နွေဦးပေါက်ခါ မြိုင်တစ်ကြော

နွေဦးပေါက်ခါ မြိုင်တစ်ကြော
April 28, 2017 Asian Fame

12:18 pm
နွေဦးပေါက်ခါ မြိုင်တစ်ကြော

Kyi-Min-Article-(2)ခြေလှမ်းများ

ကဗျာသမားများသည် ကာရန် ညီသော စာကြောင်း (ပါဒ/ဝါကျ)များဖြင့် ခြေလှမ်းစတင်ရသည့်နည်း တူ ပန်းချီသမားများသည် မျဉ်း(Line)၊ အသွေးနုရင့် (Tone and Shades) နှင့် နီးဝေးအမြင်(Perspection)) တို့ဖြင့် ခြေလှမ်းစတင်ရ သည်။

ဤသို့စတင်သောအခါ လေ့ ကျင့်ရေး လိုအပ်လာသည်။ အလွယ် ဆုံးနှင့် အပေါဆုံးမှာ ခဲပန်းချီဖြစ် သည်။ A4 စာရွက်ဖြူ တစ်ရွက်နှင့် HB ခဲတံတစ်ချောင်းလောက် ရှိလျှင် ရပြီ။ သို့သော် တကယ်နှစ်နှစ်ကာ ကာလုပ်လိုလျှင် ပုံဆွဲစက္ကူ (Draw-ing Paper)၊ 2B, 3B, 4B ခဲတံ ၃ ချောင်း၊ လက်သမားသုံးခဲတံပြား တစ်ချောင်း၊ ခဲမှုန့်တစ်ပုလင်းနှင့် ရေဆေးစုတ်တံတစ်ချောင်း လို သည်။ ဟုတ်ကဲ့။ ခဲဖျက်လည်း လို သပေါ့။

ခဲပန်းချီလက်ရာကောင်းတွေ အများကြီးတွေ့ခဲ့ဖူးသည်။ ခက်တာ က သက်တမ်း ကိစ္စဖြစ်သည်။ စာ ရွက်က ရော်ဝါဝါဖြစ်လာ၍  Tone  တွေ လျော့ကုန်သည်။ ခဲသားက မှိန်လာတတ်သည်။ အနုစိတ်တွေ ဝါးလာတတ်သည်။

ပြတိုက်တစ်ခုသို့ သွားကြည့် လျှင် ခဲပန်းချီကို သိပ်များများ မတွေ့ နိုင်။ ခဲပန်းချီကို တာရှည်ခံဖို့ အတွက် စနစ်တကျ ဘောင်တပ်ရသည်။ မှန် ကောင်းကောင်း၊ ဘောင်ကောင်း ကောင်းလိုသည်။ မှန်သားကောင်း ဖို့လိုပြီး လေလုံနိုင်သမျှ လုံစေသော ဘောင်တပ်နည်း သုံး တတ်ရ မည်။ အပူအအေး ညီမျှအောင်လုပ်ထား သောအခန်းတွင် မီးအေးအေးများ ကို စနစ်တကျ ထွန်းပေးထားရမည်။ ဤကရိကထ များကို ပြတိုက်က လုပ်ဆောင်ရမည် ဖြစ်ရာ ဘောင် တပ်ပြီးသား ဆီဆေးကားကိုပဲ ဝယ် ချင်ကြပေလိမ့်မည်။

ဂန္ထဝင်ခဲပန်းချီ

ခဲပန်းချီက Pencil Drawing ဟုပဲခေါ်ပြီး Painting ခေါ် ပန်းချီ ကားအဆင့် မသွင်းကြသောကြောင့် လည်းကောင်း၊ မူရင်းအလှက ပျက် ပြယ်လွယ်၍ လည်းကောင်း၊ ခဲကို ခြေလှမ်းစရာ လေ့ကျင့်ရေးပစ္စည်း အဖြစ် အဓိကသုံး၍ လည်းကောင်း ဂန္ထဝင်ပန်းချီ ကဏ္ဍတွင် ခဲကားများ ရှားနေရခြင်းဖြစ်သည်။ မရှိဘူးတော့ မဟုတ်ပါ။ ဗန်ဟော့ဖ် (ဗင်ဂိုးဟု ဖတ်နေကြသော Van Gogh) ၏ ခဲ လက်ရာ စုဆောင်းမှုများ သီးသန့်ရှိ သည်။ နာမည်ကျော် အာလူးစားသူ များကားမှာ ဆီဆေး ပန်းချီဖြစ်သော် လည်း ပဏာမ လေ့လာချက် အဖြစ် ရေးထားသော (ပုံကြမ်းမဟုတ်သည့်) ခဲပန်းချီများမှာ ကမ္ဘာကျော်ပါသည်။

ကြုံ၍ ဗန်ဟော့ဖ် အကြောင်း ပြောပါဦးမည်။ သူ မကွယ်လွန်ခင် ခရစ်နှစ် ၁၈၈၇ တစ်ဝိုက် ရေးဆွဲခဲ့ သော ပန်းချီကားများကို ကြည့်လျှင် သူသည် အောက်သက်မှ ကျေပါရဲ့ လား၊ စနစ်တကျ လေ့ကျင့်မှုမှ ရခဲ့ ပါရဲ့လားဟု တွေးစရာ ရလိမ့်မည်။ ပန်းချီကျောင်း တစ်ခုတွင် တက် ရောက်ခဲ့သော်လည်း ပြီးဆုံးသည် အထိ မတက်ခဲ့ပါ။ သင်တန်းနည်း ပြ၏ အကြံပေးပြုပြင်ချက် များကို ကလန်ကဆန် လုပ်လွန်း၍ ပထမ နှစ်ပြီးခါနီးမှ ထွက်လာခဲ့ရသည်ဟု မှတ်တမ်း ရှိသည်။ ထို့ကြောင့် ခဲပန်း ချီသဘော၊ အလင်းအမှောင် သဘော၊ အနီးအဝေး သဘောတို့ကို သူ သင် ယူလေ့လာလေ့ကျင့်ခဲ့ဖူးပါသည်။

စု-တု-ပြု

အနုပညာ သမားသည် စု-တု-ပြု သုံးဆင့်ကို ဖြတ်ကျော်ရကြောင်း ဆရာ မင်းသုဝဏ်က သွန်သင်ခဲ့ပါ သည်။ ကြွယ်ဝစေရန် ရသမျှလေ့ လာခြင်း၊ နှစ်သက်သည့် လက်ရာ များကို အဖန်တလဲလဲ ကူးရေးကူး ဆွဲခြင်း(လေ့ကျင့်ခန်းဆင်းခြင်း) နှင့် အသိအမြင် ကြွယ်ဝ၍ အတတ်ပညာ လည်း ပြည့်လာသည့် အခါ ကိုယ် ပိုင်ဖန်တီးခြင်းတို့ဖြစ်သည်။

ပါရမီမြင့်မားလှသဖြင့် ဆေး စက်ကျရာ အရုပ်ထင်နိုင် သူများဟု နာမည်ကျော်သော လီယိုနာဒိုဒါဗင် ချီ၊ ရမ်းဘရန့်၊ ဒေးဂါး၊ မိုးနေး၊ မား နေး၊ ကွန်စတေဘယ်၊ ကိုရိုး (Corot) တို့ကို လေ့လာလျှင် ငယ်စဉ်ကလေ့ ကျင့်ခဲ့သော ပုံကြမ်းများကို တွေ့လိမ့် မည်။ ဗင်ဟော့ဖ်တို့၊ ပကားဆိုး(ပီ ကာဆို)တို့ဆိုလျှင် ဂျပန်ပန်းချီလက် ရာများကို မနေမနား ကူးဆွဲခဲ့ဖူး သည်။

ကဗျာဆရာများတွင် နှစ်သက် ရာ ဂန္ထဝင်ကဗျာ များကို နှုတ်တက် ရွရွ ရွတ်ဆိုရင်း လိုက်လံတုပရေး ကြည့်ခဲ့သော စုတုကာလ ရှိလေ့ရှိ သည်။ ပန်းချီဆရာ ဆိုလျှင်လည်း ကိုယ်လေးစားသော ပန်းချီလက်ရာ ၏ အထားအသို၊ အလင်းအမှောင် နှင့် အရောင် သုံးစွဲမှုကို ကြိုက် လွန်း ၍ ထပ်ပြန် တလဲလဲ လေ့ကျင့်ကူးဆွဲ နေတတ်ကြသည်။

မဟုတ်တာ ကြားဖြတ်၍

ကြားဖြတ်၍ မဟုတ်တာတွေ ပြောပါဦးမည်။ ပန်းချီလောကတွင် လူထူး လူဆန်း တချို့ ရှိသည်။ မြန် မာစာပေနယ်၏ ရှဲဒိုးလောကမှ တချို့ ရှဲဒိုးများလိုဖြစ်သည်။ လက် ရာကောင်းများ ဖန်တီးနိုင်သည့်လက် ကောင်းများ ဖြစ်ကြသော်လည်း မူ ပိုင်လက်ရာ ဖန်တီးခြင်းကို လုံးဝ စိတ်မဝင်စား။ အတု လုပ်ခြင်းမှာ သာ ပျော်မွေ့သည်။ ဥရောပနှင့် အမေရိက တွင် ထိုဈေးကွက် တစ်ခု တွင်ကျယ်သည်။ တစ်လိုင်းကို နိုင် နင်းအောင်လေ့ကျင့်ထားပြီး အပ် ထည် လက်ခံကြခြင်းဖြစ်သည်။ သရုပ်မှန်သမား(Romanticist) တို့က ဂိုယာ၊ ရေးနွား ၊ ရမ်းဘရန့်၊ ကိုရိုး စသူတို့၏ ပန်းချီကားများ အတုဆွဲသည်။ အင်ပရက်ရှင်သမား တို့က မိုးနေး၊ ဂိုးဂန်(ဂေါ်ဂင်ဟုခေါ် နေကြသော Gauguin) စသူတို့၏ ပန်းချီကားများ အတုဆွဲသည်။ သူ တို့သည် အဖန်တလဲလဲ လေ့ကျင့် ထားသူများဖြစ်၍ အပ်ထည်ရလာ လျှင် မြန်မြန် လုပ်ပေးနိုင်လေ့ရှိ၏။ ပွဲစားများနှင့်ပေါင်း၍ စီးပွားဖြစ်လုပ် စားသူများကတော့  Private Collection  ခေါ် သီးသန့် စုဆောင်းသူ များထံတွင် သာ ရှိသည့် ရှားပါးပန်း ချီကားများကို အတုလုပ်ကြသည်။

ရယ်စရာတစ်ခု ကြားဖြတ်ပြော ပါဦးမည်။ ဟစ်တလာ ခေတ်တွင် ပန်းချီကားများ ပြည်ပ ခိုးထုတ်ခြင်း ကို တင်းတင်းကျပ်ကျပ် တားဆီး သည်။ ခိုးထုတ်သူ ပွဲစားများက ထို အခက်အခဲကို ကျော်ဖြတ်ရန် ပညာ သုံးသည်။ မူရင်း ပန်းချီကားပေါ်တွင် ဟစ်တလာခေတ်ရှုခင်း၊ အထူး သ ဖြင့် ဟစ်တလာ ပုံတူများ ထပ်ရေး ပြီး လှည့်စားခြင်းဖြစ်သည်။ တစ်ခါ သော် ပွဲစားတစ်ဦးက လျှို့ဝှက် အ ဆက်အသွယ်ဖြင့် လက်ရာကောင်း တစ်ခု ရလာသည်။ နာမည်ကြီးပန်း ချီဆရာ၏ ဂန္ထဝင် လက်ရာဖြစ်၍ အဖမ်းခံရမည် စိုးသဖြင့် အဆက်အ သွယ်ရှာပြီး ဟစ်တလာ့ ပုံတူ ထပ် ဆွဲသည်။ နေရပ်ပြန်ရောက်တော့ ဟစ်တလာ့ပုံကို ကျွမ်းကျင်သူ အ ကူအညီဖြင့် ဖျက်ရာ မူရင်း ရှုခင်းပုံ ပေါ် လာသည်။ သို့သော် ကျွမ်းကျင် သူက ဤပန်းချီကား အောက်တွင် နောက်တစ်ကား ရှိနေနိုင်ကြောင်း ပြော၍ ရှုခင်းကား ကိုဖျက်ရာ မူရင်း ပန်းချီကား ပေါ်လာသည်။ ဟစ်တ လာ၏ ပုံတူကြီး။

‘မက်’မှ အကူးသမားများ

မဆိုင်တာတွေ နိဒါန်းပျိုးလာ လိုက်သည်မှာ Met  ခေါ် New York Metropolitan Museum  နှင့် အတော်ကြီး အလှမ်းဝေးလာပါ ပြီ။ ပြန်ကောက် ရတော့မည်။ ပြန် မကောက်ခင်မှာ ခဲပန်းချီ တစ်ကား အကြောင်း ပြောလိုက်ပါဦးမည်။

မန္တလေးနေ မိတ်ဆွေကြီး တစ် ဦးက ပန်းချီအရောင်းခန်း တစ်ခု ဖွင့်ရန်ဆိုပြီး ပန်းချီကားတွေ လိုက် စုသည်။ တော်တော် များများ ရလာ တော့ ကျွန်တော့်ကို ခေါ်ပြသည်။ ထိုအထဲမှ ခဲကားတစ်ကားကို ကျွန် တော် သတိပြုမိသည်။ ပန်တျာ ကျောင်းအုပ်ကြီး ဦးကံညွန့် ၏ လက် ရာဖြစ်ပါမည်။ နန်းမြို့ရိုးနှင့် အရှေ့ ကျုံးကို ရေးထားခြင်းဖြစ်သည်။

ပန်းချီကား တစ်ကားကို အ လျားလိုက်ကော ဒေါင်လိုက်ပါ ညီ တူညီမျှ ထက်ခြမ်းခွဲလျှင် ဒေါင်လိုက် မျဉ်းမတ်နှင့် အလျားလိုက် မျဉ်းလဲ အပေါ် တွင် အဓိကပစ္စည်း (Main Object) များ ရှိမနေရပါ။ Composition ခေါ် ဖွဲ့စည်းပုံ ‘အ’သွား ပျက်သွားသည်ဟု ယူဆကြပါသည်။ ပန်းချီ ပညာ၏ အခြေခံ အချက်ဖြစ် ၍ ဝါသနာရှင်တိုင်း သိကြသည်သာ ဖြစ်ပါ၏။ သို့သော် ဦးကံညွန့်သည် ထိုအချက်ကို တမင် ပင် ဗြောင်ကျ ကျ ချိုးဖောက် ထားသည်။ ဤသို့ ချိုးဖောက်ထားသည့် တိုင် ထိုအပြစ် တို့ကို သတိမထားမိ နိုင်လောက် အောင်ပင် ပညာ ပါပါ ကျော်ဖြတ်ပြ သွားသည်။ အလွန် အံ့သြဖွယ်ကောင်း သော ပန်းချီကားဟု ကျွန်တော် သတ်မှတ်ပေးပြီး မရောင်းပါနှင့်၊ ပြခန်းပိုင် အဖြစ်ထားပါ၊ ရောင်းမည် ဆိုလျှင်လည်း ကြိုက်ဈေးကို ကျွန် တော်ပေးပါမည် ဟု မှာကြားခဲ့ပါ သည်။ သို့သော် နောက်ထပ် တစ် ခေါက်အရောက် စစ်ဆေးကြည့် တော့ ထိုခဲခြစ်ပန်းချီကားလေး ရှိမ နေတော့ပါ။ ခြေရာပျောက်သွားပါ သည်။

ကူးနေသူများ

ကျွန်တော် ကံကောင်းသွား သည်က ပန်းချီကား ဖလှယ်ပြသရေး အစီအစဉ်အရ ‘မက်’တွင် ဥရောပ ပန်းချီ နယ်ပယ်၏ ဂန္ထဝင်လက်ရာ များ ပြပွဲနှင့် တည့်တည့်တိုးခြင်းဖြစ် သည်။ ကျွန်တော်သာ ခရီးလှည့် ပရိုဂရမ်အရ နေထိုင်ရသူမဟုတ် လျှင် ထိုပြတိုက်ထဲမှာ အနည်း ဆုံး တော့ ၃ ရက်လောက် ကျင်လည် နေမိမည်ဖြစ်ပါသည်။ ယခုတော့ ပန်းခင်းကို မြင်းစီးကြည့်ရသလိုဖြစ် သည်။

သူတို့ဆီက ပန်းချီပြခန်းများ ပြတိုက်များတွင် နံရံပေါ်က မူရင်း ပန်းချီကားကို လက်တွေ့ ကူးဆွဲနေ သူများ ရှိတတ်သည်ဟု ကြားဖူးခဲ့ သည်။ မူရင်း ပန်းချီကားကို စာအုပ် တွေထဲမှာ တွေ့နိုင်သည်။ ထို့ထက် ကောင်းသည်မှာ Colour Print  ခေါ် အရွယ်ကြီးကြီးဖြင့် ပုံနှိပ် ထား သော မိတ္တူ များဖြစ်သည်။ ထိုမိတ္တူ ကို စကေးကိုက် ပုံကြမ်းယူ၍ဆွဲလျှင် ကော မဖြစ်ဘူးလား။ စကေးယူရန် သာ ကောင်းပါသည်။ အရောင်ကျ တော့ လွဲချင်သည်။ တိုက်ရိုက်ကူး ယူတော့ အရောင် ပိုနီးနီးစပ်စပ်ရ နိုင်သည်။ လက်တွေ့ လေ့ကျင့်နေ သော ပန်းချီဆရာ အတွက် ကမ္ဘာ ကျော် ဂန္ထဝင်ကားကို ကြည့်ပြီး ကူး ရေးရသည်မှာ အလွန် ကောင်းသည့် အတွေ့အကြုံ ဖြစ်မည်။

တွေ့ပါပြီ။ ဥရောပန်းချီခန်း တွင်ဖြစ်၏။ အမျိုးသား ပန်းချီဆရာ က လူပုံတူ ပန်းချီကားကို ကူးဆွဲနေ ၏။ ပန်းချီပြခန်းထဲ တွင် အေးအေး လူလူ ထိုင်အရသာ ခံနိုင်ရန် ထိုင်ခုံ များချထားပေးရာ အချို့က ပန်းချီ ကူးနေသူကို လေ့လာနေကြသည်။ တစ်ဦးကတော့ ပန်းချီ ဆရာနောက် နားမှာ မတ်တတ်ရပ်ရင်း ဆေးသွင်း နေပုံကို တယ်လီဖုန်းပါ ဗီဒီယိုကင် မရာဖြင့် မှတ်တမ်းတင်နေသည်။

ဥရောပ ပန်းချီချည်းပင် ခန်းမ ၅ ခုလောက် ခွဲပြထားရာ နောက် တစ်ခန်းတွင် နောက်တစ်ဦး ကို တွေ့ ရပြန်ပါသည်။ သူကတော့ အမျိုး သမီးကြီးဖြစ်သည်။

သူတို့နှစ်ဦး ဝတ်ဆင်ပုံကို သတိထား ကြည့်မိသည်။ သပ်ရပ် သည်။ အဆင့် ရှိသည်။ ပန်းချီဆရာ တို့သုံးလေ့ရှိသော အပေါ်လွှာဂျက် ကက်ဝတ် ထားသည်။ ပန်းချီဆွဲလျှင် ပန်းချီဝတ်ရုံဖြင့် ဆွဲတာ ကောင်းပါ သည်။ အိတ်ထောင် များများပါသ ဖြင့် တိုလီမိုလီတွေ ထည့်နိုင် သည်။ ကိုယ်ဝတ်ရှပ် အင်္ကျီတို့ ဘလောက်စ် တို့ ဘောင်းဘီတို့ကို ဆေးမပေ အောင် တားထားနိုင်သည်။ ပန်းချီ ဆရာ ယူနီဖောင်းမှန်းလည်း သိသာ သောကြောင့် နေရထိုင်ရ အဆင် ပြေသည်။

သူတို့ဆွဲလက်စကို ကြည့်လိုက် တော့ တော်တော် လက်ကောင်းသူ တွေမှန်း ပေါ်လွင်သည်။ တိုက်နံရံ ဆေးသုတ် တတ်ရုံအဆင့်၊ တိုင်ကီပုံး ဆေးသုတ်တတ်ရုံ အဆင့်လောက် နှင့် ဤလို ကမ္ဘာကျော် ပုံတူများကို လာကူးရဲသည့် သတ္တိ မရှိနိုင်။ အ ခြေခံမပိုင်ဘဲနှင့် လာရဲမည် မဟုတ်။ မိုးနေး၏ ကောက်ရိုးပုံမှ ဆည်းဆာ ရောင်ကိုရအောင် ဆေးစပ်ဖို့မပြော နှင့် ထနောင်းခေါက် အတွက် ဆေး ဘယ်လို စပ်ယူရမည် ဆိုသည်ကိုပင် မသိသူများ ဤလို လူရှေ့သူရှေ့ ထွက်ရဲမည် မဟုတ်။ ဤပန်းချီဆရာ နှစ်ဦး သည် ဆေး ကိုနိုင်ပြီး သူများ ဖြစ်၍သာ လူရှေ့ထွက်ရဲခြင်း မှာ ရှင်းပါသည်။

သူတို့ပန်းချီကားတွေ ကြည့် လိုက်တော့ ခရီးတစ်ဝက် ကျော်ကျော် ကျိုးနေကြပြီကို တွေ့သည်။ သို့သော် ယနေ့ လက်စသပ်နိုင်ရန် ကား လွယ် ပုံမပေါ်။ ဆီဆေးလိုပင် နှစ်သက် ဖွယ်ကောင်းသော အခရီးလစ် ရေ ဆေးနှင့်ဆိုလျှင်တော့ နေ့ချင်းပြီး လိမ့်မည်။ ဆီဆေးတွင် ကား အောက် ခံအရောင် က လုံးဝ ခြောက်သွေ့သွား မှသာ နောက်ထပ် တစ်လွှာတင်ရ သည်။ မခြောက်သေးခင် ထပ်တင် လျှင် လိုအပ်သော အရောင် လွဲသွား နိုင်သည့်ပြင် အက်ကွဲခြင်း များဖြစ် တတ်သည်။ သူတို့ကားများတွင် Final Coat and Touching လိုနေ သေးသည်။ အကောင်းစားဆီဆေး ကို သုံးကြသည့်တိုင် ဆေးသားသိပ် မပါးလျှင် နောက်တစ်လွှာ တင်နိုင်ဖို့ ၂၄ နာရီတော့ စောင့် ရ လိမ့်မည်။ နောက်ရက်တွေမှာ ပါ လာခွင့်ရလျှင် သူတို့ အပြီးသပ် အချောကိုင်ပုံကို မြင်ခွင့်ရမည် ထင်ပါသည်။

ကြည်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*