4:38 pm
PNews
ရန်ကုန်၊ မတ် ၁၃
လက်ရှိ အစိုးရအနေဖြင့် နိုင်ငံတာဝန်ကို ကိုယ်တိုင် ယူကြည့်သည့်အခါ မလွယ်ကြောင်း သိလာနေ၍ ယခင်လူတွေကိုသာ လက်ညှိုးထိုးသည့် အလုပ်ပဲ လုပ်နေကြောင်း ရန်ကုန်မြို့လှိုင်သာယာတွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကပြောပြီး မဲဆွယ်ခဲ့သည်။
”လောကမှာ အလွယ်ဆုံး အလုပ်နဲ့ ပိုက်ဆံမကုန်ဆုံးအလုပ်က ဘေးကနေ လေကန်တာပဲ။ အလုပ်တစ်ခုကို လုပ်မကြည့်ခင်စပ်ကြား လေကန်ရတာ သိပ်လွယ်တယ်။ လုပ်လည်း လုပ်ကြည့်ရော မလွယ်မှန်းသိကြပြီလေ” ဟု သူက ပြောသည်။ လက်ရှိတာဝန်ရှိသူများအနေဖြင့် ယခင်လူဟောင်းများကို အပြစ်တင်သည့် စကားများ ပြောနေသည်က အလုပ်မဟုတ်ကြောင်း ဦးသန်းဌေးက မဲဆွယ်ပွဲတွင် တုံ့ ပြန်ခဲ့သည်။ ”သိက္ခာရှိတဲ့ တာဝန်ယူတာဝန်ခံမှု ရှိရမယ်” ဟု သူက ဆိုသည်။
ဦးသန်းဌေးက နိုင်ငံကိုတည်ဆောက်သည့်အခါ၊ နိုင်ငံကို ဦးဆောင်သည့်အခါ အရည်အချင်းအရည်အသွေးသည် အလွန် အဓိကကျကြောင်း၊ လူတစ်ယောက်အ ကြောင်းကို မသိဘဲ၊ စွမ်းဆောင်ရည်ကို နားမလည်ဘဲ ခံစားချက်နှင့် ရွေးချယ်တာ ဝန်ပေးလိုက်သည့်အတွက် ယနေ့တိုင်းပြည် ၏ နေရာတော်တော်များများတွင် အလွန် ဗြောင်းဆန်နေကြောင်း ဆက်ပြောသည်။
”ကိုယ် ရွေးချယ်လိုက်တဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီပုဂ္ဂိုလ်အများစုက ဖန်တီးအကောင် အထည်ဖော်တဲ့ အုပ်ချုပ်ရေးစနစ်တွေ အဲဒီအောက်မှာ ကိုယ်နေရတာဖြစ်တဲ့ အတွက် အခုအစိုးရအဖွဲ့ လွှဲပြောင်းရေး တစ်နှစ်မပြည့်ခင် အချိန်အတောအတွင်း မှာ မိမိတို့ ရွေးချယ်ခြင်းရဲ့ မှန်ကန်မှုရှိ မရှိ၊ မိမိတို့ရွေးချယ်သော ပုဂ္ဂိုလ်ရဲ့အရည်အ ချင်း အရည်အသွေးဘယ်လောက်ရှိသလဲဆိုတာ လက်တွေ့ဆောင်ရွက်ချက်တွေက သက်သေပြနေပြီဖြစ်ပါတယ်” ဟု သူက ဆိုသည်။ မကြာမီ ကျင်းပတော့မည့် ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲသည် အချိန် နီးကပ်လာသည်နှင့်အမျှ ပါတီကြီး နှစ်ခု၏ မဲဆွယ်ပွဲသည် ပြင်းထန်လာနေသည်ကို တွေ့ရသည်။တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက် ဝေ ဖန်သံများလည်း ထွက်လာသည်။ NLD က ပြောင်းလဲမှုများ ဆက်လုပ်နိုင်ရန် မဲတောင်းနေသည်။
လက်ရှိတွင် ပြောင်းလဲမှုများ ရှိနေ ကြောင်း၊ ပြောင်းလဲမှုကို မမြင်သူက မမြင်မကန်း ဖြစ်နေကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း NLD ပါတီ၏ မဲဆွယ်ပွဲတွင် အစိုးရ၏ ပြောင်းလဲနိုင်မှုကို ရှင်းပြခဲ့သည်။ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးက ”ဟောဒီ ခင်ဗျားတို့နေထိုင်တဲ့ ပတ်ဝန်းကျင်မှာပဲ မဟာရန်ကုန်မှာပဲ ဖြစ်ခဲ့တဲ့ကိစ္စ တွေ ပြန်ကြည့်လို့ရှိရင် တည်ဆောက်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တာတွေ၊ အရေး ပေါ် ပို့ဆောင်ရေးစနစ်တွေ အလျင်စလို လုပ်ဆောင်ခဲ့တာတွေ ဒါတွေအားလုံးဟာ စနစ်တကျ ကြိုတင်တွက်ဆခြင်းမရှိဘူး ဆိုတာတော့ အင်မတန်သေချာပါတယ်။ တစ်ပြိုင်နက်တည်းမှာ အရင်လုပ်သွားတဲ့ လုပ်ငန်းတွေ ပြောင်းပြန်လှန်မယ်ဆိုတဲ့ စဉ်းစားချက်နဲ့များ ဆောင်ရွက်နေကြသလားလို့တောင် သံသယဖြစ်စရာ ရှိပါတယ်” ဟု ပြောသည်။ ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲကို မဲဆန္ဒနယ် ၁၉ ခုတွင် ကျင်းပမည် ဖြစ်သည်။