အသံဖမ်း စတူဒီယိုထဲ ဝင်လိုက်တာနဲ့ စိုင်းအောင်တင့် ကနေ ပေါင်ချိန် ဖြစ်သွားရောပဲ

အသံဖမ်း စတူဒီယိုထဲ ဝင်လိုက်တာနဲ့ စိုင်းအောင်တင့် ကနေ ပေါင်ချိန် ဖြစ်သွားရောပဲ
May 4, 2017 Asian Fame

5:40 pm
အသံဖမ်း စတူဒီယိုထဲ ဝင်လိုက်တာနဲ့ စိုင်းအောင်တင့် ကနေ ပေါင်ချိန် ဖြစ်သွားရောပဲ

Sai-aung-tit-(1)မြန်မာ ပရိသတ်များ နှစ်သက် စွာအားပေးခဲ့သော ပေါင်ချိန် (ပြည်သူ့တရားရှင်) တရုတ်ဇာတ် လမ်းတွဲကို နောက်ခံ မြန်မာ စကား ပြောဖြင့် မြန်မာ့ရုပ်မြင်သံကြား မှ ပြန်လည်ပြသလျက် ရှိသည်။ ‘ပေါင်ချိန်’ ဇာတ်လမ်းတွဲတွင် အဓိက ဇာတ်ကောင်ဖြစ်သော ပေါင်ချိန်၏ နေရာတွင် ဗီလိန် သရုပ်ဆောင် တစ်ဦးဖြစ်သည့် စိုင်းအောင်တင့် က အသံဖြင့် သရုပ်ဆောင်လျက်ရှိ သည်။ ပရိသတ် မုန်းသည့်လူကြမ်း ဇာတ်ရုပ်ကို နှစ်ပေါင်းများစွာ ပီပီ ပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့သည့် စိုင်းအောင်တင့်က သမာ သမတ်ကျ သော၊ ရိုးသားဖြောင့်မတ် တည် ကြည်သော၊ ပရိသတ် ချစ်သော ဇာတ်ရုပ်တွင် အသံဖြင့် သရုပ် ဆောင်ခွင့်ရသည်မှာလည်း ထူး ခြားမှုတစ်ခုဖြစ်သည်။ ထို့ကြောင့် ပေါင်ချိန်ဇာတ်လမ်းတွဲတွင် သရုပ် ဆောင်ဖြစ်ခဲ့ပုံနှင့် လတ်တလော အနုပညာ လှုပ်ရှားမှုများ အကြောင်း ကို စိုင်းအောင်တင့်နှင့် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

ပေါင်ချိန် ဇာတ်လမ်းတွဲမှာ အသံနဲ့ ပါဝင် သရုပ်ဆောင်ဖြစ်ခဲ့ပုံကို အရင်ဆုံး သိပါရစေ။

ဦးစိုင်း အသိတစ်ယောက်က သူအနုပညာ နဲ့ပတ်သက်ပြီး Project  တစ်ခုလုပ်မယ်။ ဦးစိုင်းပါပေး လို့ရမလား ပြောတော့ ဦးစိုင်းက အနုပညာ အလုပ်သာ ဆိုရင် အကုန် လုပ်မယ့်လူလေ။ နောက်မှ သူက တရုတ်ဇာတ်လမ်းတွဲဖြစ်တဲ့ ‘ပေါင် ချိန်’ ဇာတ်လမ်းတွဲ ကို မြန် မာ နောက်ခံ စကားပြောနဲ့ လုပ်မယ် ပြောလာတယ်။ ဘယ်နေရာပါမလဲ တော့ မသိရသေးဘူး။ ဘယ်နေရာ နဲ့ ကိုက်ညီမှု ရှိမလဲ အသံစမ်းတော့ ခြောက်ပိုဒ်လောက်ကို ပေါင်ချိန် ဇာတ်ကောင် နေရာမှာ သွင်းခိုင်း တယ်။ ဦးစိုင်းလည်း သူတို့လုပ်ခိုင်း တဲ့နေရာမှာ လုပ်လိုက်တာပဲပေါ့။

အဲဒီအချိန်မှာ ပေါင်ချိန်နေရာမှာ သရုပ်ဆောင်ရမယ် လို့ ခန့်မှန်းမိပြီ လားရှင့်။

ဘယ်ကလာ၊  စိုင်းအောင်တင့် ဆိုတာ ဗီလိန်၊ လူဆိုးလူမိုက် လူ ယုတ်မာအခန်းမှာပဲ အသုံးဝင်တဲ့ သူလေ။ အမြဲ မကောင်းဆိုး ရွား နေရာကနေ သရုပ်ဆောင်နေရတဲ့ လူတစ်ယောက်က ဒီလို တရားကို စောင့်နေတဲ့ သမာ သမတ်ကျတဲ့ နေရာမျိုးမှာ လုပ်ခွင့်ရမယ်လို့ ဘယ်လို လုပ်ပြီးတွေးရဲမှာလဲ။

စာချုပ်ထဲမှာ ပေါင်ချိန်နေရာမှာ သရုပ်ဆောင်ဖို့ သိလိုက်တဲ့အချိန် မှာရော ဦးစိုင်းအောင်တင့် ဘယ်လို ခံစားရလဲ။

စသိလိုက်ရတဲ့အချိန်မှာ အံသြ လွန်းလို့ ဘာပြန်ပြော ရမှန်းတောင် မသိဘူး။ စိုင်းအောင်တင့် လိုလူကို ဒီနေရာမှာ အသုံးပြုတာ တကယ်ပါ လား။ အနုပညာကို ခန္ဓာကိုယ် နဲ့ လုပ်ခွင့်ရတဲ့ ဘဝတစ်လျှောက်မှာ အမြဲတမ်း ယုတ်မာတဲ့ ဘဝကနေပဲ လုပ်ခဲ့ရတယ်။ ဒီတစ်ခါတော့ ငါသည် ရုပ်မပါပဲ အသံမှာတော့ သမာသမတ် ကျပြီး တရားကိုမလိမ် မညာ အရှိကို အရှိတိုင်း ဆုံးဖြတ်တဲ့ တရားတဲ့ သူကြီးနေရာမှာ သရုပ် ဆောင်ရတော့မယ်။ အဲဒီ ဖီလင်က ဘာနဲ့မှ ကိုနှိုင်းပြောလို့ မရအောင် ကို ဝမ်းသာ ကြည်နူးခဲ့ ရတယ်။ ပေါင်ချိန် သည် အမှု စီရင်တဲ့ အချိန် မှာ ဘက်လိုက်မှု မရှိဘူး။ တိတိ ကျကျ မှန်မှန်ကန်ကန် သူ့ဆွေမျိုး လား ဘုရင့် ဆွေမျိုးလား၊ သူသည် လုံးဝ ဘက် မလိုက်ဘူး။ သူ့ကား ထဲမှာ ခွေးခေါင်းဓားစက်၊ နင်္ဂါး ခေါင်းဓားစက် ဆိုပြီး ရှိတယ်။ ခွေး ခေါင်းကတော့ သာမန်ပြည်သူ တွေကို စီရင်တဲ့အခါ သုံးတယ်။ နဂါးခေါင်းဓားစက် ကတော့ ဆွေ တော်မျိုးတော် အရာရှိတွေကို စီရင် တဲ့အချိန်မှာသုံးတယ်။ စိုင်းအောင် တင့်လုပ်နေရတဲ့ ကာရိုက်တာမျိုး ဆို ခွေးခေါင်းဓားစက်ပေါ့။ အဲဒါ ကြောင့် သြော်ငါ့ကိုဘုရားက ကောင်းတဲ့နေရာမှာ သုံးသေးတာ ပဲလို့တွေးပြီး ပီတိဖြစ်ရတယ်။

အဓိကကျတဲ့ ပေါင်ချိန်နေရာမှာ သရုပ်ဆောင် ရတယ်ဆိုတော့ စိတ်ထဲ မှာတာဝန်ကြီးတယ်လို့ရော ခံစား မိသေးလားရှင့်။

ပေါင်ချိန် ဇာတ်လမ်းကမြန်မာ ပြည်မှာ တစ်ခါပြပြီးသား အောင် လည်းအောင်မြင်ခဲ့တဲ့ ဇာတ်လမ်း ဖြစ်တယ်။ အခု တကျော့ပြန်ဇာတ် လမ်းပေါ့။ ဦးကိုယ်တိုင် လည်းကြည့် ခဲ့ဖူးတယ်။ ရူးသွပ်ခဲ့ဖူးတဲ့ ကြိုက်ခဲ့ ဖူးတဲ့ ဇာတ်လမ်းတွဲ ဆိုရင်လည်း မမှားဘူး။ ငါကြိုက်ခဲ့တဲ့ ဇာတ်လမ်း မှာ သရုပ်ဆောင် ရမယ်၊ တယ်ဟုတ် ပါလားပေါ့။ နောက်မှ သတိထားမိ တယ်။ အရင်ကသူများတွေကြိုက် ခဲ့တဲ့ဇာတ်လမ်းမှာ တကယ့်နေရာ ကနေ ငါသရုပ်ဆောင် ရမယ်ဆို တော့ ငါ့တာဝန်က ပေါ့သေးသေး မဟုတ်ဘူး။ ငါ့တာဝန် ငါကျေ အောင်လုပ်ရမယ် အဲဒီ ဖိအားတော့ ခံစားရတာပေါ့။ ပထမ အစက တော့ ဦးအသံမှန်း မသိကြဘူး။ သုံးလေးပိုဒ် ရောက်တော့ ခင်တဲ့သူ တွေက လှမ်းမေးတယ်။ ဦးအသံ လားပေါ့။ ဦးက သေချာနားထောင် ဟုတ်လား မဟုတ်ဘူးလား ဆိုတာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ဆိုပြီး စနောက် လိုက်သေးတယ်။

စစချင်း အပိုင်းတွေမှာတော့ ကြည့် ရတာ သိပ်ပြီး အသားမကျသလို၊ အံဝင်ခွင်ကျ မဖြစ်သလို ခံစားရတယ်။ အခုနောက်ပိုင်း မှာတော့ ပေါင်ချိန် ရဲ့သရုပ်ဆောင်ပုံ နဲ့ ဦးရဲ့အသံနဲ့ ကအံဝင်ပြီး တော်တော် အဆင်ပြေ လာတာ တွေ့ရတယ်။ ဦးတို့ ဘယ် လိုမျိုး ကြိုးစားခဲ့ရပါသလဲ။

ပထမ စစချင်းတော့ အဆင်မ ပြေဘူး။ အံမဝင်ခွင်မကျဘူး။ တရုတ် ပေါင်ချိန်နဲ့ မြန်မာ စိုင်းအောင်တင့် ဘယ်လိုမှကို ချိန်မရ ဘူး ဖြစ်နေတယ်။ ကိုယ်က မလုပ်ဖူးတာလည်း ပါတာ ပေါ့။ နောက်မှ ပေါင်ချိန်ကို သေချာ လေ့လာတယ်။ သူ့အမူအရာ  သူ့ ကိုယ်နေ ဟန် သူ့မျက်လုံး အကြည့်၊ သူ့စကား အတိုးအကျယ် အကဲခတ် တော့မှပဲ အဆင်ပြေလာတယ်။ ကွက်တိဖြစ်အောင် ဦးရောကျန်တဲ့ အဖွဲ့သားတွေရော ကြိုးစားတော့ အခုတော့ ကွက်တိကျအောင် လုပ်နိုင်ပြီ။ ကျန်ကျောင်းကတော့ City FM က ကောင်လေး တစ် ယောက်။ ဆရာကုန်းစွန်းက သမန်းကျား ကိုမြင့်ပါ။ ဒီအသံလုပ် တာ စုပေါင်း လုပ်ကိုင်တတ်ခြင်းက အရမ်းအရေးကြီးတယ်။ ကိုယ် တစ်ယောက်တည်း နဲ့ မရဘူး။ ကျန်ကျောင်း၊ ပေါင်ချိန်၊ ကုန်းစွန်း အပြင် အားလုံးသော ဇာတ်လမ်းတွဲ ကလူတွေ တကယ်ကို တာဝန်ကြီး ကြပါတယ်။ စလုပ်ခါစကတော့ ပါးစပ်ပေါက် လွဲတာရှိတယ်။ အသံ နဲ့ ရုပ်နဲ့မကိုက်ညီတာ ရှိတယ်၊ အခု လုံးဝ အလွဲမခံဘူး။ စိတ်ကိုနှစ်ပြီး တော့လုပ်တယ်။ သူ့စကားတွေ ပြန်တဲ့အခါမှာ မဆီလျော်တာတွေ ကိုလည်း ဦးက အသံအနိမ့်အမြင့်နဲ့ အဓိပ္ပာယ် မလွဲအောင် သေချာပြန် ပြီးဆီလျော်အောင် လုပ်တယ်။ ဘာသာပြန်တဲ့ သူကတော့ တုံးတိပဲ ပြန်တာပေါ့။ ကိုယ်က ပြန်ကွပ်ရ တယ်။ သူက တကယ့်ဇာတ်ကောင် တစ်ယောက်ဆိုတော့ သူ့အတွက် စကားပြောရတဲ့ အပိုင်းတွေလည်း အမျာကြီးပဲ။ တစ်ပိုင်းမှာ ပြန်ထား တဲ့ စာမျက်နှာတွေက အနည်းဆုံး ၂၅ ရွက်ကနေ  ရွက် ၃ဝ ရှိတယ်။ အဲဒီတော့ တခါတလေ တစ်ရက် တည်းကို အရွက် ၅ဝ ကနေ ၆ဝထိ ပြောတယ်။ အဲဒီနေ့ဆို ဘာမှ မလုပ်နိုင်တော့ဘူး လူကမောပြီး ပင်ပန်းနေရော။

တရားသူကြီး ပေါင်ချိန်နေရာမှာ သရုပ်ဆောင် ရတဲ့အခါမှာ ဦးအနေ နဲ့ ပြင်ပက ဖြစ်နေတဲ့အရာတွေနဲ့ ဆက်စပ်ပြီး တွေး မိသွားတာ မျိုးရော ရှိပါသလား။

ရှိတယ်။ အဲဒါကတော့ ဦး တစ်ယောက်တည်း တွေးမိတာ လေးပါ။ အခုတို့နိုင်ငံက ဒီမိုကရေ စီလမ်းကြောင်းကို ချီတက်နေတဲ့ အချိန်မှာ အခုမြင်နေ ရကြားနေရတဲ့ သတင်းတွေက နှလုံးတုန်ဖွယ် မကြည့်ရက်စရာတွေပဲ။ မတရားမှု တွေကို ကွင်းကွင်း ကွက် ကွက် ထောက်ပြ ဖို့ ပြစ်ဒဏ် စီရင်ဖို့ အင်မ တန်မှကို မရှိသလောက် ရှားပါတယ်။ အဲဒီ မတရားမှုတွေကို ဆုံးဖြတ်နိုင် တဲ့ ဆုံးဖြတ် ရဲတဲ့ ပေါင်ချိန်ဇာတ် လမ်းထဲက တရားသူကြီး ပေါင်ချိန် လိုလူမျိုး တို့နိုင်ငံမှာ သိပ်ကိုအရေး တကြီး လိုအပ်နေပြီ။ တရား ဥပဒေ ကို အမှန်အတိုင်း အရှိကို အရှိတိုင်း မဆောင်ရွက်ရင် လူတွေက ရဲတင်း လာမယ်၊ အဲဒီအတွက်ကြောင့် အဲဒီလိုတရားသူကြီးမျိုး လိုအပ် လာပြီလား တွေးမိတယ်။ ပြီးတော့ ဒီဇာတ်လမ်းကိုပြန်ပြတာ အင်မတန် ကိုသဘောကျတယ်။ ဒီဇာတ်လမ်း ကိုပြခြင်း အားဖြင့် အတုကောင်း ယူစရာတွေကို ယူစေချင်တယ်။

ဦးကို ဒီဇာတ်လမ်းတွဲမှာ အပိုင်း ဘယ်လောက်ထိ လောက် ပါဝင်ဖို့ ကမ်းလှမ်းထားလဲရှင့်။

တကယ့် ဇာတ်လမ်း ကတော့ အပိုင်း၂ဝဝ ကျော်တယ်။ ဦးကို အပိုင်း ၆ဝ လောက်ပဲ စာချုပ်ချုပ် ထားတယ်။ အခုအပိုင်း ၃၅ အထိ အသံသွင်းပြီးပြီ။ ဦးနဲ့သူတို့ဘက်က အိုကေတယ်ဆို အပိုင်းအားလုံး လုပ် ဖြစ်တယ်ဆိုရင် ဦးအတွက် အလုပ် တစ်ခုရမယ်။ ဝင်ငွေလေးလည်း ရမယ်ဆိုတော့ စားရေးသောက်ရေး အတွက်တစ်ပူ လျော့တာပေါ့။ အခု ကားရိုက်လည်း မရှိတော့ ဒီအလုပ် ကိုပဲ အာရုံစိုက်ပြီးလုပ်တယ်။

ရုပ်နဲ့ သရုပ်ဆောင် ရတာနဲ့ အသံ သရုပ်ဆောင် ရတာနဲ့ကျတော့ အားထုတ်မှု အပိုင်းမှာ ဘယ်လို ကွာခြားပါသလဲ။

အိုက်တင်လုပ်တာ နဲ့ အသံ လုပ်တာ အင်မတန်ကို ကွာတယ်။ ထူးခြားတာ ကတော့ အသံသရုပ် ဆောင်ရတယ်၊ လူမပါဘူးပဲ ထင် ကြတယ်။ လူပါမှအသံက ပါတာ ပေါ့။ စကား ရိုးရိုးပြောတာနဲ့ ဒီလို နောက်ခံ အသံ ပြောတာ လုံးဝကို ထူးခြားတယ်။  အသံက ပိုပင်ပန်း တယ်။ သူများရုပ်နဲ့ ကိုယ့်အသံကို လိုက်အောင်၊ သူသရုပ်ဆောင် သလို ပီပြင်အောင်ကိုယ့် အသံနေ အသံထား တအားကို ဂရုစိုက်ရ တယ်။ အိုက်တင်ကတော့ ပေါင် ချိန် အသံကတော့ စိုင်းအောင်တင့် အသံဆိုတော့ လူနှစ်ယောက်စာ ကို တစ်ပြိုင်တည်း လုပ်ဆောင် ရတဲ့ အခါမှာ ပို ပင်ပန်းတယ်။ ရုပ်မပါ ဘူးမထင်နဲ့ ပေါင်ချိန်ထိုင်သလို ပေါင်ချိန်လုပ်သလို အလိုလိုနေ ရင်း မုဒ်ကဝင်နေတာ။  မုဒ်မဝင်ရင် အသံလည်း မကောင်းဘူး။ အဲဒီ တော့ အသံဖမ်း စတူဒီယိုထဲ ဝင် လိုက်တာနဲ့ စိုင်းအောင်တင့်ကနေ ပေါင်ချိန် ဖြစ်သွားရောပဲ။

လတ်တလောမှာ အခြား အနုပညာ လုပ်ရှားမှုတွေရော လက်ခံထား တာပါသလား။

ခြောက်လပိုင်းမှာတော့ MRTV 4 နဲ့ ဇာတ်လမ်းတွဲ တစ်ခု ပြန်ရိုက်မယ်။ အခု အစည်းအရုံးမှာ အခွန် ကိစ္စလေးတွေလည်းရှိတယ် လေ။ ဦးတို့က အခွန်ဆောင်နိုင် အောင် အဲဒီလောက် ဝင်ငွေမှ မရှိ တာ။ ကားများများ ရိုက်ရပြီး အနုပညာကြေး ကမတက်ရင်လည်း ဘယ်လိုလုပ်ပြီး အခွန်ဆောင်မလဲ ပေါ့။ ကိုယ်နေတဲ့နိုင်ငံပဲ၊ အခွန် ဆောင်ချင်တာပေါ့။ ကားရိုက် မရှိရင် ထိုင်နေရတယ်။ ရှိပြန်တော့ လည်း အစိုးရခ လစားတွေ လောက် တောင်မရတာ။ ပေါင်ချိန်ဇာတ် လမ်းက အဆင်ပြေတယ် အပိုင်း ၆ဝ ပြီးလို့ ဆက်ခေါ်ရင်တော့ ဝမ်း သာစွာနဲ့ ဆက်လုပ်မယ်။ အဲဒီလို မဟုတ်ဘဲ  အခြား တစ်ယောက်ချိန်း ရင်လည်း ဦးက ဘာစောဒက တက် လို့ရမှာလဲ။ အနုပညာလောက က သမုဒ္ဒရာ နဲ့တူတယ်၊ ဘယ်သူ သောက်သောက် မခန်းဘူးလေ။ ပေါင်ချိန်ဇာတ်လမ်း အစစ်တောင် မှပဲ နှစ်ယောက် ချိန်းသေးတာပဲ။

ထူးထူး မေးမြန်းတင်ဆက်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*