သက်ကြီးရွယ်အိုနဲ့ဆိုင်တဲ့ ဥပဒေတော့ ထွက်လာပြီ။ မူဝါဒတွေ ရေးဆွဲနေတုန်းပဲရှိသေးတယ်။ အခုလက်ရှိအချိန်ထိတော့ သက်ကြီးတွေအပေါ် ဘာမှအကျိုးသက်ရောက်မှုမရှိသေးဘူး။ အစိုးရရဲ့ ထောက်ပံ့မှုကို ဘာတစ်ခုမှ မခံစားရသေးဘူး။

သက်ကြီးရွယ်အိုနဲ့ဆိုင်တဲ့ ဥပဒေတော့ ထွက်လာပြီ။ မူဝါဒတွေ ရေးဆွဲနေတုန်းပဲရှိသေးတယ်။ အခုလက်ရှိအချိန်ထိတော့ သက်ကြီးတွေအပေါ် ဘာမှအကျိုးသက်ရောက်မှုမရှိသေးဘူး။ အစိုးရရဲ့ ထောက်ပံ့မှုကို ဘာတစ်ခုမှ မခံစားရသေးဘူး။
February 8, 2017 Asian Fame

12:16 pm
သက်ကြီးရွယ်အိုနဲ့ဆိုင်တဲ့ ဥပဒေတော့ ထွက်လာပြီ။ မူဝါဒတွေ ရေးဆွဲနေတုန်းပဲရှိသေးတယ်။ အခုလက်ရှိအချိန်ထိတော့ သက်ကြီးတွေအပေါ် ဘာမှအကျိုးသက်ရောက်မှုမရှိသေးဘူး။ အစိုးရရဲ့ ထောက်ပံ့မှုကို ဘာတစ်ခုမှ မခံစားရသေးဘူး။

Phyo Thiri

Save The Aged သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး ပရဟိတအသင်း ဒုတိယဥက္ကဋ္ဌ မဖြိုးသီရိနှင့် တွေ့ဆုံမေးမြန်းခြင်း

ဘဝ နေဝင်ချိန်ရောက်နေသော ခိုကိုးရာမဲ့ဘိုးဘွားများကို စောင့်ရှောက်ပေးနေသည့် လူမှုအဖွဲ့အစည်းများ မြန်မာနိုင်ငံတွင် တဖြည်းဖြည်း အားကောင်း လာလျက်ရှိသည်။ ထိုသို့သော အဖွဲ့ အစည်းများအနက် လူငယ်များဖြင့် စတင်ဖွဲ့စည်းခဲ့သည့် Save The Aged သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး ပရဟိတ အသင်းသည် ဘိုးဘွားများကို အိမ်တိုင်ရာရောက် စောင့်ရှောက်မှုပေးခဲ့ရာမှ ဘိုးဘွားရိပ်သာဖွင့်လှစ်ကာ ခိုကိုးရာမဲ့ဘိုးဘွားများကို ကိုယ်စား မိဘများအဖြစ်သတ်မှတ်ကာ စောင့်ရှောက်ပေးနေပြီဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ အဆိုပါအသင်းမှ ဒုတိယဥက္ကဋ္ဌ မဖြိုးသီရိကို တွေ့ဆုံမေးမြန်းဖော် ပြလိုက်ပါသည်။

အစ်မတို့ရဲ့ Save The Aged သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေးပရဟိတအသင်းကိုစပြီး ဖွဲ့စည်းဖြစ်တဲ့အကြောင်းလေးအရင်ဆုံး သိပါရစေခင်ဗျ။

စဖွဲ့ခဲ့တာကတော့ ၂ဝ၁ဝ ဇန် နဝါရီ ၃ ရက်ပေါ့။ ဖွဲ့ဖြစ်တဲ့အ ကြောင်းကတော့ အပြင်မှာဒုက္ခ ရောက်တဲ့ အဘိုးအဘွားတွေကို တွေ့လာရတာများလို့ပေါ့နော်။ မိုး မလုံလေမလုံ လမ်းဘေးမှာ နေရ တာတွေကိုတွေ့ရတယ်။ ပြီးတော့ အသက်အရွယ်ကြီးပြီးတော့မှ အိုမင်းမစွမ်းဖြစ်ခါကျမှ ကိုယ့်ဝမ်းစာ ကိုယ်ရုန်းကန်ပြီး ရှာဖွေစားသောက် နေကြရတယ်။ ဈေးတွေလမ်းတွေမှာ အဲဒီလိုတွေ့လာရတာ များလာ တဲ့အခါကျတော့ ဒီအဘိုးအဘွား တွေအတွက် တစ်ခုခုလုပ်ပေးရင် ကောင်းမယ်ဆိုပြီး လုပ်ပေးချင်တဲ့ စိတ်ပေါ်လာပြီး ဒီသက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေးအသင်းဆိုပြီး ဖွဲ့ဖြစ်ခဲ့တာပါ။

Save The Aged က ဘယ်လိုလုပ်ငန်းတွေကို အဓိကထားပြီး လုပ်ပါသလဲ။

အသင်းစဖွဲ့တာကတော့ ဒုက္ခ ရောက်နေတဲ့ အဘိုးအဘွားတွေကို ကူညီချင်လို့ဖွဲ့တာပေါ့။ ဒါပေမယ့် ကျွန်မတို့က ရည်ရွယ်ချက်သုံးခု ထားတာပေါ့။ ပထမရည်ရွယ်ချက် က အသက် ၆၅ နှစ်အထက် ဘိုး ဘွားတွေကို ကူညီစောင့်ရှောက် ရေး၊ ဒုတိယ ရည်ရွယ်ချက်က သက်ကြီးရွယ်အို စောင့်ရှောက်ရေး ကို အဓိကထားပြီး အခြားပရဟိတ အလုပ်တွေကိုလုပ်သွားဖို့၊ သဘာဝ ဘေးအန္တရာယ်ခံစားရတဲ့နေရာ တွေ နောက်ဘုန်းတော်ကြီးကျောင်း သင်ပညာရေးကျောင်းတွေ ဆင်းရဲ နွမ်းပါးတဲ့ဒေသတွေပေါ့။ အဲဒီ ဒေသတွေမှာ ပရဟိတအလှူတွေ လုပ်ပါတယ်။ တတိယအချက်ကတော့ လူငယ်လူရွယ်တွေပေါ့။ လူ ငယ်လူရွယ်တွေ အစုအသင်းနဲ့ နိမ့် ကျနေတဲ့ လူမှုပတ်ဝန်းကျင်ကို မြှင့် တင်သွားဖို့ပါ။ ဒီသုံးချက်ကတော့ အဓိကရည်ရွယ်ချက်ပေါ့နော်။

Save The Aged ကဖွင့်လှစ်ထားတဲ့ ရိပ်သာဘယ်မှာရှိတယ်ဆိုတာရယ်၊ ဘိုးဘွားဘယ်နှယောက်လောက်ကို ပြုစုစောင့်ရှောက်ထားလဲဆိုတာကို ပြောပေးပါဦးခင်ဗျ။

အသင်းစဖွဲ့ဖွဲ့ချင်းတုန်းက ရိပ်သာမရှိဘူး။ ပထမငါးနှစ်ကတော့ Home Care ပဲ။ အားလပ်ရက်တွေမှာ စေတနာ့ဝန်ထမ်းတွေနဲ့ အဘိုး အဘွားတွေရှိတဲ့နေရာကို အရောက်သွားပြီးပြုစုစောင့်ရှောက်တာ။ အဘိုးအဘွားတွေနေတဲ့ နေရာမှာ မိုးမလုံရင် အမိုးမိုးတယ်။ လမ်းမကောင်းရင် လမ်းလုပ်ပေးမယ်။ နောက် သူတို့ကို စားဝတ်နေရေး ထောက်ပံ့တယ်။ ဆေးဝါးထောက်ပံ့တယ်။ နေမကောင်းရင် ဆေးကုပေးတယ်။ ငါးနှစ်လုံး အဲဒီလိုလုပ်လာပြီးခါမှ အသင်းငါးနှစ်ပြည့်ကျမှ ရိပ်သာဆောက်ခဲ့တာပါ။ ရိပ်သာက တောင်ဒဂုံ ၁၄၆ ရပ်ကွက်မှာ ရှိတာပါ။ ဒီနေ့အထိ Save The Aged အနေနဲ့ စောင့်ရှောက်ပေးခဲ့တာ အဘိုးအဘွား ၇ဝ ရှိပါပြီ။ ဒီအထဲမှာ Home Care စောင့်ရှောက်ပေးတာရော၊ ရိပ်သာမှာ စောင့်ရှောက်ပေးတာရော ပါတာပေါ့နော်။ ကျွန်မတို့ကဘိုးဘွားတွေကို စောင့် ရှောက်ပြီဆိုရင် ရာသက်ပန် သူတို့ နောက်ဆုံးနေ့ထိ သေဆုံးပြီး ရက်လည်တဲ့အထိ စောင့်ရှောက်ပေးပါတယ်။ ဒါပေမယ့် အရေအတွက်အားဖြင့် ၇ဝ ဆိုပေမယ့် အခုသက် ရှိထင်ရှားက ၃၆ ယောက်ပဲ ကျန်ပါတော့တယ်။ ကျန်တာကတော့ ဆုံးပါးသွားတာ။ ဒီ ၃၆ ယောက်မှာ ရိပ်သာမှာက ၂၄ ယောက်၊ အပြင်မှာ Home Care လုပ်တာက ၁၂ ယောက်ပါ။ အသင်းစစချင်းကရိပ်သာမရှိလို့ Home Care လုပ်ပေးခဲ့တာပေါ့။ နောက်ပိုင်းကျတော့ ရိပ်သာမှာနေနိုင်မှပဲ လက်ခံတော့မယ်။

အစ်မတို့အနေနဲ့ ဘိုးဘွားတွေကို စောင့်ရှောက်တဲ့အခါမှာ ဘယ်လို မျိုးအခက်အခဲတွေ ကြုံခဲ့ရပါသလဲ။

Home Care တုန်းကတော့ အခက်အခဲတွေ မရှိဘူး။ ဘိုးဘွား ရိပ်သာစဖွင့်တဲ့အခါ အခက်အခဲတွေ ရှိလာပါတယ်။ ဘိုးဘွားတွေ အကုန်လုံး စုပေါင်းပြီး နေရတဲ့ အခါမှာ အချင်းချင်းပြဿနာဖြစ် ကြတာတို့ ရှိခဲ့ပါတယ်။ အခုတော့ အဆင်ပြေသွားပါပြီ။ ပြီးရင် အစ်မတို့ ရိပ်သာက သိပ်ပြီးစည်းကမ်းတွေ တင်းကျပ်မထားဘူး။ ကြုံရင်ကြုံသလို ဘိုးဘွားတွေနဲ့ အပန်းဖြေခရီး တွေ ထွက်ပါတယ်။

Save The Aged က ဖွင့်ထားတဲ့ ရိပ်သာကိုလာချင်တဲ့ဘိုးဘွားတွေအတွက် ဘယ်လိုအချက်တွေ လိုအပ်ပါသလဲ။ ကန့်သတ်ထားတဲ့ အချက်တွေ ရှိပါသလား။

ဘိုးဘွား ရိပ်သာမှာထားတာ ဆိုတော့ ကူးစက်ရောဂါ မရှိရဘူး။ အထူးသဖြင့် တီဘီပေါ့။ အတူထားတာဆိုတော့ အချင်းချင်းကူးစက်မှာ ကြောက်ရတာပေါ့။ နောက် အသက် ၆၅ နှစ်အထက်ဖြစ်ရမယ်။ ဆွေမျိုး အရင်းအချာမရှိရဘူး။ အဓိက သားသမီးအရင်းအချာပေါ့။ တကယ်လို့ သားသမီးအရင်းအချာ ရှိရဲ့သားနဲ့ စွန့်ပစ်ထားတာဆိုရင် လက်မခံဘူး။ သားသမီးတွေက တကယ်ပဲ မစောင့်ရှောက်နိုင်တော့ လို့ စောင့်ရှောက်နိုင်တဲ့ အင်အား မရှိတော့တာဘဲ ဖြစ်ဖြစ်၊ မစောင့်ရှောက်ချင်တော့တာပဲဖြစ်ဖြစ် သားသမီးက ကျွန်မတို့ကို လက် မှတ်ထိုးပေးရင်တော့ လက်ခံပါတယ်။ ဒါပေမယ့် အဲဒီအခြေအနေကို ဟုတ်၊ မဟုတ် ကွင်းဆင်းပြီး စစ်ဆေးပါတယ်။ တချို့ကျတော့ ဆင်းဆင်းရဲရဲနဲ့ တကယ့်ကို တာဝန်မယူနိုင်ကြဘူး။ တချို့ကျတော့လည်း အရက်သေစာတွေ စွဲနေပြီးတော့ မစောင့်ရှောက်နိုင်တဲ့ အခြေ အနေကို ရောက်နေတာတွေ တွေ့ ရတယ်။ အဲဒါမျိုးတွေကျတော့ ခေါ်ပြီး စောင့်ရှောက်ပါတယ်။ သားသမီးရှိရဲ့သားနဲ့ခေါ်ပြီး စောင့် ရှောက်လိုက်ရင် သားသမီးတွေက ပြန်ခေါ်တာမျိုးတွေ ရှိပါတယ်။ တစ်ခါကြုံဖူးတယ်။ လှိုင်သာယာက အဘွားတစ်ယောက်ပေါ့။ သား သမီးမရှိဘူးထင်ပြီး စောင့်ရှောက် လိုက်တာ တော်တော်ကြာပြီးမှ သားသမီးတွေက သေချာ စောင့် ရှောက်ပါ့မယ်ဆိုပြီး ရိပ်သာကနေလာခေါ်သွားကြတယ်။ ရိပ်သာက လက်မှတ်ထိုးပေးလိုက်ပါတယ်။ အဲဒီအဘွားက အခုကျတော့လည်း ပြန်ပြီး ဒုက္ခရောက်နေပြီလို့ ကြား ပါတယ်။

အစ်မတို့ရိပ်သာကို ရောက်လာကြတဲ့ ဘိုးဘွားတွေ အများစုဟာ ဘာကြောင့်ရောက်လာကြတာလဲ။ သားသမီးတွေရှိရဲ့သားနဲ့ စွန့်ပစ်ခံရတဲ့ ဘိုးဘွားတွေရော အစ်မတို့ ရိပ် သာမှာရှိပါသလား။

ကျွန်မတို့ရိပ်သာမှာ အများစုကတော့ ခိုကိုးရာမဲ့တွေပေါ့။ သားသမီးတွေဆုံးသွားကြလို့ ရောက်လာကြတာတွေ များပါတယ်။ အပျိုကြီး လူပျိုကြီးတွေက ၁ဝ ရာခိုင် နှုန်းလောက်ရှိပါတယ်။ သားသမီး ရှိရဲ့သားနဲ့ စောင့်ရှောက်တာက သုံးယောက်လောက်ပဲရှိပါတယ်။ ကျွန်မတို့ရိပ်သာက သားသမီးရှိရင် လက်မခံဘူးလို့ ကန့်သတ်ထားတာ ရှိလို့။ မဟုတ်ရင် သားသမီးရှိရဲ့သား နဲ့ စွန့်ပစ်ခံထားရတဲ့ ဘိုးဘွားတွေလည်း အများကြီးရှိမှာပါ။ အခု နောက်ပိုင်းပိုများလာပါတယ်။ ဟို တလောကပဲ ကျွန်မတို့ဆီမှာ အသက် ၉၈ နှစ် အရွယ် အဘွားတစ်ယောက်။ သူ့မှာဆိုရင် သားသမီး ၁ဝ ယောက်မွေးဖွားခဲ့တယ်။ သက် ရှိထင်ရှားလည်း တော်တော်များ များရှိသေးတယ်။ ဒါပေမယ့် သူ့သား သမီးတွေကိုယ်တိုင်က အသက် ၆ဝ ကျော်နေကြပြီ။ ပြီးရင် စီးပွားရေးလည်းနွမ်းပါးတယ်။ သူတို့နေရတဲ့ အိမ်ခန်းကလည်း ကျဉ်းတယ်လေ။ သူတို့က သေချာမစောင့် ရှောက်နိုင်ဘူး။ အဲဒါကျတော့ လည်း အပြစ်မပြောသာဘဲ ခေါ်လာခဲ့တာရှိတယ်။

သက်ကြီးရွယ်အို ဘိုးဘွားတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး အစိုးရရဲ့လုပ်ဆောင်နေမှုအပေါ် အမြင်ကို ပြောပေးပါခင်ဗျ။

အခုက သက်ကြီးရွယ်အိုနဲ့ ဆိုင်တဲ့ဥပဒေတော့ ထွက်လာပြီ။ မူဝါဒတွေ ရေးဆွဲနေတုန်းပဲရှိသေးတယ်။ အခုလက်ရှိအချိန်ထိတော့ သက်ကြီးတွေအပေါ် ဘာမှအကျိုး သက်ရောက်မှုမရှိသေးဘူး။ အစိုးရ ရဲ့ ထောက်ပံ့မှုကို ဘာတစ်ခုမှ မခံစားရသေးဘူး။ ဥပဒေ ထွက်လာတုန်းပဲရှိသေးတယ်။ ဒါပေမယ့် ရှေ့ဆက်ပြီးတော့ စောင့်ကြည့်ရဦး မှာပေါ့။ နောက်ပိုင်းမှာ အစိုးရက သက်ကြီးရွယ်အိုတွေအပေါ် ထောက်ပံ့မှုတွေရလာမယ်လို့ မျှော်လင့်ပါတယ်။ အစိုးရအသစ်ဆို တော့သိပ်ပြောလို့မရသေးဘူး။ သူတို့မှာ လုပ်စရာတွေများတော့ ဒီသက်ကြီးအပိုင်းလည်း တဖြည်းဖြည်းတော့ အလှည့်ကျလာမှာပေါ့။ သူတို့မှာ သုတေသနလုပ်ဖို့လည်း အများကြီးလိုသေးတယ်လေ။ ဥပဒေတော့ ရှိနေပြီလေ။ ဥပဒေက တော့ ပြီးပြည့်စုံ မှုရှိပါတယ်။

ဘိုးဘွားတွေကို စောင့်ရှောက်ပေး နေတဲ့အစ်မတို့ အသင်းအနေနဲ့ လတ်တလောမှာ ဘာတွေလိုအပ်ချက် ရှိနေလဲဆိုတာ ပြောပြပေးပါ ခင်ဗျ။

အခုရှိနေတဲ့ ရိပ်သာအဆောက်အအုံက ဘိုးဘွား ၃၅ ယောက် လောက်ပဲဆံ့မယ်။ ဘိုးဘွားတွေ ထားဖို့အတွက် တိုးချဲ့ပြီး စောင့် ရှောက်နိုင်ဖို့အတွက် နောက်ထပ် အဆောက်အအုံအသစ်တွေ လိုပါတယ်။ အခုရိပ်သာအဆောက်အ အုံဘေးမှာရှိတဲ့ မြေကွက်လပ်မှာ အဆောင်သစ်တစ်ခု ထပ်တိုးဆောက်ဖို့ရှိပါတယ်။ ဘယ်တော့ ဆောက်မလဲဆိုတာကတော့ အလှူငွေတွေအပေါ်မှာ မူတည်ပါ တယ်။ ဘိုးဘွားတွေကို ကျွေးမွေး ပြုစုရမယ့် ကုန်ကျစရိတ်တွေ လိုပါတယ်။ ကျွန်မတို့အသင်းက ပရဟိတ အသင်းငယ်လေးပဲဆို တော့ အသင်းဝင်ကြေးတွေ တခြားအလှူရှင်တွေရဲ့ အလှူငွေတွေနဲ့ပဲ ရပ်တည်နေရတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကျွန်မတို့အသင်း ကို ယုံကြည်ပြီး လှူကြတဲ့ အလှူရှင် တွေလည်းရှိလာပါတယ်။ ဆက်သွယ်လှူဒါန်းလိုသူတွေအနေနဲ့ အမှတ်-၂၁၅၈-၂၁၅၉၊ သံလွင်(၃) လမ်း၊ (၁၄၆) ရပ်ကွက်၊ တောင်ဒဂုံ မြို့နယ်၊ ဖုန်း ဝ၉၂၅၈၁၁၇ ၁၁၇ ကို ဆက်သွယ်နိုင်ပါတယ်။

လင်းဟိန်း မေးမြန်းသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*