11:32 am
ရဲလွင်
ရန်ကုန်၊ ဧပြီ၂၄
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းမပါ အခြေခံ ပညာကျောင်းသားများ၏ အတန်း ကူးပြောင်းမှုစာရင်းများကို ပညာရေး ဝန်ကြီးဌာနက ဧပြီလ ၂၃ ရက်နေ့ က သက်ဆိုင်ရာ စာသင်ကျောင်း များမှတစ်ဆင့် ထုတ်ပြန်ကြေညာရာတွင် အကျဉ်းထောင် စာသင်ကျောင်းများမှနေ၍ စာသင်ကာဝင် ဖြေကြသည့် အကျဉ်းသားစာသင်သားအချို့ စာမေးပွဲကျမှုရှိခဲ့သည်။
အတန်းကူးပြောင်းမှု စာရင်း အချက်အလက်များအရ အင်းစိန် အကျဉ်းထောင် စာသင်ကျောင်းမှ နဝမတန်း စာသင်အကျဉ်းသား တစ်ဦးနှင့် သာယာဝတီအကျဉ်း ထောင်မှ ဆဋ္ဌမတန်းစာသင် အကျဉ်းသားတစ်ဦးတို့ဖြစ်သည် ဟု သိရသည်။ ယခင်နှစ်ကအထိ ခရိုင်စစ်၊ တိုင်းစစ် ၄ တန်း၊ ၈ တန်းကိုပင် အကျမရှိ ရာနှုန်းပြည့်အောင်မြင် ခဲ့သည့် ယင်းအကျဉ်းထောင်စာသင် ကျောင်းတို့တွင် ယခုနှစ် စာမေးပွဲ ကျရှုံးမှုသည် ပထမဦးဆုံးဟု ဆိုရ မည်ဖြစ်သည်။ အကျဉ်းဦးစီးဌာန ပြောခွင့်ရ အရာရှိက ”တော်တော်လေးကို စာမလိုက်နိုင်လို့ကျတာလို့မြင်တယ်။ အပြင်မှာ တော်တော်အောင်နေ ကြတာကိုး” ဟု စာမေးပွဲကျရှုံးမှု အပေါ် မှတ်ချက်ပြုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက ကျင်းပပြုလုပ်သည့် အခြေခံပညာစာမေးပွဲများကို အင်းစိန်အကျဉ်းထောင်၊ မန္တလေး အကျဉ်းထောင်နှင့် သာယာဝတီ အကျဉ်းထောင်တို့မှ သူငယ်တန်း စာသင်သားအကျဉ်းသားအပါအဝင် အခြေခံပညာစာသင်သား အကျဉ်းသား၊ အကျဉ်းသူ ၈၄ ဦး ဝင်ဖြေခဲ့ ကြသည်။ ထို ၈၄ဦးတွင် ၄တန်းစာမေး ပွဲဖြေဆိုသူ ၄ ဦး၊ ၈ တန်းစာမေးပွဲ ဖြေဆိုသူ ၁၆ ဦး ပါဝင်ခဲ့သည်။ ပညာရေးဝန်ကြီးဌာနက ရရှိ သည့်စာရင်းအရပြီးခဲ့သည့် ဖေ ဖော်ဝါရီလအတွင်းက ကျင်းပပြု လုပ်သည့် အထက်ပါစာမေးပွဲများ ကို ကျောင်းသား၊ ကျောင်းသူ စုစု ပေါင်း ၉ သန်းကျော်ဝင်ဖြေခဲ့ပြီး ခရိုင်စစ် ၄ တန်းစာမေးပွဲကို ၉ သိန်းကျော်၊ တိုင်းပြည်နယ်စစ် ၈ တန်းစာမေးပွဲကို ၆ သိန်းကျော်ဝင် ဖြေခဲ့သည်ဟု သိရသည်။
ယခင်နှစ်ကအထိ ယင်းစာမေးပွဲများကို သင်္ကြန်ပြီးနောက် အစောပိုင်းရက်များဖြစ်သည့် နှစ်ဆန်း၂ ရက်နေ့တိုင်း ထုတ်ပြန်ခဲ့သော် လည်း ယခုနှစ်တွင်မူ မူလထုတ်ပြန် ရက်ထက် ၅ ရက်နောက်ဆုတ်ခဲ့ ကာထုတ်ပြန်ခဲ့သည်။ ယခင်နှစ်များက အောင်စာရင်းထုတ်ပြန် သည်ဟု တစ်နိုင်ငံလုံးတစ်ပြေးညီ သုံးစွဲခဲ့ကြသည်။ ယခုနှစ်တွင်မူ အတန်းကူး ပြောင်းမှုစာရင်းဟုဆိုကာ ထုတ် ပြန်ခဲ့သည်။ သို့သော်အောင်စာရင်းဟု ရေးသားထုတ်ပြန်ထားသည့် ကျောင်းများလည်း ရှိနေသေးသည် ကို တွေ့နေရသည်။ ပညာရေးဝန်ကြီးဌာနဘက် ကမူ အတန်းကူးပြောင်းမှုစာရင်း အမည်သည် လွန်ခဲ့သည် ဆယ်စု နှစ်တစ်ခုကျော်ကတည်းက သုံးစွဲ ခဲ့သည့်အမည်ဖြစ်သည်ဟုဆိုကာ ဝေဖန်မှုများအပေါ် တုံ့ပြန်ရှင်းလင်းထားသည်ကို တွေ့ရသည်။