တရားမဝင် သကြားကုန်သွယ်မှု ထိရောက်စွာ အရေးယူမည်ဟု တရုတ်ထုတ်ပြန် မြန်မာဘက်မှ သကြားတင်ပို့မှု ကျဆင်း

တရားမဝင် သကြားကုန်သွယ်မှု ထိရောက်စွာ အရေးယူမည်ဟု တရုတ်ထုတ်ပြန် မြန်မာဘက်မှ သကြားတင်ပို့မှု ကျဆင်း
May 16, 2017 Asian Fame

4:36 pm
တရားမဝင် သကြားကုန်သွယ်မှု ထိရောက်စွာ အရေးယူမည်ဟု တရုတ်ထုတ်ပြန် မြန်မာဘက်မှ သကြားတင်ပို့မှု ကျဆင်း

မှူးအိမ်ဇော်
ရန်ကုန်၊ မေ ၈

မူဆယ်နယ်စပ်ကုန်သွယ်ရေး အခြေအနေသည် ဆန်တင်ပို့မှုများ တိုးတက်လာသော်လည်း သကြားများအားတရုတ် အစိုးရက ဖမ်းဆီးမှုများ ပြုလုပ်နေသော ကြောင့် သကြားတင်ပို့မှုများ လျော့ကျသွားကြောင်း သိရသည်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ် ရေးတွင် သကြားတင်ပို့မှုကို မြန်မာနိုင်ငံ အစိုးရက တရားဝင်လိုင်စင်ဖြင့် ခွင့်ပြု ထားသော်လည်း ယူနန်ပြည်နယ်အစိုးရ က တရားဝင်ခွင့်မပြုခြင်းကြောင့် တရုတ်ကုန်သည်များက တရားမဝင် ဝယ်ယူနေရခြင်းဖြစ်သည်။

”ကျွန်တော်တို့ဘက်က တရားဝင်အခွန်ကို ကျွန်တော်တို့ ဆောင်နိုင်တဲ့ အနေအထားမျိုးနဲ့ တင်ပို့ချင်ပါတယ်။ ဒါပေမယ့် သူတို့ဘက်က အခွန်က ၆ဝ ရာ ခိုင်နှုန်းလောက်ဖြစ်နေတော့ များလွန်းတယ်” ဟု မူဆယ်မြို့ရှိ ကုန်သည်တစ်ဦးဖြစ်သူ ကိုချမ်းသာဦးက ပြောသည်။ ထို့အပြင် တရုတ်နိုင်ငံအတွင်းရှိ ပြည်တွင်းသကြားလုပ်ငန်းရှင်များ၏ တောင်းဆိုချက်အရ ဘရာဇီးနိုင်ငံအပါ အဝင် အခြားနိုင်ငံများမှ သကြားတင် သွင်းမှုများအပေါ်တန်ပြန်စုပုံခွန် (Anti- dumping Duty) အဖြစ် သတ်မှတ်တိုးမြှင့်၍ အခွန်နှုန်းထား ကောက်ခံသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ယူနန်ပြည်နယ်တွင် လိုအပ်သည့်ကုန်ပစ္စည်းများ၊ စားသောက်ကုန်များတင်သွင်းမည်ဆိုပါက တရုတ်အစိုးရက တရုတ်ကုန်သည်များကို ဖမ်း ဆီးစစ်ဆေးမှုလျှော့ပေးပြီး မလိုအပ်သည့် ကုန်ပစ္စည်းများကို ဖိအားပေး ဖမ်းဆီး လေ့ရှိသည်။ သို့သော်လည်းဆန်ဝယ်ယူမှုမှာ လျော့ကျခြင်းမရှိဘဲ ပုံမှန်အခြေအနေပင် ရှိနေကြောင်း ကုန်သည်များကဆိုသည်။ ”ဟိုဘက်မှာက ဆန်စက်တွေရှိတော့ အဲဒီဆန်စက်တွေကထွက်တဲ့ ပုံစံမျိုးလုပ်နေတာဆိုတော့ ဆန်တင်ပို့တာက လောလောဆယ်အဆင်ပြေတယ်။ သကြားပဲ တော်တော်ကျသွားတာ”ဟု မူ ဆယ်မြို့မှ ကုန်သည်တစ်ဦးက ပြောသည်။

တရုတ်ပြည်တွင်း သကြားထုတ်လုပ်သူများအနေဖြင့် ပြည်တွင်းလယ်ယာ စိုက်ပျိုး ထုတ်လုပ်မှုစရိတ်များ မြင့်တက် လာခြင်းနှင့် ပြည်ပမှ သကြားတင်သွင်း ခြင်းဖြင့် ဆိပ်ကမ်းအရောက် တန်ဖိုးက စရိတ်စက ပိုမိုသက်သာမှုရှိနေခြင်းတို့ ကြောင့် ပြည်တွင်းမှ ထုတ်လုပ်သော သကြားဈေးနှုန်းကျဆင်းပြီး ထိခိုက်နစ် နာလျက်ရှိကြောင်း သကြားစက်ရုံများ ၏ တိုင်ကြားချက်များအရ လွန်ခဲ့သည့် နှစ် စက်တင်ဘာလက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး နောက်ပိုင်း ယခုကဲ့သို့ တန်ပြန်စုပုံခွန်အဖြစ် ယခုနှစ် မေ ၂၂ ရက်နေ့မှစ၍ သတ်မှတ်ကောက်ခံရန် တရုတ်အစိုးရက ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် တားဆီးအရေးယူခွင့်ရှိသည့် အာဏာပိုင်အဖွဲ့ အစည်းအနေဖြင့် ပြည်တွင်းထုတ်လုပ် သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန် ရည်ရွယ်ချက်အား ထိရောက်စွာ ထိန်းကျောင်းနိုင်ရေးအတွက် တရားမဝင် တင်သွင်းမှုအပေါ်တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*