NLD လွှတ်တော်ကိုယ်စားလှယ်လောင်းများ အပြောအဆိုဆင်ခြင်ရန် ဦးတင်ဦး သတိပေး

NLD လွှတ်တော်ကိုယ်စားလှယ်လောင်းများ အပြောအဆိုဆင်ခြင်ရန် ဦးတင်ဦး သတိပေး
March 8, 2017 Asian Fame

3:48 pm
NLD လွှတ်တော်ကိုယ်စားလှယ်လောင်းများ အပြောအဆိုဆင်ခြင်ရန် ဦးတင်ဦး သတိပေး

လင်းဟိန်း
ရန်ကုန်၊ မတ် ၉

ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရာတွင် အပြောအဆိုကို ဆင်ခြင်သတိပြု ကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာယက ဦးတင်ဦးကသတိပေးလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ လွှတ်တော်ကိုယ်စားလှယ် များ၊ မဲရုံကိုယ်စားလှယ်များသည် အတွေ့အကြုံရှိပြီး ပြောရဲ ဆိုရဲ ရှိသူများဖြစ်သော်လည်း အမှားမပါ စေရန်အတွက် အထူးသတိထား ကြရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

”ကျွန်တော်တို့ရဲ့ အမှား ကြောင့် အောင်မြင်ပြီးခါမှ အရှုံးဖြစ်သွားရတာမျိုး ဘယ်လိုနည်းနဲ့ မှမဖြစ်အောင် ကြိုးစားလုပ်ကိုင် ကြရမယ်”ဟု ဦးတင်ဦးက ပြော သည်။ ယင်းအပြင် အခြားသော ပြိုင်ဘက်ပါတီများက ရွေး ကောက်ပွဲတွင် အနိုင်မရှိခဲ့သည့်အတွက် အမှုဖွင့်တရားစွဲဆိုသည့် အခါတွင်လည်း အချိန်ကုန်၊ ငွေ ကုန် မဖြစ်စေရန် ဆင်ခြင်ကြရ မည်ဟု ၎င်းက ပြောသည်။ ”ပြန်အစွဲခံရတာတွေ မဖြစ်ဖို့ အထူးသတိပြုဖို့လိုတယ်” ဟု ဦးတင်ဦးက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မဲဆွယ်စည်းရုံးရာတွင် အမှားကင်းစေရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကထုတ်ပြန်ထားသည့် ဥပဒေ စည်းမျဉ်းစည်းကမ်းများကို သေချာလေ့လာထားကြရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ယင်းအပြင် မဲဆွယ်စည်းရုံးရန်အတွက် ငွေကြေးသုံးစွဲရာတွင် လည်း ရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ထားသည့် ဥပဒေ အတိုင်း လိုက်နာကြရမည်ဖြစ် ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်သောကြောင့် အသုံးစရိတ်ကို လည်း ကြားဖြတ်ရွေးကောက်ပွဲအလျောက် သုံးစွဲကြရမည်ဖြစ် ကြောင်း ဦးတင်ဦးက ပြောသည်။ ဦးတင်ဦးက ”၂ဝ၁၅ ရွေး ကောက်ပွဲတုန်းကလို သုံးစရာ မလို ဘူး။ ကြားဖြတ်ရွေးကောက်ပွဲဖြစ်တဲ့အတွက် ကြားဖြတ်ရွေးကောက် ပွဲနဲ့ တူတူတန်တန်လုပ်ရမယ်” ဟု ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် ကျပ်သိန်းတစ်ရာထက် မပိုသော အသုံးစရိတ်ကိုသာ သုံးစွဲကြရမည် ဖြစ်ကာ သိန်းတစ်ရာထက်ပိုမို သုံးစွဲပါကအရည်အချင်းပျက်ယွင်း သူအဖြစ် ကြေညာမည်ဖြစ်ပြီး နောက်လာမည့် ရွေးကောက်ပွဲ တစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ကြောင်း ရွေးကောက်ပွဲ ဥပဒေတွင် ဖော်ပြထားသည်။

၂ဝ၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်အသုံးစရိတ်သုံးစွဲခြင်းကို ပါတီက စာရင်းစစ်ကော်မတီဖွဲ့ စည်းပြီး ကြီးကြပ်ပေးခဲ့ကြောင်း၊ ယခုအခါတွင် အဆိုပါကော်မတီ ဝင်များမှာ မအားလပ်ကြသည့်အတွက် ကြီးကြပ်ပေးရန် အဆင် မပြေတော့ကြောင်း ဦးတင်ဦးက ပြောသည်။ ၂ဝ၁၅ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲအသုံးစရိတ် တင် သွင်းရန် ကိုယ်စားလှယ်လောင်း ၁၇ဝ ကျော် ပျက်ကွက်ခဲ့ပြီး ယင်းအထဲမှ ကိုယ်စားလှယ်လောင်း ၇ဝ နီးပါးကို အရည်အချင်းပျက် ယွင်းသူအဖြစ် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။ ယင်းအပြင် ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်၊ ရွေးကောက် ပွဲ ခုံအဖွဲ့များက ဆုံးဖြတ်ချက် ချမှတ်ပြီးသော ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုပေါင်းမှာ ၄၄ မှုရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး နိုင်ငံတော် ပြန်တမ်းတွင် ထည့် သွင်းကြေညာခဲ့သော အမှုပေါင်း ၄၃ မှု ရှိပြီဖြစ်သည်။

မဲဆွယ်စည်းရုံးရာတွင် ပြဋ္ဌာန်း ထားသည့် တည်ဆဲဥပဒေချိုး ဖောက်သော လွှတ်တော်ကိုယ်စား လှယ်များကို ကန့်ကွက်လွှာတင် နိုင်သည်။ လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် ရွေးကောက်ပွဲ တွင် နိုင်ကို နိုင်ရမည်ဟူသော စိတ် ဓာတ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြ ရမည်ဖြစ်ပြီး နိုင်လည်းနိုင်မည် ဖြစ်ကြောင်း ဦးတင်ဦးကဆိုသည်။ လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ၂ဝ၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင် မြန်မာတစ်နိုင်ငံလုံး လစ်လပ်မဲဆန္ဒနယ် ၁၉နေရာ ရှိသည့်အနက် ၁၈ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*