ငြိမ်းချမ်းရေး၊ NCA နှင့် စဉ်းစားတွေးခေါ်မှု ပုံစံ

ငြိမ်းချမ်းရေး၊ NCA နှင့် စဉ်းစားတွေးခေါ်မှု ပုံစံ
March 1, 2017 Asian Fame

1:54 pm
ငြိမ်းချမ်းရေး၊ NCA နှင့် စဉ်းစားတွေးခေါ်မှု ပုံစံ

လက်ရှိအချိန်သည် NLD အစိုးရအနေဖြင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မူကိုလက်ကိုင်ကာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်း ရေးကို အလေးဂရုပြုဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA (Nationwide Ceasefire Agreement) တွင် လက်မှတ် ရေးထိုးကြရန် တိုက်တွန်းနှိုးဆော်နေသည့်အချိန်အခါ ဖြစ်သည်။

ထိုသို့သောအချိန်အခါတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင် များ၏ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးကို အထူးဒေသ(၂) ‘ဝ’ ပြည်နယ် အစိုးရဌာနချုပ် ပန်ခမ်းမြို့တွင် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပပြုလုပ် ခဲ့ပြီး တက်ရောက်လာကြသည့် ခေါင်းဆောင်အားလုံး၏ သဘောတူညီချက်များအရ NCA တွင် လက်မှတ်မထိုးဟု ဆုံးဖြတ်ခဲ့ကြကာ တောင်းဆိုချက် ၉ ချက်ပါဝင်သည့် ထုတ်ပြန်ကြေညာချက်တစ်ရပ်ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ထိုတောင်းဆိုချက်များထဲတွင် ထူးခြားမှုတစ်ခုအနေဖြင့် ‘တရားမျှတမှုရှိသောအပစ်အခတ် ရပ်စဲရေးစာချုပ်ဖြင့် NCA ကို အစားထိုးရန်’ ဟူသောအချက်တစ်ချက်ပါဝင်လာသည်။

ဤနေရာတွင် NCA ပေါ်ပေါက်လာပုံအကျဉ်းကို ဖော်ပြလိုသည်။ NCA ဆိုသည်မှာ ၂ဝ၁၃ အောက်တိုဘာလက ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ဂွမ်မော်က တိုင်းရင်းသားလက်နက်ကိုင် အားလုံးပါဝင်သည့် ညီလာခံတစ်ခုကျင်းပရန်အဆိုပြုခဲ့ရာမှ စတင်ခဲ့သည်။ ထိုအဆိုပြု ချက်ကို အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က လက်ခံခဲ့သဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ပါဝင်သော ညီလာခံတစ်ရပ်ကို လိုင်ဇာမြို့တွင်ကျင်းပခဲ့သည်။

အဆိုပါညီလာခံမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့ပါဝင်သော NCCT (Nationwide Ceasefire Coordination Team) ကိုဖွဲ့စည်းပြီး အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးအလုပ်ကော်မတီ (UPWC) နှင့် NCA ဖြစ်ပေါ်လာရေးအတွက်၂ဝ၁၄ ခုနှစ် မတ်လ ၈ ရက်နေ့မှစတင်ဆွေးနွေးခဲ့ကြပြီး ပထမမူကြမ်း၊ ဒုတိယမူကြမ်း စသည်ဖြင့် ပဉ္စမမူကြမ်းအထိ အကြိမ်ကြိမ် အပြန်ပြန်အလှန်လှန် ဆွေးနွေးညှိနှိုင်းခဲ့ကြကာ ၂ဝ၁၅ ခုနှစ် သြဂုတ်လ ၇ ရက်ရောက်မှသာ မူချောကိုအတည်ပြုနိုင်ခဲ့သည်။

ထိုသို့ နှစ်ဖက်သဘောတူရေးဆွဲခဲ့ကြပြီး လက်မှတ်ထိုးမည့်အချိန်မှသာ TNLA, MNDAA , AA တို့အားလုံးပါဝင်မှသာ လက်မှတ်ထိုးကြမည်ဟု ထပ်ဆင့်ဆုံးဖြတ်ပြီး UWSA, KIO , NDAA ,KNPP, SSPP, NMSP, NSCN-K, PSLF အဖွဲ့များ NCA လက်မှတ်မထိုးဘဲ ကျန်နေခြင်းဖြစ်သည်။ ဆိုလိုသည်မှာ NCA လက်မှတ်ထိုးရန် ကျန်သောအဖွဲ့များသည် မူလက NCA ကို သဘောတူညီပြီးကြသူများဖြစ်ကြသည်။ ထိုသို့ကိုယ်တိုင်ပါဝင်ရေးဆွဲအတည်ပြုခဲ့သော NCA ကို တစ်စုံတစ်ဦးကမျှ ဖြည့်စွက် ခြင်း၊ ပြင်ဆင်ခြင်း၊ နုတ်ပယ်ခြင်းမပြုပါဘဲ ‘တရားမျှတမှုရှိသော အပစ်အခတ်ရပ်စဲရေး စာချုပ်ဖြင့် NCA ကို အစားထိုးရန်’ ဟု တောင်းဆိုလာခြင်းသည် ထူးခြားပြီး စိတ်ဝင်စားစရာကောင်းသလို မေးခွန်းထုတ်စရာများလည်း ရှိလာသည်။

မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်ကို ပြန်လည်လေ့လာကြည့်သော် ပဋိပက္ခများ၊ စစ်ပွဲများ၊ သဘောထားကွဲလွဲမှုများနှင့်သာ ပြည့်နှက်နေခဲ့သည်။ ထိုသို့ ဖြစ်ပေါ်လာခြင်း၏ အဓိကအချက်မှာ ပဋိပက္ခတွင်နှစ်ဖက်ပါဝင်သူတို့၏ စဉ်းစား တွေးခေါ်ပုံကြောင့်ဖြစ်သည်။ ထိုသူတို့သည် မိမိစဉ်းစားတွေးခေါ်သည့် စဉ်းစားချက် တွေးခေါ်ချက်သည်သာ အမှန်ဖြစ်သည်၊ အခြားတစ်ဖက်၏ စဉ်းစားတွေးခေါ်ချက် များသည်မှားသည်၊ မှန်သည့်တိုင် မိမိစဉ်းစားသလောက်မမှန်ဟူသော အတ္တဝါဒကို အခြေခံစဉ်းစားသည့် စဉ်းစားတွေးခေါ်ပုံကြောင့်ဖြစ်သည်။

ကမ္ဘာပေါ်တွင်ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံရေးတည်ငြိမ်သောနိုင်ငံများတွင် အထက်ပါ အတ္တဝါဒကိုစွန့်လွှတ်ပြီး တစ်ဖက်အမြင်ကို အခြားတစ်ဖက်ကလေးစားပြီး ဘုံသဘောတူညီချက်တစ်ရပ်ရအောင် ညှိနှိုင်းစဉ်းစားသည့် အလေ့အထကိုပြောင်းလဲ နိုင်ခဲ့သည်ကိုတွေ့ရသည်။ ဒီမိုကရေစီ၏အနှစ်သာရသည်လည်း ထိုသဘောပင်ဖြစ် သည်။ နှစ်ပေါင်းများစွာအရိုးစွဲလာသော စဉ်းစားတွေးခေါ်ပုံမှ ပြောင်းလဲရန်မှာ လွယ်ကူလှမည်တော့မဟုတ် အခက်အခဲများစွာရှိမည်သာဖြစ်သည်။ နှစ်ဖက် အပြန် အလှန်လေးစားမှု၊ အလျှော့ပေးမှု၊ ယုံကြည်မှု၊ အလိုက်သိမှု တိုင်းပြည်အပေါ်စေတနာ ထားနိုင်မှု စသည့်အချက်များစွာပေါ်မူတည်နေသည်။ အချုပ်အားဖြင့်ဆိုရသော် ပြဿနာတစ်ခုကိုရင်ဆိုင်ကျော်လွှားရာတွင် အမြင် မတူညီသူ တစ်ဖက်ချင်းစီ၏ ကောင်းခြင်းဆိုးခြင်းပေါ်တွင်မူတည်သည် မဟုတ်ဘဲ နှစ်ဖက်ပူးပေါင်းပြီး မည်သို့စဉ်းစားသည်ဆိုသည့် စဉ်းစားတွေးခေါ်မှုပုံစံပေါ်တွင်သာ မူတည်နေပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။

အယ်ဒီတာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*