ပြည်ပအလုပ်အကိုင်အေဂျင်စီများ အာမခံကြေး မူလထက် ဆယ်ဆတိုးရန် စီစဉ်၊ သတ်မှတ်အချိန် အတွင်း မသွင်းပါက လိုင်စင်ပိတ်သိမ်းမည်

ပြည်ပအလုပ်အကိုင်အေဂျင်စီများ အာမခံကြေး မူလထက် ဆယ်ဆတိုးရန် စီစဉ်၊ သတ်မှတ်အချိန် အတွင်း မသွင်းပါက လိုင်စင်ပိတ်သိမ်းမည်
January 25, 2017 Asian Fame

2:08 pm
ပြည်ပအလုပ်အကိုင်အေဂျင်စီများ အာမခံကြေး မူလထက် ဆယ်ဆတိုးရန် စီစဉ်၊ သတ်မှတ်အချိန် အတွင်း မသွင်းပါက လိုင်စင်ပိတ်သိမ်းမည်

ရဲလွင်
ရန်ကုန်၊ ဇန်နဝါရီ ၂၃

ပြည်ပအလုပ်အကိုင်အေဂျင်စီများ အစိုးရထံတင်ရသည့် အာမခံကြေးကို မူလထက် ဆယ်ဆတိုးမြှင့်ရန် စီစဉ်နေပြီး ပေးထားသည့် သတ်မှတ်ချိန်အတွင်း ပေးသွင်းခြင်းမရှိပါက လိုင်စင်ပိတ်သိမ်း အရေးယူသွားမည်ဖြစ်ကြောင်း အလုပ်သမားနှင့် လဝကဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်ပသို့ အလုပ်သမားပို့နေသည့် အေဂျင်စီများအနေဖြင့် လိုင်စင် ရရန် အစိုးရထံသို့ လက်ရှိ ကျပ်သိန်း ၅ဝ သာပေးသွင်းနေရပြီး ကျပ်သိန်း ၅ဝဝ သို့ တိုးမြှင့်ရန် လျာထားကြောင်း၊ ယင်းအစီအစဉ်ကို ပြည်ထောင်စု အဆင့်သို့ တင်ပြထားပြီး ပြန်လည်ကျလာပါက အတည်ပြုသတ်မှတ်မည် ဖြစ်ကြောင်း၊ ယင်းသို့သတ်မှတ်ပြီးပါက အချိန်ကာလတစ်ခုပေးမည်ဖြစ်ပြီး ယင်းကာလအတွင်း အာမခံကြေးလာရောက်မသွင်းသည့် အေဂျင်စီများကို လိုင်စင်ပိတ်သိမ်းအရေးယူသွားမည်ဖြစ်ကြောင်း အထက်ပါ တာဝန် ရှိသူက ပြောသည်။

”ပြီးခဲ့တဲ့ ရန်ကုန်မှာလုပ်တဲ့ MOEAF (မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်)နဲ့ အစည်းအဝေးတုန်းကလည်း ဒီကိစ္စကိုပြောခဲ့ပါတယ်။ ကျွန်တော်တို့ ဒါကို တင်ပြထားတယ်။ ပြန်ကျ လာတဲ့အခါ ကျွန်တော်တို့ဘက်က အေဂျင်စီတွေကို အချိန်ကာလတစ်ခု ဥပမာ ၆ လဆို ၆ လပေးမယ်။ ဒီအတောအတွင်းမှာ ဒီအာမခံကြေးကိုလာသွင်းပေါ့နော်။ မသွင်းဘူးဆိုရင် လိုင်စင်ပိတ်သိမ်းပြီးအရေးယူမှာပါ” ဟု ၎င်းက ပြောသည်။

ယခင်က သတ်မှတ်ကောက်ခံထားသော အာမခံကြေး ငွေကျပ်သိန်း ၅ဝ သည်နည်းပါးသည့်အတွက် အေဂျင်စီအချို့က စည်းကမ်းလိုက်နာမှု အားနည်းသည်ကို တွေ့နေရကြောင်း၊ ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အလုပ်သမားအရေအတွက် ပြည့်မီအောင် ပို့ဆောင်ပေးခြင်း မရှိသည့်အတွက် အချို့အေဂျင်စီများကို လိုင်စင်ပိတ်သိမ်းကာ အရေးယူခဲ့ကြောင်း သိရသည်။

အဆိုပါ အာမခံကြေးတိုးမြှင့်ရန် လုပ်ဆောင်နေမှုအပေါ် MOEAF မှ ထိုင်းအလုပ်သမား အေဂျင်စီများ တာဝန်ခံဦးမြင့်ကျော်က ”ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့မှာ အစည်းအဝေးလည်း မလုပ်ရသေး ပါဘူး။ ပြီးတော့ ဒါက ဝန်ကြီးဌာနဘက်က တရားဝင်စာလည်းထုတ်ရသေးတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဘက်က အခြေအနေ စောင့်ကြည့်နေပါတယ်” ဟု ပြောသည်။

လက်ရှိတွင်လည်း အလုပ်သမားဝန်ကြီး ဌာနအနေဖြင့် လိုင်စင် လျှောက်ထားသော အေဂျင်စီများကို စိစစ်အတည်ပြုကာ လိုင်စင်ထုတ်ပေး နေကြောင်း သိရသည်။ လက်ရှိတွင် ဝန်ကြီးဌာနက အေဂျင်စီ စုစုပေါင်း ၂၆ဝ ကျော်ကို ထိုင်းနိုင်ငံသို့ အလုပ်သမားပို့ဆောင်သည့် လိုင်စင်နှင့် အခြားနိုင်ငံများသို့ အလုပ်သမားပို့ဆောင်သည့် လိုင်စင်ဟူ၍လိုင်စင် ၂ မျိုး ထုတ်ပေးခဲ့ပြီး လိုင်စင်၂ ခုလုံးယူထားသည့် အေဂျင်စီ ၉ဝ ခန့်ရှိ ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*