မြန်မာစာပေများကိုလည်း အင်္ဂလိပ်လိုများများပြန်နိုင်ရင် တစ်နေ့ကျရင် မြန်မာစာရေးဆရာတွေကလည်း စာပေဆိုင်ရာ နိုဘယ်ဆု ရနိုင်ပါတယ်

မြန်မာစာပေများကိုလည်း အင်္ဂလိပ်လိုများများပြန်နိုင်ရင် တစ်နေ့ကျရင် မြန်မာစာရေးဆရာတွေကလည်း စာပေဆိုင်ရာ နိုဘယ်ဆု ရနိုင်ပါတယ်
March 3, 2017 Asian Fame

1:37 pm
မြန်မာစာပေများကိုလည်း အင်္ဂလိပ်လိုများများပြန်နိုင်ရင် တစ်နေ့ကျရင် မြန်မာစာရေးဆရာတွေကလည်း စာပေဆိုင်ရာ နိုဘယ်ဆု ရနိုင်ပါတယ်

heinlatt

ဆရာ ဦးဟိန်းလတ် နှင့် တွေ့ဆုံခြင်း

စာပေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ကာ ယခု အစိုးရသစ်လက်ထက်၌ စာပေဆိုင်ရာပွဲတော်များကို အလေးပေး ကျင်းပလာသည်ကို တွေ့ရသည်။ ထို့အတူ စာတမ်းဖတ်ပွဲများ ကို လည်း မကြာခဏဆိုသလို ကျင်း ပလာသည်။ ယခုလည်း ဘာသာ ပြန် စာပေစာတမ်းဖတ်ပွဲ ကျင်း ပနိုင်ရေးအတွက် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ အစည်းအဝေးများ ကျင်းပနေသည်ပင်။ ထို့ကြောင့် ဘာသာပြန်စာပေစာတမ်းဖတ်ပွဲ အတွက် ပြင်ဆင်ထားမှုများနှင့် ဘာသာပြန်စာပေ၏ အရေးပါမှု များကို စာတမ်းဖတ်ပွဲ ကျင်းပနိုင် ရေး ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် တာ ဝန်ယူထားသည့် ဆရာ ဦးဟိန်းလတ် နှင့် တွေ့ဆုံမေးမြန်း ဖော်ပြပေး လိုက်ပါသည်။

ဘာသာပြန်စာပေ စာတမ်း ဖတ်ပွဲ ကျင်းပဖို့အတွက် ဆရာတို့ တွေ အဖွဲ့ဖွဲ့ပြီး လုပ်ဆောင်နေတယ် လို့သိရပါတယ်။ ဒီစာတမ်းဖတ်ပွဲ လုပ်ဖို့ စီစဉ်ဖြစ်ပုံကိုလည်း ပြောပြ ပေးပါဦးဆရာ။

မြန်မာကနေ အင်္ဂလိပ်ကို ဘာသာပြန်တာတွေ၊ အင်္ဂလိပ်က နေ မြန်မာဘာသာပြန်တာတွေ အများကြီး လိုအပ်နေတဲ့အချိန်မှာ ဘာသာပြန်စာတမ်းဖတ်ပွဲ ကျင်းပ ဖို့ကို ပြည်ထောင်စုဝန်ကြီးက စီစဉ် လိုက်တာပါ။ အစိုးရသစ် လက် ထက်မှာ နိုင်ငံရေးစာတမ်းဖတ်ပွဲ လည်း ကျင်းပပြီးပြီ၊ ခေတ်ပြိုင် သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ် ပွဲလည်း ကျင်းပပြီးပြီ။ အခုလုပ် မှာဆို တတိယအကြိမ်ဖြစ်တယ်။ အခုပွဲမှာက ဆွေးနွေးပွဲတွေပါပါမယ်။ ရန်ကုန် သိမ်ဖြူလမ်းမှာရှိတဲ့ ပုံနှိပ် ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံမှာပဲလုပ်မှာပါ။ ကျင်းပရေးကော်မတီဥက္ကဋ္ဌက ဦးတင်လှိုင် (လယ်တွင်းသားစော ချစ်)၊ ဒုတိယဥက္ကဋ္ဌ(၁)ကဦးအောင် ရှင် (မုံရွာအောင်ရှင်)နဲ့ ဆရာက ဒုတိယဥက္ကဋ္ဌ(၂) ဆိုပြီး အဖွဲ့ဖွဲ့ပြီး လုပ်ဆောင်နေပါတယ်။ ဧပြီ ၂၉ ရက်ကမေ ၁ ရက်အထိ သုံးရက် ကျင်းပမှာပါ။

သာသာပြန် စာပေနဲ့ပတ်သက်ပြီး အရင်က လုပ်ခဲ့တဲ့ စာတမ်းဖတ် ပွဲတွေ အကြောင်းကိုလည်း ပြောပြ ပေးပါဦး ဆရာ။

ဘာသာပြန်စာတမ်းနဲ့ ပတ် သက်ပြီးစလုပ်ခဲ့တာက ၁၉၅ဝ ပြည့်နှစ်မှာ စာပေဗိမာန်စာတည်း ဌာနကနေ ဘာသာပြန်စာပေ အရေးအသားတိုး တက်ရေးဆိုပြီး စာတမ်းဖတ်ပွဲ လုပ်ကြတယ်။ အဲ့ဒီ မှာဆရာကြီး သခင်ဘသောင်း၊ ဆရာကြီး ဦဖေမောင်တင်၊ ဦးသန့်၊ ပါမောက္ခဦးဧမောင်၊ ဆရာမင်း သုဝဏ်တို့ပါတယ်။ အဲ့ဒီစာတမ်း တွေကို စာအုပ်အနေနဲ့ ၁၉၅၄ ခုနှစ်မှာ ပြန်ထုတ်တယ်။ အဲ့ဒါက တစ်ခါပြီးသွားတယ်။ နောက် တစ်ခါက ၁၉၇ဝ ပြည့်နှစ်မှာ ဘာ သာပြန် စာပေနှီးနှောဖလှယ်ပွဲ လုပ်တယ်။ အဲ့ဒီမှာ စာတမ်း ၉ စောင် တင်တယ်။ အဲ့ဒီမှာ စာတမ်းတင် တဲ့ဆရာကြီးတွေက မြန်မာပြည်မှာ ထင်ရှားတဲ့ဆရာကြီးတွေဖြစ်တဲ့ ဆရာမင်းသုဝဏ်၊ ဆရာဇော်ဂျီ၊ ဆရာမောင်ထင်၊ ဆရာ ဦးထင်ကြီး၊ ဆရာဦးခင်ဇော်၊ ဆရာကြီးသခင် ဘသောင်း၊ ဆရာ ဦးတင်အေး၊ ဆရာဇဝန၊ ဆရာဦးဝင်းဖေ၊ ဆရာ မှူးတင်၊ ဆရာတက်တိုး တို့ဖြစ် တယ်။ နောက်တစ်ခါက ၁၉၉ဝ လောက်မှာ ဘာသာပြန်စာပေ စာတမ်းဖတ်ပွဲ ထပ်လုပ်တယ်။ အဲ့ဒီမှာစာတမ်းဖတ်ကြတာက ဆရာ ဦးသော်ကောင်း၊ ဆရာငြိမ်းကျော်၊ ဆရာမောင်ထွန်းသူ၊ ဆရာမောင် မြင့်ြ<ွကယ်၊ ဆရာနတ်နွယ်၊ ဆရာ လှသမိန်၊ ဆရာဒေါက်တာတင် အောင်တို့ ဖတ်ကြတယ်။ စာတမ်း က လေးစောင်ဖြစ်ပြီး တစ်စောင်ကို နှစ်ယောက်ဖတ်ကြတယ်။ ၂ဝဝ၁ ခုနှစ်လောက်မှာလည်း စာပေ ဗိမာန်ကပဲ စာတမ်းဖတ်ပွဲ ထပ် လုပ်တယ်။ ဘာသာပြန်နဲ့ပတ် သက်ပြီး စာတမ်းဖတ်ပွဲလုပ်ပြီးပြီ။ မလုပ်ဖြစ်တာလည်း နှစ်ပေါင်း ၁၅ နှစ် လောက်ရှိပြီ။ အခုလုပ်မှာဆိုရင် တော့ ဘာသာပြန်စာတမ်းဖတ်ပွဲ ငါးကြိမ်မြောက် ဖြစ်တယ်။

စာတမ်းဖတ်ပွဲတွေက ဘယ်လောက် အထိ အရေးပါပြီး ဒီစာတမ်းဖတ်ပွဲ တွေကနေရနိုင်မယ့် အကျိုးကျေးဇူးကိုလည်း ပြောပြပေးပါဦးဆရာ။

အကျိုးကျေးဇူးကတော့ စာ တမ်းဖတ်ပွဲလုပ်ရင် စာဖတ်ပရိ သတ်က ပိုပြီးစိတ်ဝင်စားလာတယ်။ ဘာသာပြန်ဆိုရင်လည်း ဘာသာ ပြန် အတတ်ပညာနဲ့ ပတ်သက်လို့ ဝိုင်းဝန်းဆွေးနွေးကြမယ်။ ပညာ ရှင်တွေက သူတို့ရဲ့ပညာတွေကို ဝေမျှမယ်။ နောက်ပိုင်းထွက်ပေါ် လာမယ့် ဘာသာပြန် စာအုပ်တွေ မှာ ပိုပြီးတော့အမှားကင်းမယ်။ ဘာသာပြန်အတတ်ပညာတွေကို ပိုပြီးနားလည်လာကြမယ်။ ဘာသာ ပြန်ခြင်းရဲ့ အရေးကြီးမှုကို ပိုသိပြီး တော့ များများဘာသာပြန်ကြမယ်။

ဘာသာပြန်စာပေရဲ့ အရေးပါမှုနဲ့ နိုင်ငံတကာစာပေဈေးကွက်မှာ ဘာသာပြန်စာပေကို ဘယ်လောက်အထိ လုပ်နေကြတယ်ဆိုတာကိုလည်း ပြောပြပေးပါဦးဆရာ။

ဘာသာပြန် စာပေက နိုင်ငံ တကာမှာအရေးပါတယ်။ တရုတ် နိုင်ငံနဲ့ ဂျပန်နိုင်ငံမှာဆိုရင် ဒီ တစ်ပတ်အတွင်း အမေရိကမှာ၊ အင်္ဂလန်မှာ စာအုပ်ကောင်းတစ်အုပ် ထွက်လာရင်နောက် နှစ်ပတ်သုံးပတ် လွန်ရောဆို တစ်လအတွင်းမှာ တရုတ်သာသာ၊ ဂျပန်ဘာသာပြန် အဖြစ် ထွက်ပြီးနေပြီ။ အဲ့ဒီလောက် အထိမြန်တာ။ အဲ့ဒီတော့ တရုတ် ပြည်ကသူတွေ ဂျပန်ပြည်ကသူတွေ က အင်္ဂလိပ်ဘာသာ မတတ်ပေ မယ့်လည်း သူတို့က သူတို့ဘာသာ နဲ့ဖတ်နိုင်တော့ သူတို့က ခေတ်မီ တိုးတက်နေကြတယ်။ အသိÓဏ် ပညာတွေက ခေတ်နဲ့အမီ ရင်ပေါင် တန်းနိုင်တာ။ ကျန်တဲ့နိုင်ငံတွေမှာ တော့ အဲ့ဒီလောက်အထိ မလုပ်နိုင် ဘူး။ မလုပ်နိုင်ဘူးဆိုတာမှာလည်း မြန်မာပြည်ပါပဲ။ ထိုင်းမှာဆိုလည်း စာအုပ်ထွက်ပြီး နှစ်လလောက်ဆို သူတို့ဘာသာပြန်အဖြစ်ထွက်ပြီ။ သူတို့ဆီမှာလည်း ရောင်းအား ကောင်းတယ်။ စင်ကာပူဆိုတာ ကတော့ ပြောစရာတောင် မလို တော့ဘူး။ အဲ့ဒီတော့ တရုတ်ရယ်၊ ဂျပန်ရယ်၊ အိန္ဒိယရယ်၊ ထိုင်းမှာ ဘာသာပြန်အင်မတန် ထွန်းကား တယ်။ အဲ့ဒီတော့ သူတို့တွေကသိပ္ပံ ပညာရဲ့ နောက်ဆုံးတွေ့ရှိချက်တွေ၊ သုတေသန တွေ့ရှိချက်တွေကို အကုန်သိတယ်။ ရသစာပေမှာ လည်း ကမ္ဘာကျော်စာအုပ်တွေ အားလုံးကို ဖတ်နိုင်ပြီးသားဖြစ်တဲ့ အတွက် အမြဲတမ်း ခေတ်မီနေကြ တယ်။ အဲ့ဒီတော့ ဘာသာပြန်က အရေးကြီးတယ်။

ဟုတ်ကဲ့။ ဘာသာပြန်ဆိုတဲ့ နေရာမှာ တိုင်းရင်းသားစာပေတွေအ တွက် ဘယ်လိုတွေလုပ်ဆောင် ဖို့ လိုမယ်ဆိုတာကိုလည်း သုံးသပ်ပေးပါဦး ဆရာ။

ဒီထက်ပိုပြီး အရေးကြီးတာက တိုင်းရင်းသား စာပေဘာသာပြန်။ ဘာသာပြန်စာပေ စာတမ်းဖတ်ပွဲ မှာလည်း တိုင်းရင်းသားစာပေများ ဘာသာပြန်ကိုလည်း ခေါင်းစဉ် တစ်ခုအနေနဲ့ တင်ထားတယ်။ အင်္ဂလိပ်က မြန်မာ၊ မြန်မာက အင်္ဂလိပ်အပြင် မွန်ကျမ်းတွေကို မြန်မာလိုဘာသာပြန်တာ။ မြန်မာ ကျမ်းတွေကို မွန်လိုပြန် တာ။ ရှမ်း၊ ကချင်၊ ကရင်စသည်ဖြင့် တိုင်းရင်း သားတွေရဲ့စာပေတွေကို မြန်မာလို များများပြန်စေချင်တယ်။ မြန်မာ စာပေထဲက အနှစ်သာရတချို့ကို သူတို့ တိုင်းရင်းသားဘာသာကို ပြန်စေချင်တယ်။ တိုင်းရင်းသား ဘာသာကိုချီးမြှောက်ရာ ရောက် သလို အသိအမြင် တိုးအောင်လုပ် ဖို့ကလည်း ဘာသာပြန်မှာ အရေး ကြီးပါတယ်။ အဲ့ဒီတော့ သာသာ ပြန်ဆိုတာ အင်္ဂလိပ်က မြန်မာကို ပြောတာမဟုတ်ဘူး။ တိုင်းရင်း သားစာပေများကို မြန်မာလိုပြန် ခြင်း၊ မြန်မာစာပေများကို တိုင်း ရင်းသားစာပေကို ဘာသာပြန်ခြင်း လည်းပါတယ်။ နောက်တစ်ချက်က အင်္ဂလိပ်က မြန်မာကိုဘာသာပြန် တာတော့ ထားလိုက်တော့ မြန်မာစာအုပ်တွေကို အင်္ဂလိပ်လို ဘာသာပြန်တာနည်းတယ်။ နည်း တဲ့အတွက် ကမ္ဘာက မြန်မာစာပေ ကို သိပ်မသိဘူး။ အဲ့ဒီတော့ ကြီး ကြီးကျယ်ကျယ်ပြောရရင် နိုဘယ် ဆုပေးနေတဲ့အထဲမှာ မြန်မာ စာအုပ်တွေ တစ်ခါမှမရဘူး။ ဂျပန် က ရသွားပြီ၊ အိန္ဒိယက ရသွားပြီ၊ တရုတ်က ရတယ်။ အဲ့ဒီလိုတွေ ရနေကြတယ်။ မြန်မာစာပေက ညံ့လို့မဟုတ်ဘူး။ အင်္ဂလိပ်လို ဘာသာပြန်တာ နည်းတဲ့အတွက် စာပေအကဲဖြတ်တဲ့သူတွေက မြန် မာစာအဆင့်အတန်းကို မသိလို့ မပေးတာ။ အဲ့ဒီတော့ မြန်မာစာ ပေများကိုလည်း အင်္ဂလိပ်လိုများများ ပြန်နိုင်ရင် တစ်နေ့ကျရင် မြန်မာ စာရေးဆရာတွေကလည်း စာပေ ဆိုင်ရာနိုဘယ်ဆုရနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်ရှင်။

အိမ်စည်စိုးစံ တွေ့ဆုံသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*