အခွန်ယဉ်ကျေးမှု

အခွန်ယဉ်ကျေးမှု
April 27, 2017 Asian Fame

4:02 pm
အခွန်ယဉ်ကျေးမှု

Bo-Nyein-Tha--Articleဤစကားမျိုး ကို ပြောတော့ ”ဒီဆရာ့ပါးစပ်က မတန်မရာ ရွှေ စကား၊ ငွေစကားတွေ ထွက်နေပါ လား” ဟု ပွစိပွစိ ပြောကြ ဦးမည်။ ခေတ္တခဏ ဂရုစိုက်ကာ ဆက်ဖတ် ကြည့်လျှင် အရေးပါသည့်အကြောင်း များ ပါလာပါမည်။

အများတကာ လည်း ကြား လိုက်ပါမည်။ အခွန်ကောက်တော့ မည်ဟူသော သတင်း။ အထူးသ ဖြင့် စိန်၊ ရွှေ အရောင်းအဝယ် များ အပေါ်တွင် ရောင်းခွန်၊ ဝယ်ခွန် ကောက်တော့မည်။ ထိုသတင်း ကြောင့် အခွန်မကောက်မီ ရွှေဆိုင် များ၌ ရောင်းသူဝယ်သူ များဖြင့် ကြိတ်ကြိတ်တိုး စည်ကားနေသည် တဲ့။ ယင်းသို့ အတိအကျ သတင်း ကြားမှ သက်ပြင်း ချနိုင်တော့သည်။ မိမိတို့လို စိန်မရှိ၊ ရွှေမရှိ သူများကား စိတ်ပူစရာ မရှိသေးဟု မိမိကိုယ် ကိုယ်ဖြေလိုက်သည်။ တစ်ခါတရံ ဤကဲ့သို့ ပစ္စည်းဥစ္စာ မပြည့်စုံ၍ ချို့ငဲ့စွာ နေရခြင်းသည် ပင်လျှင် ချမ်းသာ သုခ တစ်မျိုးပါ ကလားဟု တွေးမိ ပါသည်။

တစ်ခုတော့ ပြောရန် ရှိပါသည်။ ဒို့ဗမာ မဟာသာကီဝင် မင်းမျိုးများ ကား  ဤအခွန် ထမ်းဆောင်သော ကိစ္စတွင် မိမိတို့နှင့် မဆိုင်ဟု သဘော ထားကြ သူများပါသည်။ ဟိုးယခင် က အခွန်ဆိုသည်မှာ အစိုးရအလုပ် ဟု ယူဆ သူများပင်ရှိပါ၏။ နိုင်ငံ သားဖြစ်သူတိုင်း အခွန်ထမ်းဆောင် ရန် တာဝန်ရှိကြောင်း မည်သူမျှ ပြောဆိုဆွေးနွေးခြင်း အလျဉ်းမရှိခဲ့ ၍ ယင်း အလေ့အထ၌ မသိနား မလည်ကြခြင်း ကို ဝန်ခံရမည် ဖြစ် ပါသည်။ အခွန်ဥပဒေ ကလည်း တော်ရုံဖြင့် နားမလည်နိုင်။ ဥပဒေ သမားများ မှသာ ဖြစ်မည်။ စား သောက်ဆိုင်ကြီး တစ်ခုမက ပိုင် ဆိုင်သော မိမိ၏ မိတ်ဆွေရင်း တစ်ဦး ဖြစ်သူက ပြောပုံကို နားထောင် ကြည့်။

”အခွန်ဆိုတာ ထမ်းဆောင် ချင်ရင်လည်း ရတယ်။ သူတို့က လက်ခံထားလိုက်မှာဘဲ။ အခွန် မဆောင်ရင်လည်း ဘယ်သူမှ တရား လာမစွဲပါဘူး။ ဒီလိုပဲ ကြည့်ပြီးပေး လိုက်ရင်ရတယ်” ဟူ၏။  သူ့စကား က အနှောင့် မလွတ်၊ အသွား မလွတ်။ တစ်ယောက်ယောက်ကို ရည်ညွှန်း သလိုလို။ မည်သို့ပင်ဆို စေ အခွန်နှင့် ဆိုင်သော  စည်းမျဉ်း ဥပဒေများကို တိကျ ခိုင်မာလာစေ ရန် ပြင်ဆင်ရန် လိုအပ်နေပြီဖြစ် ကြောင်း။  သူ့စကားကို ကြားလိုက် သဖြင့် သဘောပေါက်လာသည်။

အခွန်ထမ်းရမည့် လုပ်ထုံးလုပ် နည်းနှင့် နောက်ဆက်တွဲ အကျိုး အပြစ်တို့ကို ရုပ်မြင်သံကြားတွင် ဆွေးနွေး ခဲ့ကြသည်ကို ကြားလိုက် ရပါ၏။ ‘အခွန်ယဉ်ကျေးမှု’ တဲ့။ မည်သို့ပင်ဆိုစေ စကားသုံးထား ပုံက လှသည်။ တစ်နည်းအားဖြင့် စိတ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်ပြည့်ဝ လာ စေရန် လေ့ကျင့် ပညာယူခြင်းကိုပင် ယဉ်ကျေးမှုဟု ဆိုကြသဖြင့် အခွန်အကောက်နှင့် ပတ်သက်၍ လူ တိုင်း စိမ်းမနေ ရန် လေ့ ကျင့်ပျိုး ထောင်ခြင်းကိုပင် အခွန်ယဉ်ကျေး မှုဟု အဓိပ္ပာယ် ဖွင့်လိုက်ပါမည်။ ထိုအနက် သဘော၌ အခွန်မဆောင် သောသူများ မယဉ်ကျေးဘူး ဟူ၍မူ လွဲမှားစွာ မကောက်ယူပါနှင့်။ သို့ သော်လည်း အခွန်ထမ်းဆောင် သင့်လောက်အောင် ချမ်းသာ ကြွယ်ဝ သူများက အခွန်ရှောင်ကြ လျှင်ကား မရိုးသားရာ ရောက်ပြီး မုသားအပြစ်ကို တစ်နှစ်လုံး ရင်၌ သိမ်းပိုက် ထားသကဲ့သို့ ဖြစ်နေပါ မည်။ ဤသို့ရေးလိုက်လျှင် ” သူ ကမှ အခွန်ဆောင်စရာ မလိုတာ၊ ပြောအားရှိမှာပေါ့” ဟု မေးတစ် ဆတ်ဆတ် ထိုးကာ စောဒကပြုမည့် သူများကို မြင်မိပါသေးသည်။

မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များ အများအပြား ရှိနေသော မိမိတို့ တိုင်းပြည်တွင် ‘အခွန်ဒါန’ ဟု သုံး လိုက်ပါက စည်းရုံးရေး စကားဖြစ် သွားမည်။ ”အခွန်ဆောင်ခြင်း သည် ဒါနပြုခြင်း တစ်မျိုး” ဟုသာ ကြွေးကျော်သံဖြင့် စလိုက်လျှင် လူအားလုံး ပါလာနိုင်မည် ထင်ပါ သည်။ ကုသိုလ်ရမည့် ကိစ္စဖြစ် လာ ကာ အရေးတကြီး သဘောထား လာမည်။ မိမိတို့ သာကီဝင်မင်းမျိုး များကား သဒ္ဓါစိတ် ပေါက်လာလျှင်   လက်တွင် ဝတ်ထားသော စိန်လက် စွပ်ကိုပင်လျှင် အချိန်မဆိုင်းဘဲ ချွတ် လှူတတ်သောအမျိုး ဖြစ်ပါ သည်။ ထို အခွန်ထမ်းဆောင် လိုက် သော ငွေတို့ကို အများ အတွက် သို့ မဟုတ် တိုင်းပြည်အတွက် မည်သို့ သုံးစွဲ လိုက်သည်ကို ပွင့်လင်းမြင် သာရှိလာ လျှင် စေတနာ ပေါက်လာ ကြမည်ထင်ပါသည်။ နိုင်ငံတကာ တွင်မူ ကုန်ကျစရိတ် ကာမိစေရန် အတွက် စက်ရုပ်များအပေါ် အ ခွန် ကောက်သင့်ကြောင်း ပြောနေ ကြသောအခါ၌ မိမိတို့တိုင်းပြည်၌ အခွန်ကို ဒါနအဖြစ်သာ ကင်ပွန်း တပ်လိုက်ပါက အခွန်ငွေ များ ထား စရာမရှိအောင် ဝင်လာနိုင်ပါ ကြောင်း။

မှန်နန်း မဟာရာဇဝင်တော် ကြီး ပထမတွဲတွင် စာတစ်ပိုဒ်ကို ဖတ်ဖူးလိုက်သည်။ အတိုချုံး၍ဆို ရလျှင် ”ကမ္ဘာဦးသူ တို့သည် အစဉ် အတိုင်း သူတော်ကောင်းတရားကို အားထုတ်၍ မင်းမျိုး၊ ပုဏ္ဏားမျိုး၊ သူဌေးသူကြွယ်မျိုး၊ သူဆင်းရဲမျိုး ဟူ၍ အမျိုးလေးပါးတွင် ထင်ရှားစွာ ဖြစ်ကုန် သတည်းတဲ့။ ထို ကမ္ဘာဦး၌ ဖြစ်သော မဟာသမ္မတမင်း သည် ရသေ့မုနိ အစရှိသော သူတော် ကောင်းတို့နှင့် ပေါင်းဖက် တိုင်ပင် တော်မူ၍ စကြသဋ္ဌာတော် နား၌ ရှိ သော အထူးထူးသော ဓမ္မသတ် ကျမ်းဂန် တို့ကို ရေးကူးစေကာ တရားနှင့် အညီ အဂတိလေးပါးသို့ မလိုက်သည်ဖြစ်၍ ဆုံးဖြတ်စီရင် တော်မူ၏တဲ့။ ထိုအခါ ဇမ္ဗူဒီပါ ကျွန်းသူ အပေါင်းတို့သည် မဟာ သမ္မတမင်းကို မှီ၍အသက် မွေးကုန်၏။ လုပ် ဆောင်၍ရသော ပစ္စည်းပယံ တို့ကို မဟာသမ္မတ မင်းအား ဆယ် ဖို့တစ်ဖို့၊ ဆယ်ခိုင်တစ်ခိုင်၊ ဆယ် လုံးတစ်လုံး၊ ဆယ်ပွင့်တစ်ပွင့် ဆက် ကုန်၏။ ထိုသို့ဆက်သော ပစ္စည်း ပယံတို့သည် အလွန် များသည်ဖြစ် ၍ ထိုမင်းသည် ပြန့်ပြောစွာဖြစ် သောအားဖြင့် ခတ္တိယမဟာသာလ အဖြစ်သို့ ရောက်၏။ ထိုမင်းလည်း မင်းကျင့်တရားဆယ်ပါး၊ သင်္ဂြိုဟ် ခြင်း တရားလေးပါး နှင့်အညီ မင်း၏ ချမ်းသာကို ခံစားတော် မူသတည်း” ဟူ၏။

ဤစာမှာ လူဟူ၍ဖြစ်တည် စတွင် ပေါ်ပေါက် လာသော အဖြစ် အပျက် တို့ကို မှတ်တမ်းတင်ထား ခြင်းသာဖြစ်ပါသည်။ ဤမှတ်တမ်း စာပိုဒ် ကို ဖတ်ပြီး ရုတ်တရက် ယုံရ ကောင်းနိုးနိုး၊ မယုံရကောင်း နိုးနိုး ဖြင့် ဝေခွဲမရ ဖြစ်နေနိုင်ပါသည်။ သို့သော် လည်း ယျေဘုယျ အားဖြင့် ကမ္ဘာဦးအစ ကျောက်ခေတ်လွန် ကာလကတည်းက လူသားတို့ အစု အဖွဲ့ဖြင့်နေထိုင် တတ်လာသော ယဉ်ကျေးမှု ပေါ် လာသည့်အခါ မိမိတို့ အုပ်စုတွင် အုပ်စုခေါင်း ဆောင်ထားကာ ထိုခေါင်းဆောင် ပြောကြားသည့် အတိုင်းလိုက်နာ ကြသည့် အလေ့အထ ပေါ်လာ ကြောင်းဟူ၍ ဆိုထားသော ဖြစ်စဉ် ကိုမူ မငြင်းနိုင်ပါ။ မိမိ ဆိုလိုရင်း မှာ ကျောက်ခေတ် နှောင်း ကာလ နောက်ပိုင်းတွင် ခေါင်းဆောင် အ ကြီးအကဲ ဟူ၍ ထားလာရခြင်း၊ ၄င်းတို့ထားသော ထိုသူသည် အမဲ လိုက်ကာ အစားအစာ မရှာဖွေနိုင် သဖြင့် မိမိတို့ ရှာရသော တိရစ္ဆာန် အသားတို့ကို ခွဲဝေပေးကြခြင်း စသော အလေ့အထ များမှ ယနေ့ ခေတ်တွင် ”အခွန်ပေးဆောင် ရ သောစနစ်” ဖြစ်ပေါ်လာသည် ဆိုချင်ပါသည်။

အချိန်ကာလ အရလည်း နှစ် ပေါင်းထောင်ချီ ကာ ကြာရှည်ခဲ့ပြီ။ နေရာ ဌာနအားဖြင့်လည်း အမျိုး အမည် တိတိကျကျ မခွဲနိုင် လောက်အောင် ရွေ့လျော သွားပြီ။ မျက်စိ တစ်မှိတ် အတွင်း ပြောင်းလဲ သွားတတ် သောစိတ်နှင့် အချိန်နှင့် အမျှ အို ဟောင်းနေ သာရုပ် တို့ဖြင့် ဖွဲ့စည်း ထားသော လူသားမျိုးနွယ် တို့အ တွက်မူ ပြောဖွယ်ရာ မရှိတော့။ လူ အနေဖြင့် အပြောင်းအလဲ များလာ သော အခါ မင်းကျင့်တရား ဆယ်ပါး အနက် အပါးမည်မျှသာ ကျန်တော့ မည်ကို မပြောနိုင်။ အထောက် အပံ့ပြုသော သင်္ဂြိုဟ်ခြင်း တရား လေးပါး အရ အများတကာအား ပေးကမ်းခြင်း မပြုနိုင်သည်လည်းရှိ မည်။  မကျေနပ်ချက် များလာသ ဖြင့် ချစ်ခင်ဖွယ်သော စကားကို မဆို ဖြစ်ဘဲ ဒေါနှင့် မောနှင့် ပြောဖြစ် သွားမည်။ မိမိ အဖွဲ့အစည်းအတွက်၊ အကျိုးစီပွား တိုးလာရန်လည်း မပြု ကျင့်ဖြစ်တော့။ လူတကာကိုကိုယ် နှင့် တန်းတူပြုကာ ကိုယ်ချင်းစာ တရားလည်း မထားနိုင်တော့။ မိမိ က မင်းမျိုးမင်းနွယ် ဆိုသော မာန် မာနကလည်း ကြီးလာသည်။ လူသား အနေဖြင့် ဤမျှလောက် ပြောင်းလဲ သွားပြီ ဖြစ်သဖြင့် ဆယ်ဖို့တစ်ဖို့ ဆို သည့် အခွန်အတုပ် ဟူသော အ ခေါ်အဝေါ်ကိုလည်း မေ့ထားလိုက် ကြပြီဟု အောင်းမေ့မိပါ၏။

သူ့ဘက်ကိုယ့်ဘက် မျှမျှတတ စဉ်းစားလျှင်ကား ထိုသို့ မင်းကျင့် တရားဆယ်ပါး နှင့်ညီစွာ မကျင့်နိုင်။ သင်္ဂြိုဟ်ခြင်း တရားလေးပါး ကိုလည်း မည်သည့် စာအုပ်ကြား ညှပ်ထားမိ သည်မသိ။  ထိုသို့သောဖြစ်ရပ်များ မှာ မင်းစိုးရာဇာ အသိုင်းအဝိုင်းတွင် သာ ဖြစ်ပျက်လာပါက အခွန်ထမ်း ပြည်သူလူထု အပေါင်းကို မည်သို့ ပညာပေး စည်းရုံးကြမည်နည်း။ ”ဘယ်သူတရား ပျက်ပျက်၊  ကိုယ် မပျက်နဲ့” ဟူ၍ ဟန့်တားသံမျိုး ကို ကြားဖူးပါသည်။ ယင်းသို့ ဆိုပါက ထိုထိုသော အခွန်အခနှင့် သက်ဆိုင် သူတိုင်းလိုလို တရားပျက်နေလျှင် မည်သို့ ဆက်လက် ထိန်းကျောင်းကြ မည်နည်းဟု မေးခွန်း ထုတ်လိုပါကြောင်း ။     ။

ဘိုငြိမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*