ဆိုးဆေးပါ စားသောက်ကုန်များ နယ်စပ်မှ ဝင်နေသော်လည်း FDA မဖမ်းဆီးနိုင်သေးဟု ဆို

ဆိုးဆေးပါ စားသောက်ကုန်များ နယ်စပ်မှ ဝင်နေသော်လည်း FDA မဖမ်းဆီးနိုင်သေးဟု ဆို
January 19, 2017 Asian Fame

5:03 pm
ဆိုးဆေးပါ စားသောက်ကုန်များ နယ်စပ်မှ ဝင်နေသော်လည်း FDA မဖမ်းဆီးနိုင်သေးဟု ဆို

စိုင်းလမင်း
နေပြည်တော်၊ ဇန်နဝါရီ ၁၃

နယ်စပ်မှ တရားမဝင်ဝင်ရောက်လာသည့် စားသောက်ကုန်စည်များတွင် ဆိုးဆေးအများဆုံး ပါဝင်နေသော်လည်း အစားအသောက်နှင့်
ဆေးဝါးကွပ်ကဲရေးညွှန်ကြားမှုဦးစီးဌာန FDA အနေဖြင့် မဖမ်းဆီးနိုင်သေးကြောင်း သိရသည်။

FDA ညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ”နိုင်ငံခြားကနေ နယ်စပ်ကတစ်ဆင့် မထိန်းနိုင်မသိမ်းနိုင် တရားမဝင်စား သောက်ကုန်တွေမှာတော့ ဆိုးဆေးတွေ ပါတာတွေ့ရပါတယ်။ ဒါပေမယ့် နယ်စပ်မှာ သွားဖမ်းဖို့ကျတော့ ကျွန်တော်တို့က ဘယ်ဖမ်းလို့ရမှာလဲ။ စစ်တပ်တောင် သွားဖမ်းလို့မရတဲ့ကိစ္စ ကျွန်တော် တို့က ဘယ်ဖမ်းလို့ရမှာလဲ” ဟု ပြောသည်။ ဥပဒေများ ခိုင်မာမှုရှိလာမှသာ အထက်ပါ တရားမဝင်ဆိုးဆေးသုံးစွဲမှုကိစ္စများနှင့် စားသောက်ကုန် ဖြန့်ဖြူးနေမှုများအတွက် တိကျစွာအရေးယူမှုများကို ပြုလုပ်နိုင်မည်ဟု ၎င်းက ပြောသည်။

FDA ၏ စစ်ဆေးချက်များအရ မြန်မာနိုင်ငံရှိ စားသောက်ကုန်လုပ်ငန်းကြီးများတွင် တရားမဝင် ဆိုးဆေးလုံးဝအသုံးမပြုသည်ကိုတွေ့ရကြောင်း၊ အမည်ဖော်မရသော လုပ်ငန်းသေးများတွင် ဆိုးဆေးသုံးစွဲမှု အနည်းငယ်ရှိနိုင်ကြောင်း ၎င်းက ပြောသည်။ ”မြန်မာပြည်က ထုတ်တာတွေမှာလည်း ဆိုးဆေးတွေ ပါနေပါတယ်။ သို့သော်လည်းပဲ အခုတော့ ကျွန်တော်တို့ လိုက်ထိန်းတဲ့အတွက် ဆိုးဆေးပါဝင်မှု လျော့နည်းလာပါပြီ” ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရသော အစားအသောက်တွင် သုံးခွင့်မရှိသည့် ဓာတုဆေးလေးမျိုးမှာ Auramine O (အဝါရောင်ဆိုးဆေး )၊ Sudan Dyes (အနီရောင်ဆိုးဆေး)၊ Rhodamine B (အနီရောင်ဆိုးဆေး)၊ Orange II (လိမ္မော်ရောင်ဆိုးဆေး) တို့ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

အဆိုပါ ဆိုးဆေးများသည် အစားအသောက်များတွင် အသုံး ပြုသည့်ဆိုးဆေးများ၊ ခွင့်ပြုထားသည့် ဆိုးဆေးများမဟုတ်ဘဲ ချည်ထည်ပိုးထည်များ၊ ဖိနပ်များကို အရောင်ဆိုးသော ဆိုးဆေးများဖြစ် ပြီး ဆိုးဆေးတစ်ခုစီတိုင်းတွင် နောက်ဆက်တွဲဆိုးကျိုး များစွာရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*