လေလွင့်ဆိုးသွမ်း ကလေးသူငယ်များကို NLD အစိုးရက ၂ နှစ်အတွင်း ပပျောက်အောင် ဆောင်ရွက်မည်ဟုဆို

လေလွင့်ဆိုးသွမ်း ကလေးသူငယ်များကို NLD အစိုးရက ၂ နှစ်အတွင်း ပပျောက်အောင် ဆောင်ရွက်မည်ဟုဆို
May 4, 2017 Asian Fame

11:07 am
လေလွင့်ဆိုးသွမ်း ကလေးသူငယ်များကို NLD အစိုးရက ၂ နှစ်အတွင်း ပပျောက်အောင် ဆောင်ရွက်မည်ဟုဆို

sothwan

စိုင်းလမင်း
နေပြည်တော်၊ မေ ၁

အစိုးရအဆက်ဆက် ပပျောက်အောင်မလုပ်နိုင်ခဲ့သော လမ်းများပေါ်က လေလွင့်ဆိုးသွမ်း ကလေးသူငယ်များကို NLD အစိုးရက ၂နှစ် အတွင်း ပပျောက်အောင် ဆောင်ရွက်မည်ဟု ဆိုသည်။

ထိုသို့ ဆောင်ရွက်နိုင်ရန် လက်ရှိတွင် ရေးဆွဲနေသော လူငယ်မူဝါဒထဲတွင် ဆိုးသွမ်းလေ လွင့်ကလေးအရေးကိုပါထည့်သွင်း ရေးဆွဲနေပြီး၊ လွှတ်တော်၏သဘောတူညီမှု ရပြီဆိုသည်နှင့် ထိုအလုပ်ကို စတင်အကောင်အထည် ဖော်မည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဆိုသည်။

လက်ရှိအချိန်တွင် လေလွင့်ဆိုးသွမ်းကလေးငယ်များက ပြစ်မှုကျူးလွန်နေကြခြင်းဖြင့်လူ့အသိုင်းအဝိုင်းကို စိတ်ဒုက္ခပေးနေကြသည်။”ဒီကလေးတွေက ဥပမာ ခါး ပိုက်နှိုက်တာတွေရှိမယ်၊ ပစ္စည်းခိုး တာတွေရှိမယ်။ ဒါတွေက လူ့အသိုင်းအဝိုင်းကို စိတ်ဒုက္ခရောက် စေတယ်။ သူတို့လေးတွေကောင်း မွန်တဲ့အတတ်တွေနဲ့ လူ့အသိုင်း အဝိုင်းကိုအကျိုးပြုရင် အကုန်လုံးအတွက်လည်း အကျိုးရှိစေတယ်” ဟု ဒေါက်တာဝင်းမြတ်အေးက ရှင်းပြသည်။ ပပျောက်အောင် ဆောင်ရွက် သွားမည့်အထဲတွင်ဖမ်းပြီး ထောင်ချခြင်းမျိုးထက် ထိန်းသိမ်းခေါ်ယူထားပြီး စာရိတ္တပြုပြင်ပေးခြင်းနှင့် လက်မှုပညာသင်ပေးခြင်းကိုသာ ဦးစားပေးမည်ဟု ဝန်ကြီးက ရှင်းပြသည်။ ယခင် တပ်မတော်အစိုးရ လက်ထက် ၁၉၉ဝ ခုနှစ်ကာလက လေလွင့်ဆိုးသွမ်းကလေးငယ်များ ပပျောက်အောင်လုပ်ဆောင်ခဲ့သေးကြောင်း ကလေးသူငယ်အရေး ဆောင်ရွက်ပေးနေသူ ဦးရဲနိုင်ဝင်းက ပြောသည်။ သို့သော်လည်း မအောင်မြင်ခဲ့ဟု သူက ဆိုသည်။ အစိုးရသစ်လက်ထက် ဆောင်ရွက်မည့်အစီအစဉ်အပေါ် ၎င်းက ”ဒါကတော့ မလွယ်နိုင်ဘူး။ အရင်တုန်းကလည်း လုပ်ခဲ့တာပဲ လေ”ဟု ဦးရဲနိုင်ဝင်းကပြောသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးကမူ ”အောင်မြင်အောင် လုပ်ဆောင်မယ်” ဟု ပြောသည်။ ဦးရဲနိုင်ဝင်းကဆိုးသွမ်းလေလွင့် လူငယ်များပပျောက်လိုလျှင် ဆင်းရဲမွဲတေမှု ပပျောက်အောင်ဦးစွာလုပ်ရန် လိုကြောင်း သူ့အမြင်ကိုပြောသည်။ အချို့ကလည်း ဆင်းရဲမွဲတေမှု ပပျောက်မှုထက် ဆိုးသွမ်းလူငယ် များ၏ စိတ်ဓာတ်ခံယူချက်ပြောင်းအောင် အရင်လုပ်ပေးသင့်ကြောင်း ပြောကြသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာမူ ဆိုးသွမ်းလူငယ်များကို ထိန်းမနိုင် သဖြင့် လူငယ်ထိန်းချုပ်ရေးဥပဒေကို ယခင်နှစ်ကပြဋ္ဌာန်းပြီးထိန်းသိမ်း ခဲ့ရသည်။

မြန်မာတွင်မူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက လေလွင့်ဆိုးသွမ်းလူငယ်များအတွက် လူငယ်ပြုပြင်ရေးစခန်း ၁ဝ ခုဖွင့် ထားပြီး၊ စာရိတ္တပြုပြင်ရေးလုပ်ငန်း များကို လုပ်ကိုင်နေသည်။ သို့သော် လည်းယင်းအရေအတွက်က လုံ လောက်သည့်အရေအတွက် မဟုတ် သေးပေ။ ထို့ကြောင့် NLD အစိုးရက လူငယ်စာရိတ္တပြုပြင်ရေးစခန်း များကို ရန်ကုန်၊ မန္တလေးတို့တွင် ထပ်မံတိုးချဲ့သွားရန်စီစဉ်နေသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားပေးရေး ဝန်ကြီးဌာနအနေဖြင့် လက်ရှိ အချိန်တွင် လူငယ်မူဝါဒကို ရေးဆွဲ နေပြီဖြစ်သည်။ ထိုဥပဒေ ပေါ်ပေါက်လာလျှင် ဝန်ကြီးဌာနအနေဖြင့် အဆိုပါ ကလေးငယ်များကို ကာကွယ်ထိန်း သိမ်းခြင်းလုပ်ငန်းများကိုထိရောက်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးကပြောသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက် တာဝင်းမြတ်အေးက ”သူတို့တွေရဲ့ အနာဂတ်တွေ ကောင်းမွန်အောင် ကျွန်တော်တို့အနေနဲ့ လုပ်ဆောင် ပေးမှာဖြစ်ပါတယ်” ဟု ပြောသည်။ဆိုးသွမ်းလူငယ်အရေအတွက် စာရင်းကိုမူ အစိုးရက စာရင်း ကောက်ယူထားခြင်း၊ မှတ်တမ်းတင်ထားခြင်းမျိုး မလုပ်ထားပေ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*