၆၆ (ဃ) က မရှိသင့်တဲ့အတွက်ကြောင့်မို့ ဆရာမတို့က သူလွတ်မြောက်ဖို့အတွက်သွားပြီး ကြိုးစားပေးတာပဲရှိတယ်

၆၆ (ဃ) က မရှိသင့်တဲ့အတွက်ကြောင့်မို့ ဆရာမတို့က သူလွတ်မြောက်ဖို့အတွက်သွားပြီး ကြိုးစားပေးတာပဲရှိတယ်
January 26, 2017 Asian Fame

11:08 am
၆၆ (ဃ) က မရှိသင့်တဲ့အတွက်ကြောင့်မို့ ဆရာမတို့က သူလွတ်မြောက်ဖို့အတွက်သွားပြီး ကြိုးစားပေးတာပဲရှိတယ်

Mi Chan Wai

PEN Myanmar ရဲ့ အမျိုးသမီးစာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာမ မိချမ်းဝေ နှင့် တွေ့ဆုံမေးမြန်းခြင်း

လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကိုကာကွယ်ရန်နှင့် သက်ဝင် ရှင်သန်သော စာပေယဉ်ကျေးမှု တစ်ရပ်ကိုပြစုပျိုးထောင်ရန်ဟူ သောဆောင်ပုဒ်ဖြင့် ၂ဝ၁၃ ခုနှစ် တွင် စတင်၍အသက်ဝင်ခဲ့သည့် PEN Myanmar သည် ပြီးခဲ့သည့် ရက်ပိုင်းတွင်ပြုလုပ်သည့် အမျိုးသမီးစာရေးဆရာများ ကော်မတီ ပထမအကြိမ်အစည်းအဝေးတွင် အမျိုးသမီးစာရေးဆရာကော်မတီ ဥက္ကဋ္ဌနေရာကို အတည်ပြုရွေးချယ် ခဲ့ကြသည်။ ထိုရွေးချယ်မှုအရ ဥက္ကဋ္ဌအဖြစ် စာရေးဆရာမ မိချမ်း ဝေကို တင်မြှောက်ခဲ့ကြသည်။ ဖွဲ့စည်းလိုက်သည့် အမျိုးသမီးစာရေး ဆရာကော်မတီတွင်အတွင်းရေးမှူး လည်းရှိမည်၊ ကျွမ်းကျင်သူအကြံ ပေးပညာရှင်များလည်း ပါဝင်မည် ဖြစ်သည်။ ထိုအမျိုးသမီးရေးရာ ကော်မတီ၏ လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆရာမ မိချမ်းဝေနှင့် တွေ့ဆုံမေး မြန်းဖော်ပြလိုက်ပါသည်။

ဆရာမက PEN Myanmar ရဲ့ အမျိုးသမီးစာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ်တာဝန်ယူလိုက်ပြီ ဆိုတော့ ဥက္ကဋ္ဌတစ်ယောက်အနေ နဲ့ လုပ်ဆောင်သွားမယ့်အရာများကို သိချင်ပါတယ်ရှင်။

ဆရာမတို့က ပထမဆုံးအနေ နဲ့ အမျိုးသမီးတွေကိုလမ်းပေါ်မှာ၊ ကားပေါ်မှာ မီးရထားပေါ်မှာ သင်္ဘောပေါ်မှာ အထူးသဖြင့် ဘတ်စ်ကားပေါ်မှာ ထိကပါး ရိ ကပါးလုပ်တာ ပြောတာတွေ ဥပမာ အမျိုးသမီးတစ်ယောက် ဖြတ်သွားမယ်ဆိုရင် သူ့တင်ပါးကို ကြည့်ပြီးတော့ လှမ်းပြောလိုက်တာမျိုးလည်း အကျုံးဝင်တယ်။ အဲဒီ လိုမျိုးအပြောခံရတဲ့ အမျိုးသမီး တွေရဲ့ ရင်ဖွင့်သံတွေပေါ့။ တချို့ ကျတော့လည်း ရှက်လို့မပြောဘူး ပေါ့နော်။ အဲဒီလိုမျိုးတွေ မပြောဖြစ်တာမျိုးတွေအတွက် ဆရာမတို့ က အရင်ဆုံး ရင်ဖွင့်ထုတ်မယ်။ အဲဒါ ဗဟန်းမြို့နယ်ကို ပထမဆုံး ရွေးထားတယ်။ တွေ့ဆုံပွဲလုပ်မယ်။ ဆရာမတို့ကအရင် ရင်ဖွင့်ပြမယ်။ ကိုယ်ကစပြောမှ သူများလိုက်ပြော မှာလေ။ မပြောရဲတဲ့သူတွေအတွက် ဆရာမတို့ကစာရွက်တွေ ကမ်းခဲ့ မယ်။ စာရွက်မှာရေးတာမျိုးဆိုရင် တော့ မရှက်ဘူးလေ။ အဲဒီလို မျိုးလုပ်မယ်။ ဒီနေရာပြီးရင် ရွှေ ပြည်သာလိုနေရာမျိုး အဲဒီလို တွေသွားပြီး အမျိုးသမီးတွေရဲ့ အသံတွေရဲ့ခံစားချက်တွေကို စု လိုက်ပြီးတော့မှ စုဆောင်းမယ်။ အမျိုးသမီးတိုင်းက ဒါမျိုးတွေနဲ့ မလွတ်ဘူး။ ပါးစပ်သရမ်းတာတွေ၊ လက်သရမ်းတာတွေနဲ့ ကြုံကြရ တယ်။ ဒီလိုပွဲမှာ ယောက်ျားတွေကို လည်းဖိတ်ထားတယ်။ ယောက်ျား တွေလည်းဒါမျိုးကို နားလည်ရ မယ်၊ စည်းစောင့်မယ်။ နှမချင်းစာ နာစိတ်ရှိအောင် ဆိုပြီးတော့ ဖိတ် ထားတယ်။ မုဒိမ်းမှုတွေက ဒီကနေစတာလေ။ ဒီတော့ အောက်ခြေ ကနေစပြီး အချက်အလက်တွေကို စုဆောင်းသွားပါမယ်။ အရင်ဆုံးလုပ်မယ့် ဗဟန်းမြို့နယ်ဆိုတဲ့နေရာ မှာ နေရာအတိအကျကိုတော့ ရွေးချယ်နေတုန်းပါပဲ။ ရက်ကတော့ ဒီလ ၂၉ ရက်မှာ လုပ်မှာပါ။

စာပေအခန်းကဏ္ဍအရဆိုရင်ရော အမျိုးသမီးတွေအတွက် ဘာတွေများ လုပ်ဆောင်ဖို့ လိုမယ်ဆိုတာကိုလည်း ဆရာမရဲ့ အမြင်ကိုသိချင်ပါတယ်ရှင်။

စာရေးဆရာ၊ ဆရာမတွေက လည်း အမျိုးသမီးနဲ့ဆိုင်တဲ့ကိစ္စတွေ ကို ပြောဆိုတဲ့နေရာမှာ ရေးသား တဲ့ နေရာမှာဘောင်ရှိတယ်။ ရေး သားတဲ့ နေရာမှာ ဘယ်လောက် အထိရေးမလဲပေါ့နော်။ အမျိုးသမီး တွေကတော့ ဒီလောက်အထိမလုပ် ပါဘူး။ အမျိုးသားတွေက လုပ်လာ ပြီ။ လွတ်လပ်စွာရေးသားခွင့်ရဲ့ ခေါင်းစဉ်အောက်မှာ အပြာဆန် ဆန် စာအုပ်တွေရေးတယ်။ ဟို တလောတုန်းကဆို အောင်ရင်ငြိမ်း ရဲ့ စာအုပ်လိုမျိုးပေါ့နော်။ ဒါမျိုးကို ရသစာပေကို တင်မလာနဲ့။ သူ့ရဲ့ အပြာစာအုပ်မှာပဲ ရှိနေပါစေ။ ဆရာမတို့က ကျေနပ်တယ်။ အစ တုန်းကလည်း ဒီလိုစာအုပ်မျိုးတွေ ရှိနေတာပဲလေ။ ခုမှရှိတာမဟုတ် ဘူး။ ဒါကို ရသစာပေဆိုပြီး ဆွဲ တင်လာတဲ့အခါမှာ ဆရာမတို့က လက်မခံဘူး။ အမျိုးသမီးတစ် ယောက်အနေနဲ့ လက်မခံဘူး။ တစ်ယောက်ကိုလက်ခံရင် နှစ် ယောက် တက်လာမယ်။ နှစ် ယောက် လက်ခံရင် သုံးယောက် တက်လာမယ်။ တစ်ကောင်တက် လာရင် တစ်ကောင်ပစ်ချမယ်လို့ ဆရာမပြောပြီးသား။ တချို့လည်း အိမ်ထောင်ရေး ပညာပေးလိုလို ကျန်းမာရေး စာအုပ်လိုလိုနဲ့ ထွက် နေတဲ့ စာအုပ်တွေ တစ်ပုံကြီး။ ဝါသနာပါရင် သူ့ဘာသာ ဖတ်ကြ လိမ့်မယ်။ ဒါတွေကို လက်မခံဘူး ဆိုတဲ့နေရာမှာ ဆရာမက ထိပ်ဆုံး က ပါတယ်။ နယ်တွေကို ဆရာမတို့က PEN Myanmar နဲ့သွားတယ်။ ကဗျာတွေရွတ်ကြတဲ့အခါမှာ အမျိုးသမီးတွေက ဘယ်နားကို ပွတ်လိုက်တဲ့နေရာမှာ ဘယ်လို ရင်ဖိုသွားပါတယ်။ ရှိန်းခနဲ ဖိန်းခနဲ ဖြစ်ပါတယ်ဆိုပြီး ကဗျာမှာ ထည့်ရွတ်ကုန်ပြီ။ ထည့်ရွတ်တဲ့အခါမှာ လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ ယောက်ျားလေးတွေလည်း အား ပေးတယ်။

မိန်းမတွေလည်း အားပေးတယ်။ ဆရာမဆို ရသစုန်ဆန်မှာကို ချက်ချင်းပြောလိုက်တာ။ သူ့ကိုအားကျပြီး စိတ်ခံစားချက်ကို ရှေ့တန်းတင်ပြီး စာမျက်နှာပေါ် တင်လာပြီဆိုရင် အခုကစိစစ်ရေးလည်း မရှိဘူးလေ။ ဒီစာတွေကို ဘယ်သူတည်းဖြတ်မလဲ။ facebook မှာက ကိစ္စမရှိဘူး။ သူ့ဘာသာ facebook မှာ ပျောက်သွားလိမ့်မယ်။ အခုလို လူထုကြားထဲကို တဖြည်းဖြည်းဆွဲသွင်းလာမယ်။ လက်ခုပ်သံတွေကို ရတယ်ဆိုရင် ကလေးတွေက ကောင်းတယ်ပဲ ထင်နေမယ်လေ။ အမျိုးသမီးတွေ ဘက်က စဉ်းစားလည်းမကောင်း ဘူး။ ဒီတော့ ဆရာမကတော့ ချက်ချင်းပဲ လွတ်လပ်စွာရေးသားထုတ် ဖော်ပြောဆိုခွင့်မှာ ဘယ်အတိုင်းအတာထိ ရေးသားကြမလဲ။ ဘယ်အတိုင်းအတာထိ ခွင့်ပြုထားမလဲ။ အကန့်ရှိတယ်။ စည်းကမ်းမရှိဘဲ ဒီလိုဘောင်လွတ်ကြီး အလွတ် မပေးဘူးဆိုပြီး ပြောဖြစ်တယ်။ ဟိုတလောကလည်း မောင်ဆောင်း ခကို ၆၆ (ဃ)နဲ့ဆွဲဖို့ လုပ်တယ်။ သူရေးတာကို ဆရာမတို့က မကြိုက်ဘူး။ သူ့ကို အားပေးတာမဟုတ်ဘူး။ ၆၆ (ဃ)က မရှိသင့်တဲ့အတွက် ကြောင့်မို့ ဆရာမတို့က သူလွတ် မြောက်ဖို့အတွက်သွားပြီး ကြိုးစားပေးတာပဲရှိတယ်။ သူ့ရဲ့ကဗျာကို ဆရာမတို့က မထောက်ခံဘူး။ ကဗျာဆိုတာ အလှဓာတ်ရှိတယ်။ အဲဒီအလှဓာတ်ကို မဖျက်ဆီးနဲ့။ ဆရာမတို့က ကာရမယ်ဆိုတာ နှစ်ဖက်စလုံးကို ကာရမှာပါ။

PEN Myanmar ရဲ့အမျိုးသမီး စာရေးဆရာအသင်းဥက္ကဋ္ဌအနေ နဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိမယ့် ဆရာမရဲ့စိတ်ကူးတွေကိုလည်း ပြောပြပေးပါဦးရှင်။

လုပ်မယ်ဆိုရင်တော့ အများကြီးရှိတယ်။ အမျိုးသမီးဆိုင်ရာ စာပေတွေထုတ်မယ်။ အမျိုးသမီး တွေရဲ့အသံပေါ့။ နောက်ဆုံး အကြမ်းဖက်မှုအနေနဲ့ ပြောမယ် ဆိုရင် ဆရာမတို့က နောက်ပိုင်းမှာ အိမ်တွင်းအကြမ်းဖက်မှုတွေကိုပါ လုပ်သွားမှာ။ အိမ်တွင်းအကြမ်းဖက်မှုဆိုတာမှာ မိဘကသော် လည်းကောင်း၊ ယောက်ျားကသော် လည်းကောင်း၊ ဦးလေးက သော် လည်းကောင်း၊ နားပူအောင် နားပူ နားစာ လုပ်နေတာသည်လည်း အိမ်တွင်းအကြမ်းဖက်မှုပဲ။ ကိုယ့်ကို ရိုက်နှက်နေမှ မဟုတ်ဘူး။ ကိုယ့်ရဲ့ စိတ်ကိုညှဉ်းဆဲထားမယ် ဆိုလည်း အိမ်တွင်းအကြမ်းဖက်မှုပဲ။ အမျိုးသမီးတွေအနေနဲ့လည်း ဒီလိုမျိုးတွေကြုံတွေ့ရင် ဆရာမတို့ကို ပြောပြနိုင်ပါတယ်။ ဆရာမ တို့က မိန်းကလေးတွေရဲ့အသံကို နားထောင်မယ်။ ပြီးတော့မှ ဒီအပေါ်မှာကြည့်ပြီးတော့ ဒုတိယ အဆင့်အနေနဲ့ ဘာတွေလုပ်သင့်သလဲဆိုတာကို စဉ်းစားပါမယ်။

အိမ်စည်စိုးစံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*