒီက နေတစ်ဆင့် ခြင်ပေါက်ပြီး ခြင် ကိုက်ရာကနေ ဖြစ်တာပါ။ ကျေးလက်တွေမှာထားဦး၊ မြို့ပြတွေမှာပါ ဘုရားပန်းအိုးတွေက ရေကို မလဲဘဲ ဒီအတိုင်းထားတာကို တွေ့ရတယ်။ အဲဒါတွေကလည်း ခြင်ပေါက်နိုင်တယ်။ အသေအ ပျောက်တော့မရှိဘူး။ ကံကောင်းသွားတာက ဘဲရမှာဖြစ်တဲ့ သွေး လွန်တုပ်ကွေးဟာ အပျော့စားမျိုး။
ဘဲရမှာသွေးလွန်တုပ်ကွေး ဖြစ်ကြတော့ဖြစ်ပြီးလို့ နှစ်ပတ်ကျော်သုံး ပတ်လောက်ကြာမှ ကျန်းမာရေး ဌာနက ရောက်လာကြတာပေါ့။ ဆိုတော့ ကျန်းမာရေးဌာနမှာ ဘာ ခက်အခဲတွေများ ရှိနေလို့ကြာသွားတာလဲခင်ဗျ။
ကျန်းမာရေးဌာနမှာ အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။ ဝန်ထမ်းအင်အား မလုံလောက်တာ၊ ကျေးရွာတိုင်းမှာ ကျေးလက်ဆေးပေးခန်းတွေ မ ထားပေးနိုင်တာတွေ။ ဒီဘဲရကို ရောဂါဖြစ်နေပြီး နှစ်ပတ်ကျော် ကြာမှ သွားရတာကတော့ သတင်းမရလို့ပါ။ ကျွန်တော်တို့ သတင်းရရ ချင်းသွားခဲ့တာပါ။ ပိုပြီး ဆိုးသွား တာက အဲဒီနယ်မှာ တာဝန်ကျနေတဲ့ သူနာပြုမလေးက အဲဒီအချိန် မှာ တစ်ပတ်ခွင့်ယူထားတယ်။ အဲဒီ ဘဲရရွာမှာ ကျန်းမာရေးမှူးတစ် ယောက်ပဲကျန်ခဲ့တယ်။ အဲဒီ ကျန်း မာရေးမှူးက နောက်ကျမှ သတင်းပို့တော့ နောက်ကျသွားတာပါ။ ရွာ သားတွေကို ကျန်းမာရေးမှူးက ဆေးခန်းပြခိုင်းတယ်တဲ့။ ရွာသား တွေကလည်း ဆင်းရဲတော့ ဆေးခန်းတွေ ဘာတွေ မသွားနိုင်ကြဘူး။
အရင်နှစ်တွေကလည်း ရခိုင်ပြည် နယ်ကဒေသတွေမှာ အဲဒီလိုမျိုးတွေ ဖြစ်ခဲ့သလားခင်ဗျ။
အရင်နှစ်တွေကလည်း ဖြစ်တာရှိပါတယ်။ ဒါပေမယ့်ဒီလောက်ထိ လူဦးရေ အများကြီးတော့ မဟုတ်ဘူး။ တစ်ယောက်စ နှစ်ယောက်စပဲ ဖြစ်တာပါ။
အဲဒီလိုရောဂါမျိုးတွေနောက်ထပ်မဖြစ်အောင် ဘယ်လို ပုံစံမျိုးကာကွယ်ရင်ရနိုင်ပါလဲခင်ဗျ။
အမ်းမှာ ဝမ်းလျှောတုန်းကဆို ရင် ရေမရှိလို့ ဖြစ်သွားတာ။ ရေရှားတော့ ရရာရေကို ဒီအတိုင်း အစိမ်းသက်သက်သောက်တယ်၊ သုံးတယ်။ အဲဒီလိုနဲ့ ဝမ်းပျက်ဝမ်းလျှော တွေ ဖြစ်သွားကြတာ။ ရေကို ကျိုမ သောက်ဘူး။ အဲဒီလိုပဲ တခြား ရေ ရှားတဲ့ဒေသတွေ တောင်ပေါ်ဒေသ တွေမှာလည်း ချောင်းရေတွေ တောင်ကျရေတွေကို သောက်ကြရ တယ်။ ဒါပေမယ့် ကျိုမသောက်ကြ ဘူး။ ဆင်းရဲမှုက တရားခံဖြစ်သွားတာပေါ့။ နောက်အိမ်သာဆိုရင် လည်း စက္ကူသုံးတယ်။ ရေမသုံး ဘူး။ ရေသုံးတော့လည်း ရေရှားလို့ အိမ်သာမှာ ရေမရှိဘူး။ ရေရှိရင် လည်း ဆပ်ပြာကမရှိဘူး။ ဆင်းရဲ တော့ အဲဒီဆပ်ပြာ ဝယ်မယ့်အစား ကလေးအတွက် မုန့်တစ်ထုပ်ဝယ် ပေးလိုက်တာတို့၊ ဒါပဲလုပ်ကြတယ်။ ဟုတ်လည်းဟုတ်တာပဲလေ ဆင်းရဲ တဲ့ မိသားစုတွေအတွက် ဒီဆပ်ပြာ တစ်ခဲရဲ့ တန်ဖိုးက အများကြီးပဲ ကို။ ကျန်းမာရေးက လူမှုဘဝ၊ စီး ပွားရေး ဒါတွေနဲ့ ဆက်စပ်နေတယ်။ နိုင်ငံဖွံ့ဖြိုးမှုအတွက် တံတားတွေ လမ်းတွေလုပ်ပေးသင့်တယ်။ လမ်း ပန်း ဆက်သွယ်ရေး ကောင်းရင် ကျေးလက်ကျန်းမာရေးဌာနက ကျန်းမာရေးဝန်ထမ်းတွေလည်း တစ်ရွာနဲ့တစ်ရွာကို အလွယ်တကူ သွားလာပြီး ဆေးကုလို့ရမယ်။ ကျေးရွာတိုင်းမှာ ကျေးလက်ဆေး ပေးခန်းတွေ ထားပေးနိုင်တာ မဟုတ်ဘူးလေ။ ဒါတွေလုပ်ရင်တော့ အဆင်ပြေနိုင်ပါတယ်။ ဆင်းရဲတာ နဲ့ ကျန်းမာရေးနဲ့က တိုက်ရိုက်သက် ဆိုင်နေတယ်။
အဲဒီလိုရောဂါမျိုးတွေမဖြစ်ဖို့ ကျန်းမာရေးဦစီးဌာနကနေပြီးတော့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ ဘာတွေလုပ်နေတာ ရှိပါသလဲခင်ဗျ။
ကျွန်တော်တို့ ကျန်းမာရေး ဌာနကတော့ အဓိကပညာပေးခြင်း တွေ လိုက်လုပ်တာပေါ့။ နံပါတ် ၁ အချက်ပေါ့နော်။ ရွာသားတွေစုနေ တဲ့အခါမျိုးတွေမှာ လုပ်ရတာဆို တော့ အခက်အခဲတွေ့ရတတ်ပါ တယ်။ နောက်ပိုင်းကျရင် အရပ် ဘက် အဖွဲ့အစည်းတွေကို ပညာပေးတယ်။ သူတို့ကတစ်ဆင့် ပြည် သူတွေကို ခေါ်ပြီး လုပ်ကြတာရှိပါ တယ်။ နံပါတ် ၂ ပြောချင်တာက တော့ ကျန်းမာရေးကို ပြည်သူတစ် ဝက် အစိုးရတစ်ဝက် တာဝန်ယူရမှာ။ အခုက ပြည်သူတွေ ဆင်းရဲ တော့လည်း အစိုးရကပဲ အားလုံး ကို တာဝန်ယူနေရတာပေါ့။ ဆေး လိပ်မသောက်ဖို့ လှုံ့ဆော်တယ်၊ ဒါပေမယ့် အားလုံးသောက်နေကြတာပဲလေ။
ကျန်းမာရေး ဌာနအနေနဲ့ ကြိုတင် ကာကွယ်ရေးတွေ လုပ်တဲ့အခါမှာ ဘယ်လို အခက်အခဲတွေ စိန်ခေါ် မှုတွေ ရှိပါသလဲ။
အခက်အခဲတွေက ရှိပါတယ်။ ဥပမာ ကာကွယ်ဆေးထိုးတယ်ဆို ပါစို့။ အခုဆိုရင် ကူးစက်ရောဂါတွေ ကာကွယ်ဖို့အတွက် ကာကွယ်ဆေး ၁၁ မျိုးတောင် ထိုးနေရပြီ။ အဲဒီမှာ ထိုးရမယ့် လူဦးရေက ၁ဝဝ ဆိုရင် ၉ဝ ပဲလာထိုးတယ်။ အကုန်လုံးလာ မထိုးကြဘူး။ နောက် ဒုတိယအကြိမ် လာထိုးတော့ ၈ဝပဲ ထိုးတော့တယ်။ အဲဒီ ၈ဝက အရင်ထိုးထားတဲ့ ၉ဝ ထဲကပဲလား။ ဒါမှမဟုတ် အသစ် တွေကော ပါလာသလား။ အဲဒီလို စာရင်းတိအကျတွေ ကျွန်တော်တို့ မရနိုင်ဘူးဆိုတော့ ကာကွယ်ဆေး တွေကို အင်ပြည့်အားပြည့်မထိုးကြ ဘူး။ အဲဒီမှာ ပြည်သူတွေ နစ်နာ ကြတယ်။ ကူးစက်ရောဂါတွေကို မကာကွယ်နိုင်ဘူး ဖြစ်သွားတယ်။ ဥပမာ တစ်တိုင်းပြည်လုံး ကာကွယ်ဆေးထိုးရမယ့်လူ ၁ဝ သန်း ရှိတယ်ဆိုရင် ၅ သန်းလောက် တောင် လာမထိုးကြဘူး။
ရခိုင်ပြည်နယ်မှာ ကျန်းမာရေး ဝန်ထမ်း အရေအတွက် လက်ရှိ ဘယ်လောက်ရှိပါသလဲ။ ကျေး လက် ကျန်းမာရေး ဌာနကကော ဘယ်လောက်ရှိပါသလဲ။
ရခိုင်တစ်ပြည်နယ်လုံးမှာ ကျေး လက်ကျန်းမာရေးဌာနပေါင်း ၁၂၁ ခုရှိတယ်။ အဲဒီမှာ လက်ထောက် တာဝန်မှူး ၁၂၁ ယောက်ရှိရမယ့် အထဲမှာ အခုလက်ရှိ ၉၉ယောက် ပဲရှိသေးတယ်။ ၂၂ ယောက်လစ် လပ်နေတယ်။ အဲဒီနေရာမှာ ကြီးကြပ် ၁ တွေ တာဝန်ယူထား တာရှိတယ်။ ပြီးရင်ကျေးလက်ကျန်း မာရေးဌာနတစ်ခုမှာ သားဖွား ဆရာမနှစ်ယောက်စီရှိရမယ်။ ဒါ ပေမယ့် ကျန်းမာရေး ဌာနတိုင်းမှာ နှစ်ယောက်စီ မရှိသေးပါဘူး။ ကျေးလက်ကျန်းမာရေး ဌာနခွဲ ပေါင်းက ၅၅၈ ခုရှိပါတယ်။ အဲဒီ ဌာနခွဲတစ်ခုစီမှာ သားဖွားဆရာမ တစ်ယောက်စီ ရှိရမယ်။ ဒါပေမယ့် ကျန်းမာရေး ဌာနခွဲတိုင်းမှာ မရှိ သေးဘူး။ အကုန်လုံး ကျေးလက် ကျန်းမာရေးဌာနရော ကျန်းမာရေး ဌာနခွဲရော တကယ်ဆိုရင် ကျန်း မာရေးဝန်ထမ်းပေါင်း ၈၈ဝ ရှိရ မယ်။ ဒါပေမယ့် အခုလက်ရှိမှာ ၇၁ဝ လောက်ပဲ ရှိပါသေးတယ်။ ၁ဝဝ လောက် လိုနေပါသေးတယ်။ ကျေးရွာ ၁ဝ ရွာလောက်မှာ ကျန်း မာရေးဌာနခွဲတစ်ခုစီ ရှိပါတယ်။ တချို့ဒေသတွေမှာဆိုရင် ကျေးရွာ ၂ဝ လောက် မှာမှ ကျန်းမာရေးဌာ နခွဲတစ်ခုပဲ ရှိပါတယ်။ အများကြီး လိုနေပါသေးတယ်။ဒီဘဏ္ဍာနှစ်မှာ ပြည်ထောင်စု ကျန်းမာရေး အသုံးစရိတ်က နည်းနည်းတိုးလာတာကို တွေ့ရပါတယ်။ ရခိုင်ပြည်နယ်မှာကော ကျန်းမာရေး အသုံးစရိတ်တိုးလာသလားခင်ဗျ။ ဒီနှစ်မှာတိုးပါတယ်။ ၁၁ ရာ ခိုင်နှုန်းလောက်တိုးပါတယ်။ ဒါပေမယ့် မလုံလောက်သေးပါဘူး။
လင်းဟိန်း မေးမြန်းသည်