လုံခြုံရေးအရ ပြည်ပဧည့်များ သွားခွင့်ပိတ်ထားသော မိုးကုတ်မြို့သို့ ပြန်လည် လည်ပတ်ခွင့်ပြုပြီ

လုံခြုံရေးအရ ပြည်ပဧည့်များ သွားခွင့်ပိတ်ထားသော မိုးကုတ်မြို့သို့ ပြန်လည် လည်ပတ်ခွင့်ပြုပြီ
March 16, 2017 Asian Fame

3:33 pm
လုံခြုံရေးအရ ပြည်ပဧည့်များ သွားခွင့်ပိတ်ထားသော မိုးကုတ်မြို့သို့ ပြန်လည် လည်ပတ်ခွင့်ပြုပြီ

မေဇင်ဝင်း
ရန်ကုန်၊ မတ် ၁ဝ

လုံခြုံရေးအရ တားမြစ်နယ်မြေစာရင်းတွင် ပါဝင်သော မိုးကုတ်မြို့သို့ နိုင်ငံခြားသားဧည့်သည်များသွားရောက် လည်ပတ်ခွင့် ပြန်လည်ခွင့်ပြုလိုက် ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

မိုးကုတ်မြို့ပေါ်တစ်ခုတည်းသို့ မန္တလေး -မတ္တရာ -သပိတ်ကျင်း-မိုးကုတ်လမ်းအတိုင်းသွားရောက်ရ မည်ဖြစ်ပြီး ထိုသို့သွားရောက်ရန် ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနသို့ ကြိုတင်ခွင့်ပြုချက် တင်ရမည် ဖြစ်သည်။ လမ်းခရီးတစ်လျှောက်လုံခြုံရေးအတွက် ပြည်ထဲ ရေးဝန်ကြီးဌာနက သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ခရီးသွားလုပ်ငန်းရှင်များ ယခုလမှစ၍ ခွင့်ပြုချက်တင်နိုင်ပြီဖြစ်ကြောင်း သိရသည်။

”မိုးကုတ်မြို့ပေါ်ပါပဲ။ မြို့ပြင်မရပါဘူး။ လုံခြုံရေးအခြေအနေအရ ကောင်းမွန်လာလို့ရှိရင် ကျန်တဲ့နေရာတွေလည်း တဖြည်းဖြည်းနဲ့ ပြန်ခွင့်ပြုပေးမှာပါ” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြား ရေးမှူး ဦးမြင့်ထွေးက ပြောသည်။ မြန်မာသို့လာရောက်လည်ပတ်သော နိုင်ငံခြားသားများ လုံခြုံရေးအရ သွားခွင့်ပိတ်လိုက်သော နယ်မြေစာရင်းကို ယမန်နှစ် ဒီဇင်ဘာ ၂၇ရက်တွင် ထုတ်ပြန်ခဲ့ပြီး ထိုစာရင်းတွင် မန္တလေးတိုင်းဒေသကြီး မှ မိုးကုတ်၊ သပိတ်ကျင်း၊ ပြင်ဦးလွင် (ကျွန်းတိုင်၊ ညောင်ကုန်း၊ သပြေချောင်၊ မိုးကြိုးပစ်၊ ပုတီးကုန်း၊ နောင်ပိန်၊ မဲတော)တို့ ပါဝင်သည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားနေသော ကချင်ပြည် နယ်အတွင်းမှ မြို့နယ်များ၊ ရှမ်းပြည်နယ်အတွင်းမှ မြို့နယ်များ၊ ကယားပြည်နယ်တွင် ဒီမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဖားဆောင်း၊ ဘောလခဲ၊ မယ်စဲ့၊ ကရင်ပြည်နယ်တွင် ကော့ကရိတ်၊ ကျုံဒိုး၊ လှိုင်းဘွဲ့၊ သံတောင်ကြီး၊ ဘုရားသုံးဆူ၊ ဖာပွန်စသည့်မြို့နယ်များလည်း ကန့် သတ်နယ်မြေများ စာရင်းတွင် ပါဝင်ခဲ့သည်။ သို့သော် ယခုနှစ်ဇန်နဝါရီ ၁၃ ရက်တွင် ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ ဆုံကြရာ ကန့်သတ်နယ်မြေများကို ဖြေလျှော့ပေးရန် ခရီးသွားလုပ်ငန်းရှင်များက တင်ပြခဲ့ကြသည်။ ထိုသို့ တင်ပြပြီးနောက် ပြည်ပဧည့်များအား သွားလာခွင့် ကန့်သတ်ထားသည့် နယ်မြေများကို ပြန်လည်စိစစ်ကာခွင့်ပြုသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အဆိုပါတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ ထို့နောက် နှစ်လအကြာတွင် ပထမဆုံးအဖြစ် မိုးကုတ်မြို့သို့ခရီးသွားများ သွားရောက်ခွင့် ပြန်လည် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*