2:53 pm
ဝေရှိုင်းကျော်
ရန်ကုန်၊ မတ် ၂၈
မြန်မာနိုင်ငံတွင် လာမည့်နှစ် ၅ဝ အတွင်း အပူချိန်မြင့်တက်ပြီး မြစ်ဝ ကျွန်းပေါ်ဒေသအချို့ ရေအောက်နစ်မြုပ်နိုင်ကြောင်း မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအခြေအနေ အစီရင်ခံစာအရ သိရသည်။
မြန်မာနိုင်ငံ၏ ရာသီဥတုသည် ၂ဝ၂ဝ နှင့် ၂ဝ၅ဝ ပြည့်နှစ်များအတွင်း များစွာပြောင်းလဲလာနိုင်ပြီး အပူချိန်၊ မိုးရေချိန်နှင့် ပင်လယ်ရေ မျက်နှာပြင်များ မြင့်တက်ကာ ဆိုင်ကလုန်း မုန်တိုင်းများနှင့်အတူ မုတ်သုံရာသီဥတုပါ ပြောင်းလဲသွားနိုင်ကြောင်း အစီရင်ခံ စာက ထောက်ပြထားသည်။ ”ကမ္ဘာကြီး ပူနွေးမှုကလည်း ဖြစ်တယ်။ ဒါတွေကြောင့် ရေခဲတောင်တွေ အရည်ပျော်ပြီး ဖြစ်နိုင်ခြေရှိတာကို တွက်ချက်ထားတာတွေဖြစ်တယ်။ ရာသီ ဥတု ဖောက်ပြန်တာတွေနဲ့ တွက်ချက် ကြည့်ရင် ၅ဝ ရာခိုင်နှုန်းလောက် ဖြစ်နိုင်လာနိုင်ခြေရှိပါတယ်” ဟု မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုး ဦးက ပြောသည်။
လာမည့်နှစ် ၅ဝ အတွင်း မြန်မာ နိုင်ငံအဝှမ်းရှိ အပူချိန်သည် ၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ်နှင့် ၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်ပြီး အပူချိန် ၂၆ ဒီဂရီစင်တီဂရိတ်အထိ ရှိလာမည် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။ ထို့အပြင် ရခိုင်ကဲ့သို့ မိုးများ သော ကမ်းရိုးတန်းဒေသများ၊ တောင်ပိုင်းကမ်းရိုးတန်း ဧရိယာများနှင့် ရန် ကုန်မြစ်ဝကျွန်းပေါ် ဧရိယာများတွင် အနည်းငယ် အေးမြသောအခြေအနေ ရှိပြီး နှစ်စဉ် အမြင့်ဆုံး အပူချိန်များရှိသော်လည်း ရေကြီးရေလျှံမှုများ ကြုံ တွေ့ရကြောင်း မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှု အခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။
”မြန်မာနိုင်ငံက ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အထိခိုက် အခံစားရဆုံး ကမ္ဘာ့နိုင်ငံတွေထဲက တစ်ခုပါ။ မြန်မာ နိုင်ငံရဲ့ ရာသီဥတုက ပြောင်းလဲနေခဲ့ပြီး ဖြစ်သလို ၂ဝ၂ဝ ပြည့်နှစ် နှစ်လယ်ပိုင်း ကနေ ၂ဝ၅ဝ ပြည့်နှစ်အတွင်းမှာ သိသိ သာသာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိပါတယ်” ဟု WWF -မြန်မာ၏ ဌာနေ မန်နေဂျာ ခရစ္စတီးဝီလျံက ပြောသည်။ နှစ်စဉ်မိုးရေချိန် ပမာဏ အများဆုံးမှာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ပြီးလျှင် ရခိုင်ကမ်းမြောင်ဒေသဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသကို နာဂစ်မုန်တိုင်းသည် ၂ဝဝ၈ ခုနှစ် မေလ ၂ ရက်နေ့တွင် ဝင် ရောက် တိုက်ခတ်ခဲ့ပြီး ကမ္ဘာပေါ်တွင် ကုန်တွင်း ဝင်ရောက် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းများအနက် အသေ အပျောက် အများဆုံးဖြစ်ခဲ့သည်။ နာဂစ်မုန်တိုင်းကြောင့် ခန့်မှန်း လူ ဦးရေ ၁၄ဝဝဝဝ သေဆုံးခဲ့ကြောင်း အ စီရင်ခံစာတွင် ဖော်ပြထားသည်။ မုန် တိုင်းဒီရေသည် ခန့်မှန်းအမြင့် ၃ မီတာ မှ ၄ မီတာ အထိရှိခဲ့ပြီး ရန်ကုန်မြစ်ဝမှ အထက်သို့ ၅ဝ ကီလိုမီတာသို့ ရောက် ရှိခဲ့သည်။ အဆိုပါ အစီရင်ခံစာသည် မြန်မာနိုင်ငံတစ်ဝန်းရှိ မိုးလေဝသစခန်း ၁၉ ခုမှ ရရှိသော အခြေခံအချက်အလက်များကို ရယူရေးသားထားကြောင်း သိရသည်။