အတိုက်အခံပါတီ အရေးကြီးလား

အတိုက်အခံပါတီ အရေးကြီးလား
February 1, 2017 Asian Fame

2:51 pm
အတိုက်အခံပါတီ အရေးကြီးလား

Myat-Hlaing-Articleမကြာခင်က ပေါ်ပြူလာ နယူးစ်ဂျာနယ် မှာ ကျွန်တော် ဆောင်းပါး တစ်ပုဒ် ရေးခဲ့ပါ တယ်။ အဲဒီ ဆောင်းပါးက ထိုင်းမှိုင်းသွား တဲ့ ပါတီခေတ် မှာ ပေါ်ပေါက်လာသင့်တဲ့ ပါတီ ဆိုတဲ့ ဆောင်းပါးပါ။ ဒီဆောင်းပါး နဲ့ ပတ် သက်ပြီး မြန်မာ့အသံက ဆက်သွယ် လာပြီး အင်တာဗျူး လုပ်ခဲ့ပါတယ်။ အင်တာဗျူးထဲ မှာ အဓိကကျတဲ့ မေးခွန်း တစ်ခုကို မေးခဲ့ပါ တယ်။ အတိုက်အခံ ပါတီရှိဖို့ အရေးကြီးလား ဆိုတဲ့ မေးခွန်းပါ။

ဒီမေးခွန်းကလည်း ကျွန်တော့် ဆောင်းပါး မှာဖြေပြီးသားပါ။ အခုလို ထပ်မေးခွန်းထုတ် လာတာ ကလည်း ပိုပြီး အလေးအနက်ထား ချင်တဲ့ သဘောလို့ ကျွန်တော် နားလည်လိုက် ပါတယ်။ တကယ်လည်း  အရေးကြီးပါတယ်။

ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံ တိုင်းမှာ အာဏာရ ပါတီနဲ့ အတိုက်အခံ ပါတီ တွေ ရှိကြပါတယ်။ အင်္ဂလန်နိုင်ငံ၊ အမေရိ ကန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ စတဲ့ ဒီမို ကရေစီနိုင်ငံတွေမှာ အာဏာရ ပါတီနဲ့ အ တိုက်အခံ ပါတီတွေ ရှိပါတယ်။ အာဏာရ ပါတီရဲ့အစိုးရ အမှား မလုပ်နိုင်အောင် လွှတ် တော်တွေထဲမှာ အမြဲဝေဖန်၊ ထောက်ပြ၊ ကန့်ကွက်၊ ငြင်းခုံမှုတွေ လုပ်နေကြတယ်။ အာဏာရ ပါတီရဲ့လုပ်ဆောင်မှုတွေကို ထိန်း ညှိနေတာ ဖြစ်ပါတယ်။ အာဏာရ အစိုးရရဲ့ လုပ်ဆောင်မှုတွေ မှန်ရင် ထောက်ခံလိုက်ကြ တာပါပဲ။ ဒီလို ထိန်းညှိပေးလို့ ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်နေတာ ပါ။ အမေရိကန် နိုင်ငံမှာ ဆိုရင် အာဏာရ ပါတီကို သက်တမ်း နှစ်ခုပဲ ပြည်သူတွေက ပေး လေ့ရှိပါတယ်။ အဲဒါက အာဏာရ ပါတီနဲ့ အတိုက်အခံ ပါတီဟာ ဗုံလုံတစ်လှည့် ငါးပျံ တစ်လှည့်ဆိုတဲ့ စကားပုံ လိုပါပဲ။

ဒါတွေကိုလည်း နိုင်ငံရေး စိတ်ပါဝင်စား တဲ့ သူတွေ သိနေပါလိမ့်မယ်။

အခုကျွန်တော် အဓိကထား ပြောချင် တာက ကျွန်တော် တို့နိုင်ငံရဲ့ အတိုက်အခံ ပါတီ အကြောင်းပါ။ အရင် ပြီးဆုံးခဲ့တဲ့ အ ကြောင်းတွေ လည်း ပြန်မပြောချင်တော့ပါ ဘူး။ ရှေ့ဆက်သွားမယ့် နိုင်ငံရေး အခြေအနေ ကို ပြောချင်ပါတယ်။ ဝေဖန် ထောက်ပြချင်ပါ တယ်။ ဒီလိုပြော တဲ့ အတွက် အခုအာဏာရ ပါတီကို ဆန့်ကျင်ပြီး လုပ်သမျှ အဖျက်သဘော နဲ့ပြောနေတာ မဟုတ်ပါဘူး။ ဒီအစိုးရ ကို အောင်မြင်စေချင် လို့ ဆိုတာ နားလည်ကြမှာ ပါ။ ကျွန်တော် ကိုယ်တိုင်လည်း အခု အာ ဏာရပါတီ စတည်ထောင်စဉ် ကတည်းက ပါဝင် ခဲ့တဲ့ သူပါ။ ပြီးတော့ နိုင်ငံရေးသမား ဘဝကို သံယောဇဉ် ကြီးခဲ့ပါတယ်။

အခု အာဏာရ အစိုးရဟာ ခေတ်အ ပြောင်းအလဲ တစ်ခုမှာ အခက်အခဲ ပေါင်းများ စွာကို ရင်ဆိုင် ကျော်လွှားနေ ရပါတယ်။ တိုင်း ရင်းသား ပေါင်းစုံနဲ့ ပြည်သူတွေကလည်း အ ခု အစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ကို လူထု ခေါင်းဆောင် အဖြစ် သတ် မှတ်ခဲ့ ကြပါတယ်။ သူ့ရဲ့ ဖြတ်သန်း လာရတဲ့ ခရီးကြမ်းကြီး ကိုလည်း သိနေကြပါတယ်။ အခု အာဏာရ ပါတီကို ဒီလိုခေတ် တစ်ခုကို ပြောင်းလဲဖို့ပြန်ပြီး တည်ဆောက်ခဲ့ ရတဲ့ အ ခြေအနေကိုလည်း သိကြမှာပါ။

ပြောမယ် ဆိုရင် ခေတ်ပျက်နဲ့ ယိုင်နဲ့ပြီး ကျားကန်ထားရတဲ့ ပါတီမှာ ဗိုလ်လုပ်နေရသ လိုဖြစ်နေရတာ ကိုလည်း ပြည်သူတွေ သိနေ ကြပါ တယ်။ အတိုက်အခံ အဖြစ် ရပ်တည်ခဲ့ရ တဲ့ အခြေအနေမှာ အာဏာရှင် ရဲ့ ဖိနှိပ်မှုကို နာလန် မထူနိုင်အောင် ခံခဲ့ရပါတယ်။ လူထု ခေါင်းဆောင်ရဲ့ ပါတီကိုလည်း  အကြမ်းနည်း နဲ့တစ်မျိုး၊ အနုနည်း နဲ့တစ်ဖုံ နည်းမျိုးစုံနဲ့ ဖဲ့ခြွေပစ်ခဲ့ပါတယ်။ လူထုခေါင်းဆောင်က အာဏာရှင်ကို အရှုံးမပေး လက်မမြှောက် ဒူးမထောက်ဘဲ ရဲရဲရင့်ရင့် တိုက်ပွဲ ဝင်ခဲ့လို့ အခု ဒီမိုကရေစီ လမ်းစပေါ် ရောက်ခဲ့ရတာ ပါ။ လူထု ခေါင်းဆောင် ဦးဆောင်ပြီး လွှတ် တော်ကို ခေါ်ယူနိုင်ခဲ့သလို အစိုးရ တစ်ခြမ်း ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

အခုခေတ် အပြောင်းအလဲ ကာလကို ခက်ခက်ခဲခဲ ဖြတ်သန်းနေ ရပါတယ်။ တိုင်း ပြည်အနာဂတ် အတွက် ဒီမိုကရေစီ အခြေခံ တဲ့စနစ်ကို တည်ဆောက်နေတဲ့ ကာလမှာ လုပ်ပိုင်ခွင့်တွေ လည်း အကုန်မရတဲ့ အနေ အထားမှာ  ကြိုးစား ဆောင်ရွက် သလောက် အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရပါပြီ။

ရတဲ့လုပ်ပိုင်ခွင့် အောက်မှာ ပြည်ထောင် စုအစိုးရ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရ တွေ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် စတဲ့ အင်မတန် တာဝန်ကြီးတဲ့ ကိစ္စတွေကို လူထုခေါင်းဆောင် တစ်ယောက်တည်း ကိုင် တွယ် စီမံခန့်ခွဲနေ ရသလို ဖြစ်နေပါတယ်။ ခေတ်ပျက်ကြီးမှာ ခေတ်အဆိုးကို တစ်စစီ ကောက်ယူနေ ရသလိုပါပဲ။ ပြောမယ် ဆိုရင် တပ်ပျက်ကြီး ဗိုလ်လုပ် နေရတာနဲ့ အတူတူ ပါပဲ။

စောစောက ပြောခဲ့သလို   ခေတ်တစ်ခု ကို ပြောင်းလဲပစ်နိုင်ဖို့ ရရာလူနဲ့စုပြီး အတိုက် အခံအဖြစ် နဲ့ ရင်ဆိုင် ကျော်ဖြတ်ခဲ့ရတာပါ။    တိုက်ပွဲ တစ်ပွဲကို ရရာ လက်နက်ဆွဲကိုင်ပြီး အရေးပေါ် တိုက်ခဲ့ရသလို ဖြစ်ခဲ့ပါတယ်။ ရရာလူတွေစု ရရာ လက်နက်ကို စွဲကိုင်လိုက် ရတဲ့တိုက်ပွဲ မှာ ရရာနည်း နဲ့တိုက်ပွဲဝင်ခဲ့ရပြီး မဟာဗျူဟာ ကျကျ တိုက်ပွဲကို မတိုက်ခဲ့ရပါ ဘူး။ အနိုင်ရရင် အာဏာ လွှဲပြောင်းပေးပါ့မ လားဆိုတဲ့ စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ပြည်သူတွေ အနေနဲ့လည်း ပါဝင် အားဖြည့် ပေးခဲ့ရပါတယ်။

မဟာဗျူဟာကို စနစ်တကျ မရေးဆွဲနိုင် ဘဲ လွှတ်တော်ခေါ်ပြီး အစိုးရ ကို ဖွဲ့ခဲ့ရပါ တယ်။ ပြည်သူတွေကလည်း ခေတ်ဆိုး ထဲက နေ တိုင်းပြည်ကို ဆွဲထုတ်နိုင်ဖို့ လူထုခေါင်း ဆောင်ကို အားကိုးပြီး ရွေးကောက်ပွဲကို အ ပြတ် အသတ်နိုင်အောင် လုပ်ပေးလိုက်ကြပါ တယ်။

ဒီအခြေအနေနဲ့ လွှတ်တော်မှာ အင်အား ကြီး တစ်ခုတည်းသော ပါတီဖြစ်ခဲ့ ရပါတယ်။ အတိုက်အခံ အင်အား အနည်းအပါး သာရှိတဲ့ လွှတ်တော် ဖြစ်ခဲ့ရပါတယ်။

ဒီမိုကရေစီစနစ်မှာ အဓိက မဏ္ဍိုင်ကြီး သုံးရပ်အနက် အရေးအကြီးဆုံး က လွှတ် တော်ပါပဲ။ အစိုးရ သို့မဟုတ် အစိုးရ ဝန်ကြီး ဌာနတွေရဲ့ ကတိခံ ဝန်ချက်တွေကို တာဝန် ကျေ မကျေ လွှတ်တော်က စောင့်ကြည့်ပြီး၊ ခေါ်ယူ မေးမြန်းနိုင်တဲ့ အခွင့်အရေး အပြည့် အဝရှိပါတယ်။ ကတိခံဝန်ချက်တွေ အတိုင်း မလုပ်ဆောင်နိုင်ဘူး ဆိုရင်လည်း လွှတ် တော်မှာ ပြစ်တင် ရှုတ်ချနိုင်ပါတယ်။ နိုင်ငံ တော်သမ္မတ ကိုတောင် ပြစ်တင် ရှုတ်ချဖြုတ် ချနိုင်ပါတယ်။ တရားရေး မဏ္ဍိုင်မှ ပုဂ္ဂိုလ် တွေကိုလည်း ခေါ်ယူ မေးမြန်းနိုင်ပါတယ်။ ဒီလို အခြေအနေမှာ အာဏာရ ပါတီလွှတ် တော် ကိုယ်စားလှယ်တွေ ကသာ ကြီးစိုးနေ မယ်ဆိုရင်၊ အစိုးရဝန်ကြီးတွေကလည်း အာ ဏာရပါတီကပဲ ဆိုရင် အပြန် အလှန် ထိန်း ကျောင်းရမယ့် အခြေအနေ တစ်ရပ်က မပီ ပြင်နိုင်ပါဘူး။ အစိုးရ ဝန်ကြီးတွေ အနေနဲ့ လည်း အာဏာရ ပါတီလွှတ်တော် အပေါ်မှာ အလေးအနက် မထားဘဲ လုပ်ချင်ရာ လုပ်နိုင် ပါတယ်။

အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ကို ကြည့်ရင် ပြည်သူတွေ သိနိုင်ပါတယ်။ ဝန် ကြီးဌာနက ဝန်ကြီးတွေ ဘာတွေ လုပ်နေသလဲ ဆိုတာ ပြည်သူတွေ မသိရတော့ပါဘူး။ သက် ဆိုင်ရာ ဝန်ကြီးဌာနတွေ တိုင်းပြည်ကောင်း ကျိုးကို ဘယ်လို စီမံချက်တွေ ရေးဆွဲထား တယ်။ ဘယ်လို အကောင်အထည် ဖော်နေ တယ်ဆိုတာ ပြည်သူတွေ သိရှိအောင် ခေါ် ယူမေးမြန်းတဲ့  လွှတ်တော် ကိုယ်စားလှယ်တွေ ဘက်က လည်း အားနည်းနေပါတယ်။ ဝန် ကြီးတွေကလည်း လွှတ်တော်ကို လာတင်ပြ တာ မရှိသလောက်ပါပဲ။

အာဏာရ ပါတီက လူအချင်းချင်း မမေး လိုတာတွေ၊ မမေးချင်တာတွေ၊ မသိချင်ယောင် ဆောင်နေတာတွေ အများကြီး ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ အတိုက်အခံ ပါတီက အင်အား ကောင်းကောင်းနဲ့ လွှတ်တော်ထဲ မှာ ရပ်တည် နေနိုင်မယ် ဆိုရင်၊ ခေါ်ယူ မေးမြန်းမှုတွေ ရှိ နေမှာပါ။ အာဏာရ ပါတီက ဝန်ကြီးဌာန တစ်ခု အတွက် အသုံးစရိတ်တွေ ကိုလည်း သုံးစွဲသင့် မသင့် ဆိုတာလည်း အတိုက်အခံ ပါတီက အသေးစိတ် လေ့လာပြီး မလိုအပ်တဲ့ အသုံးစရိတ်တွေ ကို ထောက်ပြ ဝေဖန်နိုင်ပါ တယ်။

စီမံကိန်း တစ်ခုကို အကောင်အထည်ဖော် ဖို့လည်း လွှတ်တော်ကို တင်ပြရမှာပါ။ အာ ဏာရပါတီကို အတိုက်အခံ ပါတီက အမြဲစောင့် ကြည့် လေ့လာနေပါလိမ့်မယ်။ အခုအာဏာ ရပါတီက အသုံးစရိတ်တွေ လွှတ်တော်ကို ဘယ်လောက် တင်တယ်။ လွှတ်တော်က ဘယ်လောက် ခွင့်ပြုတယ်။ စီမံကိန်းတွေကို ဘယ်လို အသစ် တည်ဆောက်မယ်။ မလိုအပ် တဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းထားမယ်။ ဖျက် သိမ်းပစ်မယ် ဆိုတာတွေ ပြည်သူတွေ မသိ ရဘူး ဖြစ်နေပါတယ်။ အရင် အစိုးရက တာ ဝန် ရှိခဲ့သူတွေကိုလည်း ခေါ်ယူ မေးမြန်းနိုင်ပါ လိမ့်မယ်။ အခု အခြေအနေ က အတိုက်အခံ ပါတီ မရှိသေးပါဘူး။

အတိုက်အခံပါတီ မရှိလို့ဆိုတာ ပြည် သူတွေ အတွက်၊ ပြည်သူ့ အကျိုးကို ကြည့်တဲ့ ပါတီကို ပြောတာပါ။ ပြည်သူတွေ ရဲ့ အကျိုး ကိုစေတနာထားပြီး၊ တိုင်းပြည် တိုးတက်ရေး ကို အမြဲစောင့်ကြည့်ပြီး ဝေဖန်ထောက်ပြနေ တဲ့ ပါတီတွေကို ဆိုလိုပါတယ်။ အင်အား ရှိတဲ့ အတိုက်အခံ ပါတီရဲ့ အခန်း ကဏ္ဍက အလွန် အင်မတန်မှ အရေးကြီးပါတယ်။

အာဏာရ အစိုးရကလည်း အင်အား ကြီး အတိုက်အခံ ပါတီရှိနေတော့ သူတို့ ဆောင်ရွက်မှုတွေဟာ ပို တိုးတက်ကောင်းမွန် အောင် အလေးထား ဂရုစိုက်လာကြမှာပါ။ လူထုစည်းရုံးရေး အတွက်လည်း အရေးကြီး လာနိုင်ပါလိမ့်မယ်။ အာဏာရ ပါတီနဲ့ အတိုက် အခံ ပါတီတွေဟာ လူထုထောက်ခံမှု ကို ရ အောင် မဟာဗျူဟာ ကျကျ ရေးဆွဲပြီးဆောင် ရွက်ကြပါလိမ့်မယ်။ ဒါဆို မြန်မာပြည် မှာ ပြည်သူ့ အကျိုးကို ဆောင်ရွက်ဖို့ မိမိတို့ပါတီ ကို ခိုင်ခိုင်မာမာ တည်ဆောက်ရတော့မှာပါ။  ရွေးကောက်ပွဲမှာ အနိုင်ရဖို့ မိမိတို့ ပါတီက ဝင်ရောက် ရွေးချယ်မယ့် လွှတ်တော်ကိုယ်စား လှယ်တွေကလည်း ပြည်သူကနှစ်သက်သ ဘောကျတဲ့ လူတွေရွေးချယ်ပြီး ယှဉ်ပြိုင်ရပါ လိမ့်မယ်။ ပြည်သူတွေ အတွက်လည်း မဲပေး နိုင်ဖို့ ယှဉ်ပြီး ရွေးချယ်စရာ ဖြစ်မှာပါ။

ခေတ်ဆိုးထဲက ရုန်းထွက်နိုင်ဖို့ အခု လက်ရှိ အာဏာရပါတီ တစ်ပါတီတည်းကို မဲပေးလိုက်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ လူထု ခေါင်းဆောင် ကို ယုံကြည်ပြီး မဲပေး လိုက်ကြတာပါ။ အနိုင်ရအောင် မဲပေးပြီးတဲ့ နောက်မှာ ဒီမိုကရေစီ စနစ်အတွက် လိုအပ် ချက်တွေ ပေါ်လာပါတယ်။ ပေါ်ပေါက်လာ တဲ့ လိုအပ်ချက်တွေ အထဲမှာ အတိုက်အခံ ပါတီ ရှိခြင်းဟာ အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်ပါ တယ်။

အတိုက်အခံ ပါတီ ဆိုတာကလည်း ပြည်သူတွေရဲ့ အကျိုး၊ တိုင်းပြည်အကျိုးကို သာကြည့်တဲ့ ပါတီဖြစ်ပါတယ်။

အခုလက်ရှိ နိုင်ငံရေးအခြေအနေမှာ အာဏာရ လွှတ်တော်နဲ့ အစိုးရအပေါ်မှာ အားမလိုအားမရဖြစ်နေတာတွေ ပေါ်ပေါက်  လာပါပြီ။

အာဏာရပါတီရဲ့ လွှတ်တော်တွေ၊ အ စိုးရဝန်ကြီးတွေ၊ တိုင်းဒေသကြီး နဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ အနေနဲ့ ဒီမို ကရေစီ စနစ်ပီပြင်စွာ ပေါ်ပေါက်လာဖို့ အား ကြိုးမာန်တက် ဆောင်ရွက်ချက်တွေ အလွန် အားနည်းနေတာကို တွေ့နေရပါတယ်။

အာဏာရပါတီ အနေနဲ့ အာဏာရခဲ့တာ တစ်နှစ် ရှိနေပါပြီ။ နောက်သက်တမ်း လေးနှစ် ကျန်နေပါသေးတယ်။ အင်အား ရှိပြီး ပြည် သူတွေ ထောက်ခံ အားပေးတဲ့ အတိုက်အခံ ပါတီက လွှတ်တော် ထဲကို မဝင်ရောက်နိုင် သေးပါဘူး။

တစ်ခုပဲရှိပါတယ်။ အာဏာရ ပါတီအ တွင်းမှာ ပြည်သူ့ အကျိုးကို အချင်းချင်း ပြိုင် ကြဖို့ပါ။

အုပ်စုတွေ၊ ဂိုဏ်းဂနတွေဖွဲ့ပြီး အား ပြိုင်ဖို့ မဟုတ်ပါဘူး။ လွှတ်တော် အတွင်းမှာ အချင်းချင်း ဝေဖန် ထောက်ပြကြမယ့် တက် ကြွ လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့ အတိုက်အခံ ပြန်လုပ်နိုင် ရပါလိမ့်မယ်။ ၂ဝ၂ဝ မှာတော့ အာဏာရ ပါတီနဲ့ အတိုက်အခံ ပါတီကြီးနှစ်ခု ပေါ်ပေါက်လာ နိုင်ပါတယ်လို့ မျှော်လင့်မိပါတယ်။

မြတ်လှိုင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*