ကျွန်တော်၏ ယုံကြည်မှု

ကျွန်တော်၏ ယုံကြည်မှု
February 22, 2017 Asian Fame

12:24 pm
ကျွန်တော်၏ ယုံကြည်မှု

Mg Swe Thet Article

သည်နေ့ ၁၆-၂-၂ဝ၁၇ ကြာ သပတေးနေ့။ လွန်ခဲ့သော တစ်လ ၁၆-၁-၂ဝ၁၇ ရက်နေ့က ရန်ကုန် ရွှေမြို့တော်ကြီးတွင်သမိုင်းဝင်လှုပ် ရှားမှုကြီးတစ်ခု မှတ်တမ်းစခဲ့သည်။ YBS လှုပ်ရှားမှု။

ယခင် အစိုးရ အစိုးရများ လက်ထက်က အမြဲတစေ ကြားနေရသော လူထုပြဿနာက မော်တော်ယာဉ်လိုင်းပေါင်းစုံ ပြဿနာ။ နဝတလက်ထက်၊ နယကလက်ထက်၊ အဆက်ဆက် ရန်ကုန်မြို့ လူထု ခရီးသွားလာမှု ပြဿနာက အသံတိတ်သော အချိန်မရှိသလောက်ဟု ဆိုရမည်။မြို့နေလူထုက တစ်နှစ်ထက်တစ်နှစ် တိုးလျက်ရှိသည်။ မြို့နေ လူထုအပြင် မြို့တော်ကို ဖြတ်သန်း သွားလာကြသော လူဦးရေက အံ့ မခန်းတိုးတက်လျက်ရှိသည်။ မြစ်ဝ ကျွန်းပေါ်မှလာသည်။ ရန်ကုန်ကို ဖြတ်၍မြောက်ဘက်သို့တက်သည်။ မြောက်ဘက်မှ ဝင်လာသော ယာယီခရီးသွားများက ရန်ကုန်မြို့ ကိုဖြတ်၍ မြစ်ဝကျွန်းပေါ်ဒေသနှင့် မွန်ပြည်နယ်ဘက် ခရီးဆက်သည်။ ခရီးအစမှအဆုံး ဖော်ပြရန်မလွယ်သော ဖြတ်သန်းခရီးသည် Floating Population က များလှသည်။

ရန်ကုန်မြို့ အဝန်းအဝိုင်းကို မချဲ့နိုင်၊ လမ်းတွေ မချဲ့နိုင်၊ ခရီးသွားလူထုကို မတားနိုင်။ မြို့သစ် တွေချဲ့သည်။ မလုံလောက်။ရန်ကုန်ရွှေမြို့တော်မှကိုယ်ပွား နေပြည်တော်ကြီး တည်ဆောက် သော်လည်း ရန်ကုန်မြို့တွင်း ခရီးသွားလူထု ယာဉ်စီးခရီးသည်တို့ သိသိသာသာ လျော့မသွား။ နဝတ၊ နယကခေတ်က ရန် ကုန်မြို့တော်ကို ဗဟိုမှတိုက်ရိုက် ချုပ်ကိုင်သည်။ နဝတ၊ နယကဥက္က ဋ္ဌကိုယ်တိုင် မြို့တော်ဝန်ကို တိုက်ရိုက်ကွပ်ကဲသည်။ နေ့စဉ် လှုပ်ရှားသွားလာနေ ကြသော မြို့နေလူထုခရီးသွား ပြဿနာက ရှင်းသည်ဟုမရှိ။ ဒီမိုကရေစီ ခြေလှမ်းအစ သမ္မတကြီး ဦးသိန်းစိန်ခေတ်မှာ ရန် ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ သီးခြားဖွဲ့သည်။ မြို့တွင်းခရီးသွား ပြဿနာပြေလည်သည်ဟူသော သတင်းမကြားရ။ မြို့လယ်ရှောင် လမ်းမကြီးတွေ ဖောက်မည်ဟု သတင်းကြားရသည်။ ပဲခူးတိုင်းဘက် ထွက်မည့်ကားများ ရေကျော်၊ ပုဇွန်တောင်မှ ကြက်ဘဲဈေးဖြတ် ၍ သုဝဏ္ဏအားကစားရုံ နှစ်ခုကြား မှဖြတ်မည်။ ဝေဇယန္တာလမ်းမကြီး အတိုင်းထွက်၍ လှည်းကူးမြို့ဘက်ကို ဦးတည်မည်ဟု ကြားလိုက်ရ သေးသည်။ နှစ်ရှည်စီမံကိန်းဖြစ် ၍ ဦးမြင့်ဆွေတိုင်းဒေသကြီး အစိုးရအဖွဲ့လက်ထက် ပုံစံလေးပင် မချနိုင်ခဲ့။

မြို့တွင်းသွား ခရီးစဉ်များ အတွက်ဘတ်စ်ကား ၄ဝဝဝလောက် နှင့်ပြေးဆွဲရာမှ မပြေလည်မှုများ ဖြေရှင်းမည်ဟု ကြားရသည်။ နီးစပ်သော ဝန်ကြီးတစ်ပါးထံ မေးမြန်းစုံစမ်းကြည့်ရာ စီမံချက် ရှိသည်၊ ဝန်ကြီးချုပ်ကိုင်တိုင် လေ့ လာနေသည်၊ ဆွေးနွေးနေသည်၊ ပြင်ဆင်နေသည်ဟု ကြားရသည်။ရောမမြို့ကြီးကို တစ်နေ့တစ် ညနှင့် တည်ဆောက်၍မရနိုင်ဟု ကြားဖူးကြသော ရန်ကုန်လူထုက နားလည်မှုရှိသည်။ ဘတ်စ်ကား သမားများ ရိုင်းစိုင်းမှု၊ စော်ကားမှု၊ ရန်ပြုမှုများကို မီဒီယာများမှတစ် ဆင့် လူမှုကွန်ရက်မှတစ်ဆင့် ရင် ဖွင့်ကြသည်။ သတင်းတစ်ပုဒ် မရိုးမီ နောက်တစ်ပုဒ်ပေါ်လာသည်။ ပြက္ခဒိန်စာမျက်နှာတွေ တစ်ရွက်စီ တစ်ရွက်စီ ပြောင်းသွားသည်။ အပ်ကြောင်းက ထပ်ဆဲ၊ ထပ်မြဲနှင့် အစိုးရအဖွဲ့ ပြောင်းသွားသည်။သမ္မတကြီး ဦးထင်ကျော် အစိုးရတက်လာသည်။ လူထုအများ ထောက်ခံမဲနှင့် တက်လာသည်။ ဆိုက်ကားတပ်ကြီး ချီတက်လာ သည်။ တက္ကစီတပ်တော်ကြီး ချီ တက်လာသည်၊ အင်အယ်လ်ဒီအလံတွေ ပလူပျံလျက် မဲရုံတွေ လူပြည့် သည်။ ဘတ်စ်ကားဝန်ထမ်းတပ်ဖွဲ့ ကြီးတော့ မတွေ့မိ။ ဟိုးယခင် ကျွန်တော်တို့ ငယ် စဉ်က ဆိုရိုးရှိသည်။ ရန်ကုန်နှင့် မန္တလေးကို နိုင်လျှင် အစိုးရပိုင်ပြီ ဟု ဆိုကြသည်။ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့တွေဖွဲ့ဖို့ အင်အယ်လ်ဒီ အစိုးရ လူသေချာရွေးဟန်တူသည်။

အသက်ငယ်၍ တက်ြ<ွကသော ပုဂ္ဂိုလ်ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ခန့်သည်။ မြို့တော် စည်ပင်ကို စကိုင်သည်။ ဝန်ကြီး ချုပ်ကလည်း နိုင်ငံရေးဘောဂဗေဒ ကို ကျွမ်းကျင်ပုံရသည်။ Change  ကို မစခင် တစ်ရွေ့ရွေ့မလှမ်း၊ ခပ် သွက်သွက်လှမ်းသည်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ကျွန်တော်မသိပါ။ သူ့ကို လူသစ် ဟူ၍ ကျွန်တော် အထင်မသေးဝံ့ ပါ။ နိုင်ငံရေးကျွမ်းကျင်သူ လူရွယ် ခြေတက်ဟု မှတ်ယူသည်။ ဗဟိုအစိုးရဟူသည် တိုင်းနှင့် ပြည်နယ် ဆယ့်ငါးခုကို တာဝန်ယူ ထားရသည်။ တစ်နေရာရာမှ စီခနဲ ညံခနဲ အသံထွက်လာလျှင် မလိုလားအပ်သော အသံတွေ ပြည်ရွာအနှံ့ မပြန့်စေဖို့ ထိန်းရသည်။ ရန်ကုန်မှာကွမ်းမစားရအမိန့်၊ နယ်လိုင်စင်ကားများ ရန်ကုန်မှာ ကျောက်ဆူးချနေခြင်းများ နှင် ထုတ်ရေး၊ မြို့တော်သန့်ရှင်းရေး၊ လမ်းဘေးဈေးသည်ရှင်းလင်းရေး စသည် စသည် Political Movement လေးများ ပေါ်လာသည်။ ဗဟိုကိုပံ့ပိုးသော လှုပ်ရှားမှုလား၊ သူတစ်ဦးတည်း သီးသီးသန့်သန့် Solo Movement လား မသိ။

ကိုယ့်တိုင်းက ဝန်ကြီးချုပ်ကို လေးစားမိတာ အထင်ကြီးမိတာတော့ အမှန်။

ယခု YBS လှုပ်ရှားမှုသည်လည်း သတ္တိရှိလွန်းသော ဝန်ကြီးချုပ်ဟု ကျွန်တော်က အထင်ကြီးသည်။ အင်အယ်လ်ဒီ ပါတီသည် အစိုးရအတွေ့အကြုံ မရှိခဲ့သေး။ အစိုးရတာဝန်ယူတာ တစ်နှစ်မပြည့်သေး။ Great Change လုပ်ပြလိုက်သည်။ ရွေးကောက်ပွဲ မဝင်ခင်ကသည်တိုင်းမှာ သည် တာဝန်ယူဖို့ ပြင်ဆင်မှုအဖြစ် ဘတ်စ်ကားလောကကို ကြိုတင် လေ့လာခဲ့လေသည်လားမသိ။ ကိုးလကျော်ကျော်မှာ YBS စနစ်သစ် စလိုက်သည်။ လေ့လာမှုတော့မသိ။ ပြင်ဆင်မှုကတော့ မပြည့်စုံတာ သေချာသည်။ မြို့လူထု ခရီးစဉ်များ အခက်အခဲတွေ တွေ့သည်၊ အိမ်တိုင်းမှာ ခရီးသွားသူ ရှိသည်၊ မပြေလည် သော ညည်းတွားသံများ အိမ်တိုင်း မှာ ကြားရသည်။ သို့သော် စီစီညံ ညံ မဖြစ်ခဲ့။ ယခင် အစိုးရတွေ လက်ထက်ကသာ ယခုလို ပြင် ဆင်မှု မလုံလောက်သော Change ကိုလုပ်မိ၍ ဘတ်စ်ကားလိုင်း အား လုံးလိုလိုခရီးသည်တွေ ဒုက္ခရောက် ရလျှင် တို့အရေးလှုပ်ရှားမှု ကြီး ကြီးမဟုတ်တောင်မှ အလတ်စား တော့ဖြစ်မည်ထင်သည်။ ယခုတော့ ၈၂ ရာခိုင်နှုန်းဟူသော တံတိုင်းက လုံခြုံသည်။ ယခုတစ်လ ပြည့်ပါပြီ။ ရန်ကုန်တိုင်း အစိုးရကြိုးစား ဖြေရှင်းနေပါသည်။ မလွယ်ကူ သောအလုပ်ကို မလုပ်ဖူးဘဲ ပြောင်းလဲစီစဉ်ရခြင်းကြောင့် အဆင်မပြေမှုများကို သည်းခံကြရပါမည်။

ဝန်ကြီးချုပ်ကြီး ကိုယ်တိုင် ဘတ်စ်ကားစီးသော ဓာတ်ပုံ တွေ့လိုက်ရသောအခါ ဝမ်းသာသွားသည်။ ဘတ်စ်ကားစီး ခရီးသည် တို့ မကျေနပ်သံများလည်း အတန် အသင့် ငြိမ်သွားစေခဲ့ပါသည်။ သို့သော် ဘတ်စ်ကားစီးသော ဝန်ကြီးချုပ်ကို အားပေးသော်လည်း တစ်ချိန်က ကျွန်တော်တို့ကို ကျွန် ပြုခဲ့သော နိုင်ငံကြီးက သံတမန်ကြီးက ဘတ်စ်ကားစီးခရီးသည် တွေကြားမှာ အမြိုင့်သားထိုင်နေ သော ဓာတ်ပုံတွေ့လိုက်ရသော အခါ အံ့သြမိရသည်။

ရန်ကုန်မြို့မှာ အခြေစိုက်နေ ထိုင်သော ဗြိတိသျှ (တစ်ချိန်က အရှင်သခင်ကြီး) သံအမတ်ကြီး Andrew Patrick က YBS သက်တမ်းရက်သတ္တပတ် အနည်း ငယ်အကြာ မကျေနပ်သံတွေ စီစီညံနေသော အမှတ် (၃၆) ဘတ်စ် ကားပေါ်မှာ အခန့်သားစီးရင်း လူထုဆန္ဒလေ့လာရေး ခရီးထွက် နေသောဓာတ်ပုံကို တွေ့လိုက်ရ သည်။ ဝန်ကြီးချုပ်ကြီး ဦးဖြိုးမင်းသိန်း ကိုလေ့လာတွေ့ရှိသမျှ အကြံပြုရန် တော့ မဖြစ်နိုင်။ ရန်ကုန်မြို့ပေါ်မှ ပူညံပူညံရင်ဖွင့်သံများကို လန်ဒန် မြို့ရှိ အမှတ် (၁ဝ) ဒေါင်းနင်းလမ်း ရုံးတော်သို့ သတင်းပို့ရန်သာ ဖြစ်ပါလိမ့်မည်။ ၇/၂/၂ဝ၁၇ နေ့က သတင်းဖြစ်သည်။

၁/၃/၂ဝ၁၆ နေ့တုန်းက လည်း FB (ဧရာဝတီ မြန်မာအစီအစဉ်)မှာ ဓာတ်ပုံနှင့်သတင်းတွေ့ လိုက်သည်။ ရန်ကုန်မြို့ ဗြိတိသျှ သံရုံးမှ ဒုတိယတာဝန်ခံ မစ္စတာ မိုက်ခရိုလီသည် မြန်မာလူမျိုး နင်းသော ဆိုက်ကားပေါ်တွင် အခန့်သားထိုင်လျက် နက်တိုင်ခေါ်လည်စီးနှင့် ကုတ်အင်္ကျီနှင့် ပြုံးရွှင်ရယ်မောစွာ စီးနင်းနေသော ပုံတွေ့ရသည်။ ဆိုက်ကားနေရိပ်ကို ကြည့်ခြင်းဖြင့် နေမွန်းတည့်ချိန်မှန်း သိသာသည်။ ၁ဝ/၃/ ၂ဝ၁၆ နေ့ထုတ် ပေါ်ပြူလာနယူးစ်မှာ ကျွန်တော်ဆောင်းပါးရေးခဲ့သည်။ သူတို့ သူတို့ ဘတ်စ်ကားတွေ၊ ဆိုက်ကားတွေ စီးကြခြင်းမှ တွေ့ရှိချက်တွေကိုလည်း လန်ဒန်မြို့ အမှတ်(၁ဝ)၊ ဒေါင်းနင်းလမ်းရုံး တော်သို့ သတင်းပို့ရန်သာဖြစ်၍ မြန်မာနိုင်ငံဆိုင်ရာ ဖိုင်ထဲရောက်ရှိ ကိန်းဝပ်လေမည်သာဖြစ်ပါ၏။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတွင် ရန်ကုန်တိုင်းလူထုအားရှိသည်။ အင်အယ်လ်ဒီဥက္ကဋ္ဌကြီးက ရွေးချယ်တာဝန်ပေးခြင်းခံရသော တိုင်းဝန်ကြီးချုပ်ဖြစ်သည်။ ထိုသံတမန်ကြီးများကို လေ့လာရေး၊ ထောက်လှမ်းရေးတာဝန်ပေးစရာ အကြောင်းမရှိဟု ကျွန်တော်ယုံ ကြည်သည်။ YBS ပြောင်းလဲမှု စီမံကိန်း တစ်လပြည့်ပြီး အဆင်မချောသေး။ ဝန်ကြီးချုပ်ကြီး ဆက်လက်ကြိုး စားရင်းဖြေရှင်းမည်ဟုသာ ကျွန် တော် ယုံကြည်မိပါတော့သည်။

မောင်ဆွေသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*