YBS ဘတ်စ်ကားများထဲမှ ၁၉၉၅ ခုနှစ်အောက်မော်ဒယ်ကားများ ယာဉ်လိုင်းပြေးဆွဲမှုရပ်ဆိုင်းမည်

YBS ဘတ်စ်ကားများထဲမှ ၁၉၉၅ ခုနှစ်အောက်မော်ဒယ်ကားများ ယာဉ်လိုင်းပြေးဆွဲမှုရပ်ဆိုင်းမည်
March 29, 2017 Asian Fame

11:28 am
YBS ဘတ်စ်ကားများထဲမှ ၁၉၉၅ ခုနှစ်အောက်မော်ဒယ်ကားများ ယာဉ်လိုင်းပြေးဆွဲမှုရပ်ဆိုင်းမည်

ybs

လင်းဟိန်း
ရန်ကုန်၊ မတ် ၂၇

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသော ဘီအမ်၊ ဒိုင်နာစသည့် ၁၉၉၅ ခုနှစ်အောက်မော်ဒယ်အမျိုးအစားကားများကို လာမည့်ဧပြီလအတွင်းမှစ၍ ပြေးဆွဲခွင့်ပြုတော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က ပြောသည်။ ရန်ကုန်မြို့အတွင်းတွင် ကားအစီးရေပေါင်း ၃၈ဝဝ ကျော်ပြေး ဆွဲလျက်ရှိပြီး ယင်းအထဲမှကား အစီးရေ ၁၂ဝဝ ကျော်မှာ ၁၉၉၅ ခုနှစ်အောက် အမျိုးအစားကားများ ဖြစ်ကာ ယင်းကားများ၏ ခရီးသည် တင်ပြေးဆွဲမှုကို ရပ်ဆိုင်းမည်ဖြစ်သည်။ ”အရင်တုန်းက ဆုံးဖြတ်ချက်အတိုင်းပဲလေ။ ဘာမှ မပြောင်းသေးဘူး။ သုံးလပြည့်ရင် မဆွဲတော့ဘူး” ဟု (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက ပြောသည်။

ယခင် မထသစနစ်မှ YBS စနစ်သို့ စတင်ပြောင်းလဲရာတွင် ၁၉၉၅ ခုနှစ်အောက် မော်ဒယ်အမျိုးအစားကားများကို အသုံးပြုတော့မည်မဟုတ်ကြောင်း ဆုံးဖြတ် ခဲ့သော်လည်း ဘတ်စ်ကားအစီးရေ လုံလောက်မှုမရှိသဖြင့် သုံးလအသုံး ပြုရန် ပြန်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့က YBS ယာဉ်လိုင်းစနစ်ကို ပြီးခဲ့ သည့် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စတင်ခဲ့ခြင်း ဖြစ်ပြီးလာမည့် ဧပြီလ ၁၆ ရက်နေ့ဆိုလျှင် သုံးလပြည့်တော့မည်ဖြစ်သည်။ အဆိုပါ ၁၉၉၅ ခုနှစ်အောက်မော်ဒယ် အမျိုးအစားကားများကို ပြေးဆွဲ ခွင့်မပြုတော့ပါက ဘတ်စ်ကား အရေအတွက်နည်းသွားကာ ဘတ်စကားစီးပြီး အလုပ်သွားအလုပ်ပြန် နေရသူများအတွက် အခက်အခဲ ဖြစ်လာနိုင်ကြောင်း ခရီးသည်များက ဝေဖန်ကြသည်။

”ကားစီးရတာ အရမ်းအခက်အခဲ ဖြစ်သွားမယ်။ မှတ်တိုင်မှာကားအကြာကြီးစောင့်ရမယ်။ ကျွန် တော်တို့က နေ့တိုင်းဘတ်စ်ကား စီးပြီးပဲ အလုပ်သွားနေကြရတာ။ ဒီကားတွေကို နားမယ်ဆိုလည်း ကားအသစ်တွေရောက်မှပဲနားပေါ့ဗျာ။ အဲဒီလိုလည်း ရတာပဲ” ဟု ခရီးသည်ကိုကျော်အောင်ဌေးက ပြောသည်။ လက်ရှိတွင် ရန်ကုန်တိုင်း အစိုးရအဖွဲ့က ကားစီးရေ ၁ဝဝဝ ကို မှာယူထားပြီး လာမည့်မတ်လအတွင်းတွင် ရောက်ရှိမည်ဖြစ်ကာ ဇွန်လဆန်းမှသာ ပြေးဆွဲနိုင်မည် ဖြစ်ကြောင်း YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။ ထို့ကြောင့် အဆိုပါမှာယူထားသည့် ဘတ်စ်ကားပြေးဆွဲမည့် ကာလသည် ၁၉၉၅ ခုနှစ်အောက် မော်ဒယ်အမျိုးအစားကားများကို ရပ်ဆိုင်းမည့်ကာလနှင့် နှစ်လခန့် ကွာဟနေသည်။

ခရီးသည် ကိုအောင်ကျော်ဆန်းက ”ဘီအမ်တို့၊ ဒိုင်နာတို့က အရမ်းပြိုင်မောင်းကြတယ်။ ဒီကား တွေက အန္တရာယ်များတယ်။ ဒီကားတွေကို ဖြုတ်လိုက်တာ ကောင်းပါတယ်။ ဒါပေမယ့် ကားစီးရတာတော့ တော်တော် အခက် အခဲဖြစ်သွားမှာပဲ”ဟု ပြောသည်။ အဆိုပါ ၁၉၉၅ ခုနှစ်အောက် မော်ဒယ်အမျိုးအစားကားများကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် လူစီးစလစ်ကားများနှင့် လဲပေးသွားမည်ဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့ကပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*