တခြားမျှော်လင့်ချက် ဘာမှမရှိဘူး။ ဒါပေမယ့် ဒီလက်ရာဟာ ကျွန်မအားထုတ်ခဲ့တယ်ဆိုတဲ့ Credit ကတော့ ဘယ်တော့မှ ပြောင်း သွားမှာမဟုတ်ဘူးလို့ ကျွန်မထင် တယ်

တခြားမျှော်လင့်ချက် ဘာမှမရှိဘူး။ ဒါပေမယ့် ဒီလက်ရာဟာ ကျွန်မအားထုတ်ခဲ့တယ်ဆိုတဲ့ Credit ကတော့ ဘယ်တော့မှ ပြောင်း သွားမှာမဟုတ်ဘူးလို့ ကျွန်မထင် တယ်
March 23, 2017 Asian Fame

12:13 pm
တခြားမျှော်လင့်ချက် ဘာမှမရှိဘူး။ ဒါပေမယ့် ဒီလက်ရာဟာ ကျွန်မအားထုတ်ခဲ့တယ်ဆိုတဲ့ Credit ကတော့ ဘယ်တော့မှ ပြောင်း သွားမှာမဟုတ်ဘူးလို့ ကျွန်မထင် တယ်

mathidar

ဆရာမ မသီတာ (စမ်းချောင်း) နှင့်တွေ့ဆုံခြင်း

ဗြိတိန်နိုင်ငံသားစာရေးဆရာ RUDYARD KIPLING ရေးသားပြီး ဒေါ်အောင်ဆန်းစုကြည်ဘာသာပြန်သည်ဟုဆိုသော IF (အကယ်၍) ကဗျာကို အခြေခံ ပညာကျောင်းများတွင် ထည့်သွင်းသင်ကြားရန်အတွက် အမျိုးသားလွှတ်တော်တွင်အကြံပြုထားသည်။ မတ် ၁၄ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကျန်းမာရေးနှင့် အားကစားကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်က ထိုကဗျာနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်သို့ အကြံပြုတင်ပြခဲ့ခြင်းဖြစ်သည်။ အဆိုပါကဗျာကို ဒေါ်အောင်ဆန်းစုကြည်ဘာသာပြန်သည်ဟု လူသိများသော်လည်း ဘာသာပြန်သူမှာ ဆရာမ မသီတာ(စမ်းချောင်း) ဖြစ်သည်။ အဆိုပါကဗျာ IF (အကယ် ၍)ကဗျာနှင့်ပတ်သက်၍ ဆရာမ မသီတာ(စမ်းချောင်း)နှင့်မေးမြန်း ထားသည်များကို ဖော်ပြပေးလိုက်ပါသည်။

IF (အကယ်၍ ) ကဗျာက ဆရာမ ဘာသာပြန်ထားတယ်လို့ သိရပါတယ်။ အများသိကြတာက ဒေါ် အောင်ဆန်းစုကြည်ဘာသာပြန်တာလို့ သိနေကြတဲ့အပေါ်မှာ ဆရာမအနေနဲ့ ဘာများပြောချင်မလဲရှင်။

အဲဒီနေ့ကအကြောင်း’စမ်းချောင်း အင်းစိန်ဟားဗတ်’ စာအုပ်ထဲမှာ ရေးထားတဲ့အတိုင်းပါပဲ။ ၁၉၈၈ နိုဝင်ဘာ ၂၄မှာ လူငယ်စည်းရုံးရေး
ခရီးစဉ်သွားကြတော့မယ့်အချိန်၊ အစ်မ(ဒေါ်အောင်ဆန်းစုကြည်)က ကလေးတွေကို စကားပြောတယ်။ စကားပြောတဲ့အချိန်မှာ IF ကို ကဗျာအနေနဲ့မရွတ်ဘဲ အဓိပ္ပာယ် အနေနဲ့ပဲ အင်္ဂလိပ်စာကနေ ကိုးကားပြီးတော့ ပြောသွားတယ်။ အဲဒါပြီးတော့ ကဗျာဖြစ်အောင်လုပ်ရင် ကောင်းမယ်လို့ စိတ်ကူးပြီးတော့ ကဗျာလုပ်ဖြစ်ခဲ့တယ်။ အဲဒီကဗျာ စာသားကိုလည်း အစ်မ(ဒေါ်အောင် ဆန်းစုကြည်)ကို ပြန်ပြပြီးတော့ အတည်ပြုခဲ့ပါတယ်။ အဲဒီကဗျာကို အစ်မ (ဒေါ်အောင်ဆန်းစုကြည်)ကပဲ ကဗျာကိုဖြန့်မယ်ဆိုပြီးတော့ ဖြန့်ခဲ့ကြတာပါ။ ဒါပေမယ့် အဲဒီအချိန်ကတော့ ကဗျာအောက်ကနေ ဘာသာပြန်သူနာမည်ကို တပ်ဖို့အတွက် အဲဒီအချိန်က အဖမ်း အဆီးတွေလည်းများတယ်။ ရှုပ်တဲ့အခါကျတော့ မတပ်ဘဲနဲ့ ‘ဒေါ်အောင်ဆန်းစုကြည် ပြောပြသည်ကို ပြန်လည်ရေးသားပါသည်’ ဆို ပြီးတော့ပဲ ပါသွားခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်က ၁၉၈၈ ခုနှစ် လူထုနဲ့တွေ့ဆုံစဉ်မှာပြောခဲ့ပြီး ဘယ်လောက်အကြာမှာ ဆရာမအနေနဲ့ IF ကို ဘာသာပြန်ကဗျာတစ်ပုဒ်အဖြစ် ရေးခဲ့တယ်ဆိုတာလည်း သိချင်ပါတယ်ရှင်။

ဘယ်လောက် ကြာခဲ့သလဲဆိုတာ အဲဒီနေ့နဲ့အလွန်ဆုံးဝေးရင်တစ်ရက်ပါပဲ။ အဲဒီလောက်မှာ ပြန်ရေးခဲ့တယ်။ စာအုပ်ထွက်တာကတော့ စာအုပ်လုပ်တာနဲ့ဘာနဲ့ဆို နိုဝင်ဘာ ၃ဝ လောက်မှာထွက်ခဲ့တာပါ။ အဲဒီဟာထွက်ပြီးနောက်ပိုင်းမှာ ဘယ်သူကမှလည်း ဘယ်သူ ဘာသာပြန်တယ်ဆိုတဲ့ ကိစ္စကို မပြောဖြစ်တော့ဘူး။ အစ်မကိုယ် တိုင်ကလည်း အဲဒီအတိုင်းထားတဲ့တယ်။ အဲဒီခေတ် အဲဒီအခါကလည်း စာပေစိစစ်ရေးနဲ့ဆိုတော့ ဘာမှ လုပ်လို့မရဘူး။ ကြုံတဲ့သူက သူထင်တာကို အွန်လိုင်းမှာတင်ခဲ့ တော့ အဲဒီလိုဖြစ်သွားတာပေါ့နော်။ ကောင်းတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုမေးလိုက်ရင် ပိုရှင်းသွားလိမ့်မယ်။ အဲဒီအချိန်က စည်းရုံးရေးသွားတော့ ဒီစာအုပ်တွေဖြန့် တော့ တချို့ကလည်း ဒေါ်စုဘာသာပြန်တဲ့ကဗျာ ဘာညာပြောတဲ့ အချိန်မှာအဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ပြောဖူးတယ်။ မဟုတ်ပါဘူး။ ကျွန်မတို့ အဖွဲ့ထဲက တစ်ယောက်ဘာသာ ပြန်တာပါ။ ကျွန်မနဲ့အတူတောင်ပါပါသေးတယ်လို့ပြောခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ တစ်ယောက် ယောက်တစ်ခုခုဖြစ်မှာစိုးပြီး အမည် မဖော်ကြဘူးပေါ့။

ဒီကဗျာကို ကျောင်းသုံးကဗျာအဖြစ်နဲ့ ပြဋ္ဌာန်းဖို့အတွက် လွှတ်တော်မှာ တင်ပြနေပြီဆိုတော့ ဆရာမအနေနဲ့ရော ဘယ်လိုဆန္ဒရှိတယ်ဆိုတာကိုလည်း သိချင်ပါတယ်ရှင်။

ကျွန်မ ပြောပြီးသားပါ။ သင်ရိုးညွှန်းတမ်းတွေကို အခိုင်အမာ ပြဋ္ဌာန်းသင့်တယ်။ မူလတန်းအဆင့် မှာကဗျာကို သင်တယ်ဆိုရင် ဘယ်လိုသင်သင့်တယ်။ အလယ်တန်းမှာ ကဗျာကိုသင်တယ်ဆိုရင် ဘယ်လိုသင်သင့်တယ် စသည်ဖြင့် သင်ရိုးညွှန်းတမ်းကိုတော့ တစ်နိုင်ငံလုံး တစ်ပြေးညီ အခိုင်အမာပြဋ္ဌာန်းသင့်တယ်။ ဒါပေမယ့် ပြဋ္ဌာန်းချက်အနေနဲ့ အခိုင်အမာလွတ်လပ်ရေးပေး စေချင်တယ်။ ဒါကြီးကလည်း ဘာသာပြန်ကဗျာကြီးဆိုတော့ သင်ချင်းသင် ကျွန်မသင်စေချင်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ Original လက်ရာမျိုးကို ပြဋ္ဌာန်းလိုက်တာမျိုးက ပိုပြီးတော့ကောင်းမှာပေါ့။ ဘာဖြစ်လို့ KIPLING ရဲ့ကဗျာ ကြီးကို ပြဋ္ဌာန်းရမှာလဲ။ တကယ် တန်းတော့ ကိုးတန်းမှာလည်း IF ကို သင်ရတယ်နဲ့ တူပါတယ်။ ဒီလိုသာ ဘာသာပြန်မထားတာပါ။ ဘာသာပြန်မူကလည်း ဟိုအရင်က ဆရာထင်လင်းနဲ့တူတယ်။ ပြန်ပြီး သားရှိတယ်လို့ သိတယ်။ နောက်တစ်ခါ ဆရာမောင်သာနိုးပေါ့။ ဒါပေမယ့် အများကြားထဲမှာ ပျံ့ နေတဲ့မူကတော့ ကျွန်မပြန်တဲ့မူ ဖြစ်နေတယ်။ နောက်တစ်ခုက နောက်ပိုင်းသူတွေက ‘သာ’ တစ်လုံးလိုက်ထည့်နေတယ်။ အစက ထုတ်ဝေတဲ့ အချိန်က ‘အကယ်၍’ ပဲ။ ‘အကယ်၍သာ’ မဟုတ်ဘူး။ တချို့ ဒေသတွေမှာလည်း လေးလုံးစပ်ဖြစ်အောင် ပြန်ထားတာတွေလည်း ကျွန်မတွေ့ဖူးတယ်။ အမှန်အတိုင်း ပြောရင်တော့ မူလ IF ကို ပြန်ကြတာမဟုတ်ဘဲနဲ့ ကျွန်မပြန်ခဲ့တဲ့မူကိုပဲ ကိုယ်သန်ရာသန်ရာ အမျိုးမျိုးပြန်ကြတာတွေ့နေရတယ်။ အဲဒီတော့ ဘယ်မူကို ဘယ်လိုလုပ်မယ်လဲမသိဘူး။ ကျွန်မကတော့ ပြဋ္ဌာန်းစာအုပ်နဲ့ ပတ်သက်ပြီး လွတ်လပ် ရေးပေးဖို့ တစ်လျှောက်လုံး ပြောခဲ့တဲ့အတိုင်း ဒီကဗျာမှ သင်ရမယ်ဆိုတာမျိုးကို သိပ်ပြီးသဘောမကျဘူး။

ဒီကဗျာဘာသာပြန်သူ ဆရာမ နာမည်ဖြစ်ခြင်း မဖြစ်ခြင်းအပေါ် ဆရာမအနေနဲ့ ဘယ်လိုရှိလဲဆိုတာကိုလည်း သိချင်ပါတယ်ရှင်။

အမှားကိုမှ အမှန်ဆိုပြီးလုပ်မယ်ဆိုရင်လည်း သဘောပေါ့နော်။ ကျွန်မကတော့ မဏ္ဍပ်တိုင်တက်ပြီး ဒါကြီးကိုရမှဖြစ်မယ်လို့တော့ သဘောမထားလို့လည်း တစ် လျှောက်လုံး ဘာမှမပြောဘဲ ဒီအတိုင်းထားခဲ့တာ။ သူများမေးမှ သာဖြေခဲ့တာပါ။ တစ်လျှောက်လုံး တလွဲဖြစ်နေမှန်းလည်းသိတာပဲလေ။ ဒီကြားထဲမှာ မှားနေတဲ့ ကဗျာတွေလည်း အများကြီးရှိခဲ့တာပဲ။ ဥပမာ ‘မီးခြစ်တစ်ဆံ’ ဆိုတဲ့ ကဗျာမျိုးဆိုရင် ဆရာမောင်သော်က ဇနီးကွယ်လွန်စဉ်က ကျွန်မတို့ ဖြန့်ခဲ့တာ။ ကျွန်မတို့ အဲဒီနာမည် မထည့်ခဲ့ဘူး။ အဲဒီအခါ ဆရာမောင်သော်က က ဒီကဗျာကို ရေးတယ်လို့ထင်ကြတယ်။ ဒါပေမယ့် ဒီကဗျာက မစိမ်းတင်ရဲ့ကဗျာ။ အဲဒီလိုမျိုးတွေပေါ့။ အမှားတွေကို အမှန်လို့ထင်နေတာကိုပဲ စံတစ်ခုလို သဘောထားရင်တော့ မပြောတတ်ဘူးပေါ့နော်။ ဒါပေမယ့် အမှန်က အမှန်အတိုင်းပဲ ဖြစ်ရမယ်ဆိုပြီး သဘောထားရင်တော့ ပုံစံတစ်မျိုး ဖြစ်မှာပေါ့နော်။ ဒါပေမယ့် ဒီ ကဗျာကအစကတည်းက ဒါကို အစ်မ (ဒေါ်အောင်ဆန်းစုကြည်) နာမည်နဲ့ထွက်ကတည်းကိုက ဘာမှ မပြောချင်တဲ့အတွက် ဘာမှကို မပြောခဲ့တာပါ။ ရယ်စရာအဖြစ် ပြောရရင် ကျွန်မပြောလေ့ရှိတယ်။ ကျွန်မကို ကဗျာဆရာအဖြစ် သတ်မှတ်လေ့မရှိကြပေမယ့် ကျွန်မရဲ့ ကဗျာတစ်ပုဒ်ကတော့ အခုအချိန်အထိ ပေါက်တုန်းပဲဆိုပြီး ကဗျာဆရာတွေကြားမှာပြောမိတယ်။ အဲ ဒီလိုပဲပေါ့နော်။ ဒီဟာနဲ့ ပတ်သက်ပြီး ရလာတဲ့ တခြားမျှော်လင့်ချက် ဘာမှမရှိဘူး။ ဒါပေမယ့် ဒီလက်ရာဟာ ကျွန်မအားထုတ်ခဲ့တယ်ဆိုတဲ့ Credit ကတော့ ဘယ်တော့မှ ပြောင်းသွားမှာမဟုတ်ဘူးလို့ ကျွန် မထင်တယ်။ အသိအမှတ်ပြုပြု မပြုပြုပေါ့နော်။ ဒါဟာ ကျွန်မအ နေနဲ့ အားထုတ်ခဲ့တယ်ဆိုတာဟာ ပြောင်းလဲသွားနိုင်တဲ့ တရားမျိုးမဟုတ်ဘူးဆိုတာ သိပ်သေချာတယ်။

ဒီလိုမျိုး အလွဲအမှားတွေဖြစ်တယ်ဆိုတာ စာပေလွတ်လပ်ခွင့် မရခဲ့တဲ့အတွက်ကြောင့်လို့ ပြောလို့ရမလား ဆရာမ။

သိပ်သေချာတာပေါ့။ အဲဒီလို စာပေလွတ်လပ်ခွင့် မရတဲ့အခါကျတော့ အဲဒီတုန်းက စာပေစိစစ်ရေးကလည်း ရှိနေတယ်။ အဲဒီတုန်းက ဆရာမတို့က အဖွဲ့ဝင်များအတွက် သာကန့်သတ်ဆိုတဲ့ စကားလုံးနဲ့ သာ အလုပ်လုပ်နေရတယ်။ ပါတီတွေမှာ ထုတ်ဝေခွင့်မှတ်ပုံတင် မရှိ ဘူးပေါ့နော်။ အဲဒီတုန်းက ဆရာ ဦးတင်မိုးကဗျာတွေဆိုရင်တော့ ဆရာက ပြတ်ပြတ်သားသားနဲ့ အ ငြင်းပွားမှုတွေ မရှိအောင် ကိုယ့်ကဗျာတွေက အဖမဲ့သား မဖြစ်စေရဘူးဆိုပြီး သူ့နာမည်ရအောင် တပ်မယ်ဆိုပြီး ဖြန့်ခဲ့တယ်။ အဲဒီ လိုမျိုးမဟုတ်တဲ့ ကဗျာတွေကိုကျ တော့ ကျွန်မတို့လည်းကာယကံရှင် တွေ ထိခိုက်မှာစိုးပြီးလုပ်ခဲ့ရတာ ပါ။ ကျွန်မတို့ကိုယ်တိုင်က အဲဒီလို မလုပ်ခဲ့သင့်ဘူးပေါ့နော်။ ဖြစ်ချင် ရာဖြစ်ဆိုပြီးတော့ နာမည်တွေ တပ်ပေးခဲ့သင့်တာပေါ့နော်။

ဒီလိုမျိုးတွေ မဖြစ်အောင်ဘာတွေ လုပ်သင့်တယ်ဆိုတာကိုလည်း အကြံပြုပေးပါဦး ဆရာမ။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်ကို အာမခံစေချင်တယ်။ နောက်တစ်ခုက ခြေခြေ မြစ်မြစ် သေချာသုတေသနလုပ်ပြီး တော့မှ ဒီအပေါ်မှာ သက်ဆိုင်ရာ ကာယကံရှင်နဲ့ သက်ဆိုင်ရာလက် ရာနဲ့အတူတွဲပြီး မှတ်တမ်းတင်တာ တို့ဘာတို့က လုပ်ကိုလုပ်ရမယ်။ လုပ်သင့်တဲ့ကိစ္စတွေပေါ့နော်။ ဒီ လိုမျိုး နောက်တစ်ခုခုမှာ မဖြစ်နေ ဘူးလို့လည်း ကျွန်မတို့ မပြောနိုင် ဘူး။ နောက်တစ်ခုက အခုဆိုရင် ပိုဆိုးလာတာက အရင်လက်ရာ ဟောင်းတွေကို မသိမသာ ပြုပြင် ပြီးတော့ သူ့ကဗျာ ကိုယ့်ကဗျာလုပ် တယ်ဆိုတာမျိုး။ သူများ ဖေ့စ်ဘွတ်ခ်ပေါ်တင်တဲ့ Post ကိုတောင်မှ Credit မပေးဘဲနဲ့ ယူသုံးတယ်ဆိုတဲ့ အလေ့အထတွေက အရမ်းများလာပြီလေ။ ဒါတွေကိုလည်း ဆင်ခြင်သင့်ပါတယ်။ ဒီမျိုးတွေ မဖြစ်သင့်ဘူးလို့ထင်ပါတယ်။

ကျေးဇူးတင်ပါတယ်ရှင့်။

အိမ်စည်စိုးစံ တွေ့ဆုံမေးမြန်းသည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*