ရန်ကုန်မြို့ရှိ ဈေးများနှင့် စားသောက်ဆိုင်များကို ရှောင်တခင် စစ်ဆေးမည်

ရန်ကုန်မြို့ရှိ ဈေးများနှင့် စားသောက်ဆိုင်များကို ရှောင်တခင် စစ်ဆေးမည်
May 17, 2017 Asian Fame

11:46 am
ရန်ကုန်မြို့ရှိ ဈေးများနှင့် စားသောက်ဆိုင်များကို ရှောင်တခင် စစ်ဆေးမည်

fda

အောင်ပြည့်စုံ

နေပြည်တော်၊ မေ ၁၆

နေပြည်တော်ရှိ ဈေးများ၊ ရှော့ပင်းစင်တာများနှင့် စားသောက်ဆိုင်များကို ရှောင်တခင်စစ်ဆေးသကဲ့သို့ ရန်ကုန်မြို့ အတွင်းရှိ ဈေးများကိုလည်း ၁၇ ရက် နေ့တွင် ပူးပေါင်းအဖွဲ့စုံဖြင့်စစ်ဆေးသွားမည် ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦး စီးဌာန (နေပြည်တော်)မှ သိရ သည်။

”မနက်ဖြန်မှာ သိမ်ကြီးဈေး၊ မင်္ဂလာဈေး၊ ဗိုလ်ချုပ်ဈေးလိုအထင်ကရ ဈေးတွေကို စစ်သွားမယ်၊ Mobile Lab ကားပါတစ်ခါတည်းပါဝင်ပြီး ဓာတ်ခွဲစမ်းသပ်တာတွေလုပ်မယ်၊ ရောင်းချဖို့ မသင့်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းတာတွေ၊ ဆိုင်ရှင်တွေကိုပညာပေးပြီး ခံဝန်ကတိလက်မှတ်ထိုးခိုင်းတာ တွေလုပ်သွားမယ်”ဟု FDA မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဥက္ကာဖြိုးက ဆိုသည်။

FDA အနေနှင့် ရှောင်တခင် စစ်ဆေးမှုများကို ယခုနှစ်အတွင်း အသေးစိတ်လအလိုက်စီမံချက်များ ရေးဆွဲထားပြီး တိုင်းဒေသကြီးများ အထိလှည့်လည်စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။ ယခုကဲ့သို့ ရှောင်တခင် စစ်ဆေးရာတွင် ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိပါက ပညာပေးဟုသတ်မှတ်ပြီး ခံဝန်လက်မှတ် ထိုးသည့် အဆင့်သာအရေးယူမည်ဖြစ်သော်လည်း ထပ်မံ စစ်ဆေးတွေ့ရှိပါက ဆိုင်ရှင်ကို ထိရောက်စွာ တရားဥပဒေများအတိုင်း ထောင်ဒဏ်အထိ အပြစ်ပေးအရေးယူနိုင်ရန် စီစဉ်ထားသည်။

”နေပြည်တော်မှာပဲ စစ်တာတွေ အရေးယူတာတွေ လုပ်နေတော့ ရန်ကုန်ကိုလည်း အစ်မတို့ ကလာလုပ်စေချင်တာ။ ဒီမှာက ဆိုင်တွေဈေးတွေ ပေါတယ်။ သုံးစွဲတာလည်းများသလို အတုတွေကလည်း များတယ်လေ။ အခုလိုစစ် ဆေးတာတွေလုပ်ပြီး ကြပ်မတ်ပေးမယ်ဆိုတော့ သုံးစွဲသူတွေအတွက် စိတ်ချမ်းသာရပါတယ်”ဟုရန်ကုန် မြို့စမ်းချောင်းတွင် နေထိုင်သူ ဒေါ်ယမင်းက ဆိုသည်။

FDA မှယခုကဲ့သို့ ပုံမှန်ရှောင်တခင် စစ်ဆေးမှုများအပြင် လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့်သတင်းများ၊ တိုင်ကြားစာများနှင့် FDA ရုံးချုပ်မှ အထူးစီမံချက်များ ဖြင့် ရှာဖွေဖမ်းဆီးမှုများကိုလည်းဆောင်ရွက်သွားရန် ရှိနေပြီး ၎င်းအခြေအနေများတွင် သတိပေးမှုများ ပြုလုပ်မည် မဟုတ်ဘဲဥပဒေအရ ထိရောက်စွာ အရေးယူမှုများကိုသာ ဆောင်ရွက်သွားမည် ဖြစ်သည်။ ရှောင်တခင် စစ်ဆေးမှုများတွင် FDA နှင့်အတူ သက်ဆိုင်ရာ စည်ပင်အဖွဲ့များ၊ ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များ၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးအဖွဲ့တို့ ပါဝင်ပြီး ပူးပေါင်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*