အနာဂတ်လမ်းမထက်မှ လေလွင့်ငှက်တို့ နားခိုရာ

အနာဂတ်လမ်းမထက်မှ လေလွင့်ငှက်တို့ နားခိုရာ
January 18, 2017 Asian Fame

4:24 pm
အနာဂတ်လမ်းမထက်မှ လေလွင့်ငှက်တို့ နားခိုရာ

hhtoo

ငယ်စဉ်ကလေးဘဝက မိဘများပြောခဲ့သည့် စကားများတွင် အမြဲပါဝင်ခဲ့သော နေရာလေးတစ်ခုသို့ ဒီဇင်ဘာလအတွင်း ရောက်ခဲ့သည်။ မိဘများ မကြိုက်တာ တစ်ခုခုလုပ်မိလျှင် ”သိပ်ဆိုးတဲ့ ကလေးပဲ ငှက်အော်စမ်းကိုပို့လိုက်ရမလား ” ဟု ပြောသည့် စကားကို ပြန်လည်ကြား ယောင်မိသည်။ ဆိုးသွမ်းသော ကလေးများသာထားသည့်နေရာဟု သိမှတ်ခဲ့သော ထိုနေရာသို့ တကယ်တမ်း ရောက်သွားချိန်တွင် စိတ်ထဲထင်ထားခဲ့သည့် အရာများနှင့် မြင်ကွင်းများက ထပ်တူမကျသည်ကို ခံစားသိမိလိုက်သည်။

ထိုနေရာသို့ အဝေးမှလှမ်းကြည့်စဉ် ခြံဝင်းတစ်ခုလုံး သည် သံတိုင်ကာရံထားခြင်းမျိုးမရှိ။ ကျောင်းဝင်းအတွင်းသို့ ရောက်ရှိလာသည်နှင့် မြင်တွေ့ဖူးသည့် လူကြီးထောင်များကဲ့သို့ အုတ်နံရံများကာရံ ထားခြင်းမရှိ၊ သံဆူးကြိုးများ အထပ်ထပ်ဖြင့် ကာရံ ထားတာမျိုးလည်းမရှိပေ။ တိတ်ဆိတ်ငြိမ်သက်သည်။ ဆိုးရွားသော ကလေးများ ထိန်းသိမ်းသည့် ကျောင်းတော်ကြီးက ဘာသံမှ မကြားရ လောက်အောင်ပင် တိတ်ဆိတ်နေသည်မှာလည်း ထူးဆန်းသလို ခံစား ရသည်။အဆောင်တစ်ခုစီကိုဝင်လိုက်သည်နှင့် အိပ်ရာလိပ်များကို သေသေ သပ်သပ် ခေါက်သိမ်းထားပြီး အိပ်ရာ၏ ခြေရင်းတွင် စီစီရီရီသိမ်းထား သည့် မြင်ကွင်းသည် စည်းကမ်းစနစ်ကို ထင်ဟပ်စေသည်။ ငှက်အော်စမ်းလူငယ်ထိန်းသိမ်းရေးကျောင်းတွင် လက်ခံနိုင်သည့် ကလေးဦးရေမှာ အယောက်ငါးရာသာဖြစ်ပြီး ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလထိ ထိန်းသိမ်းထားသည့်ကလေး၊ လူငယ်ဦးရေ မှာ ၄၇၁ ဦး ရှိသည်ဟု သိရသည်။ ”ဒါမြန်မာတစ်နိုင်ငံလုံးက ကလေးတွေရောက်လာတယ်။ကျွန်မတို့ ကျောင်းက အမှုစုံတယ်။ စံချိန်ကတော့ အခုမြင်တဲ့အတိုင်းပဲ” ဟု တွဲဖက် ကျောင်းအုပ်ကပြောသည်။

စည်းကမ်း သေဝပ်တဲ့ ငှက်အော်စမ်း

ကျောင်းဝင်းအလယ်သို့ ဝင်ရောက်သည်နှင့် ထူးခြားအံသြဖွယ် မြင် ကွင်းတစ်ခုကို စတင်မြင်တွေ့ရပြန်သည်။ ခန်းမဘေးတွင် စီစီရီရီတန်းစီထားသည့် ဖိနပ်များသည် ငယ်စဉ်ကြီး လိုက် သပ်သပ်ရပ်ရပ်။ ငှက်အော်စမ်းသည် ကလေးဆိုးများနေသည့်နေရာ၊ စည်းကမ်းမရှိ ပရမ်းပတာကလေးများနေသည့်နေရာဟု ငယ်စဉ်က တွေး ထင်မြင်ခဲ့သည်နှင့် တခြားစီဖြစ်သွားသည်။ ခန်းမအတွင်းသို့ လှမ်းကြည့်လိုက်စဉ် ပရဟိတအဖွဲ့များမှ လှူဒါန်း ထားသော တူညီဝတ်စုံများ၊ ကုမ္ပဏီများက လှူဒါန်းထားသော တူညီဝတ်စုံများ ဝတ်ဆင်ထားသည့်ကလေးများက တီးတိုးစကား ပြောသံများ ဖြင့် တစ်ယောက်နား တစ်ယောက်ကပ်ပြောနေကြ သည်။ ကျွန်မတို့ ငယ် စဉ်က ဘုရားကျောင်းတွင် ဘုရားရှိခိုးစဉ် စကားခိုးပြောသလိုနယ်။

”ဧည့်သည်ရောက်ပြီ” ဟု ဆရာတစ်ဦး၏ အသံပေးမှုကြောင့် ကလေးများက လာရောက်သောဧည့်သည်များကို သတိဆွဲရပ်ပြီး ကြိုဆို ကြသည်။ သူတို့ချစ်သော အနုပညာရှင်များကိုလည်း ပြုံးပြကာ နှုတ်ဆက် တတ်သေးသည်။ ငှက်အော်စမ်း လူငယ်ထိန်းသိမ်းရေး သင်တန်းကျောင်းရှိ လူငယ် လေးရာကျော်အနက် နှစ်ရာကျော်သည် ပြစ်မှုတစ်စုံတစ်ခုနှင့် ပြစ်ဒဏ်ကျ ခံနေခြင်းဖြစ်ကြောင်း တွဲဖက်ကျောင်းအုပ်ထံမှ သိရသည်။ကျန်ရှိသည့် ကလေးလူငယ်များက မြို့တော်စည်ပင်မှ ထိန်းသိမ်း လာသည့် လေလွင့်ကလေးငယ်များဖြစ်သည်။

”အသက်အငယ်ဆုံး ၈နှစ်။ ဒီကလေးတွေက များသောအားဖြင့် လမ်းဘေးလေလွင့်ကလေးတွေပေါ့။ တချို့အပြစ်ပုဒ်မနဲ့ ကလေးတွေကျ တော့ မိဘရှိတယ်။ ဘာလို့ပြစ်မှုကျူးလွန်လဲဆိုတော့ အကြီးတွေနဲ့ပါ လာတာ။ အစ်ကိုတွေက ခေါ်တယ်။ အစ်ကိုသွားရာနောက် ကလေးက လိုက်တယ်။ အစ်ကိုဖြစ်သူက ကျူးလွန်တယ်။ ဒါပေမယ့် ကလေးက ပါ လာတော့ သူပါရောပြီးတော့ ပါသွားတယ်။ ဒါမျိုးလည်းရှိတယ်” ဟု တွဲ ဖက်ကျောင်းအုပ်က ရှင်းပြခဲ့သည်။ နေရောင်ကပို၍ စူးရှလာသည်။အားကစားခန်းမထဲတွင် ကလေးများ စုံစုံညီညီ ရောက်ရှိနေကြပြီ။ မြန်မာနိုင်ငံတွင် ယခုလို လူငယ်တွေ ဘယ် လောက်များနေပြီလဲဟု စိတ်မကောင်းစွာ တွေးမိသည်။ ဘယ်ကလေးကမှ ယခုလို မဖြစ်ချင်ကြသော်လည်း ခေတ်က တွန်းပို့ လိုက်သည်လား၊ အခြေအနေတွေက ဖန်ဆင်းလိုက်သည်လားမသိ။ အ မှိုက်ပုံဆီသို့ ကလေးများ တဖွဲဖွဲရောက်လာကြသည်။

”အချိန်တစ်နှစ်ပြည့်လို့ ကလေးက နေထိုင်တာ လိမ္မာတယ်။ မိဘ တွေကလည်း ပြန်ခေါ်ချင်တယ်ဆိုရင် တရားရုံးပြင်ဆင်မိန့်နဲ့ သူတို့မိဘ တွေလျှောက်လွှာတင်တယ်။ ဒီကတာဝန်ရှိသူတွေက ထောက်ခံပြီးတော့ တင်ပေးလိုက်တယ်။ ပြစ်ဒဏ်က သုံးလေးနှစ်ကျပါစေ လိမ္မာရင်ကလေး အခွင့်အရေးရှိတဲ့အတွက်ဆောင်ရွက်ပေးတယ်” ဟု တွဲဖက်ကျောင်းအုပ် က ဆက်ပြောသည်။ ငှက်အော်စမ်းမှ ထွက်သွားသည့် ကလေးသည် တစ်လလျှင် ဆယ်ဦး ဝန်းကျင်သာရှိပြီး အဝင်က ၂ဝ ကျော်ရှိနေသည်။ သို့ဖြစ်ရာ ကလေးသူ ငယ်များနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်အစီအမံများ လိုအပ်ချက်ရှိနေ သည်ကိုလည်း ထိုကိန်းဂဏန်းက ထောက်ပြနေသည်။မိုက်တီးလေးတွေ တန်းစီပရဟိတအဖွဲ့မှပေးဝေသော မုန့်ထုပ်များကိုဖြည်ကာ ပလုပ်ပလောင်း စားနေသည့် ပေတိပေ ကပ်ကောင် လေးတစ် ယောက်ကို ”သားက အသက် ဘယ်လောက် ရှိပြီလဲ။ ဒီကို ဘာအမှုနဲ့လာတာလဲ” ဟု မေး ကြည့်သည့်အခါ ”ကိုးနှစ်။ ကျွန်တော်က သူများ ပစ္စည်းကိုခိုးလို့ ဒီနေရာကို လာပို့ထားတာ” ဟု ပြန်ဖြေသည်။

”ခိုးမှု”ဟုသူရဲရဲတင်း တင်း ဝန်ခံပြောဆိုသည်မှာ ရှက်ကြောက်ဟန်လုံးဝမရှိ။ ပကတိ ရိုးရိုးသားသားဝန်ခံသည်။ ကလေးငယ်လေး၏ အင်္ဂါရုပ်က ဖြူဖြူစင်စင် ရိုးရိုး သားသားပင်၊ အရွယ်အားဖြင့်လည်း အလွန်ငယ်သေးသည်။ သူဒီကို ရောက်လာသည်မှာ နှစ်နှစ်ကျော်ရှိပြီဖြစ်သည်။ သူ အဘယ်ကြောင့် ခိုးသနည်းဆိုသည့် မေးခွန်းကို ထပ်ခါထပ်ခါမေးမိသည်။ ဗိုက်ဆာလို့ မုန့်ဝယ်စားချင်လို့ ပိုက်ဆံ ခိုးတာဟုပြောခြင်းသည် ဆင်ခြေတစ်ခုမဟုတ်၊ ဆာလောင်မှုကို ကြုံတွေ့နေရသည်ကို ဖြေရှင်းရန် အမှားအမှန်ကို သူ မဝေခွဲနိုင်ခဲ့။ ဘယ်လိုပင် ဖြစ်စေကာမူ ယခုကဲ့သို့ နေရာဌာနရှိနေသည် က ကလေးများအတွက် တစ်မျိုးတစ်ဖုံတော့ ကောင်းသည်။ ”အရမ်းငယ်သေးတာပဲ၊ ကျောင်းမနေဘူးလား။ အခုရော သူများ ပစ္စည်းတွေ မခိုးတော့ဘူးလို့ ဆုံးဖြတ်ပြီးပြီလား” ဟုဆက်မေးတော့ ”နှစ်တန်း။ အစ်မနောက်မှာ ပိုက်ဆံအိတ်ပြုတ်ကျနေတယ်” ဟု ပြန်ဖြေခဲ့သည်။

ထိုအခြင်းအရာကို မချီးကျူးဘဲမနေနိုင်။ ကျောင်း၏စနစ်တကျ စည်းကမ်းကြောင့်လား၊ ဆရာ၊ ဆရာမများ၏ မေတ္တာကရုဏာဖြင့် အုပ် ချုပ်ခြင်းကြောင့်လားမသိ။ သူတို့၏ ပင်ကိုစရိုက်များပျောက်ကာ လူ လိမ္မာများ ဖြစ်လာကြသည်။ ဘာကြောင့် ကလေးများ ဒီနေရာကို အရောက်များလာသလဲဆိုသည့် မေးခွန်းအပေါ် ဘာသာရေးဆရာတစ်ဦးဖြစ်ပြီး ဆိုးသွမ်းလူငယ်များကို ပဲ့ပြင်ပေးနေသူ ဆရာရန်နိုင်အောင်က ”မိဘတွေက မိသားစု စားဝတ်နေ ရေးအတွက် စီးပွားရေးကိုပဲအာရုံစိုက်နေရတော့ ကလေးတွေကို ဂရုမစိုက်နိုင်ဘူး၊ အုပ်ထိန်းသူ အထိန်းအကွပ်မဲ့နေတဲ့ တောင်းလိုပဲ ပျက်စီးလွယ်သွားတယ်” ဟုဖြေသည်။မနီးမဝေးတွင် တစ်ကိုယ်တည်းထိုင်းကာအတွေးနယ်ချဲ့နေသည့် ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးနားသို့ တိုးကပ်၍ သီချင်း မဆိုဘူးလား သားဟု မေးလိုက်စဉ် တုံ့ပြန်သံကချက်ချင်းပင် ”အလှပြင်တာပဲ ဝါသနာ ပါတယ်” ဟု မောင်သားညီက တုံးတိဆိုသည်။ သူ့မှာ အိပ်မက်ရှိသည်။ တစ်နေ့ဟင်းချက်ကျွမ်းကျင်သည့် စားဖိုမှူး တစ်ယောက် သို့မဟုတ် ခင်စန်းဝင်းကဲ့သို့ အောင်မြင်ကျော်ကြားသည့် မိတ်ကပ် အလှဖန်တီးပညာရှင်တစ်ယောက်ဖြစ်ရန်။ သူသည်လွန်ခဲ့ ၂ နှစ်ကမြို့တော်စည်ပင်မှ ထိန်းသိမ်းထားသည့် လေလွင့်ကလေးငယ်တစ်ဦး ဖြစ်သည်။

”ဒီမှာနေတာ အဆင်ပြေပါတယ်။ ပျော်လည်းပျော်ပါတယ်။ အပြင် ရောက်ရင်တော့ အမေခင်စန်းဝင်းလိုဖြစ်ချင်တယ်။ လူတွေကို လှလှလေး ဖြစ်အောင်ပြင်ပေးချင်တယ်” ဟု သားညီက ခေါင်းငုံ့ရင်းဆိုလာသည်။ ဘဝပေးအခြေအနေ တစ်ရပ်ကြောင့်ဆိုသော်လည်း ထိုဘဝပေးသည် ကောင်းသောကိစ္စမဟုတ်သည့်အတွက် ဤနေရာသို့ ကလေးသူငယ်များ ပိုမိုမရောက်ရှိစေနိုင်ရန် လိုအပ်နေပါသည်။ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးထားသည်ဟုဆိုသော်လည်း ဤနေရာကား လာရောက် နေထိုင်ခွင့်ရရန် တောင့်တသင့်သောနေရာတစ်ခု မဟုတ်သလို ပျော် ရွှင်ဖွယ်ကောင်းသည့် နေရာတစ်ခုအဖြစ် မသတ်မှတ်ကောင်း။ ကလေးများ အနာဂတ်လမ်း မပျောက်စေရ

ထိုကျောင်းတွင် ကလေးများ ဝါသနာပါရာ လက်မှုပညာကို အ သက်မွေးဝမ်းကျောင်းနိုင်သည်အထိ တတ်မြောက်စေရန် သင်ကြား ပေးသည်သာမက လုံခြုံစိတ်ချရသည့် လုပ်ငန်းရှင်များနှင့်လည်း ဆက် သွယ်ပေးပြီး အလုပ်အကိုင် ရှာဖွေပေးသည်ဟုသိရသည်။ လက်မှုပညာများမှာ လက်သမား၊ ဆိုင်ကယ်ပြုပြင်၊ စက်ချုပ်၊ ဆံသ၊ စိုက်ပျိုးရေး စသည်များကို ခွဲခြားထားပြီး သင်တန်းတစ်ခုတွင် ၂ဝ မှ ၂၅ ယောက်အထိ ထားပေးသည်ဟု သိရသည်။

”တချို့ကလေးတွေက ကျောင်းတက်ကြတယ်။ အလုပ်တာဝန် တွေကိုလည်း မျှမျှတတခွဲပေးထားတယ်။ အခု အစိုးရကျောင်းမှာ ဆယ် တန်းသုံးယောက်ဖြေမှာပါ။ နှစ်ယောက်ကတော့အပြင်ဖြေ၊ တစ်ယောက် ကတော့ ကျောင်းဖြေမှာပါ” ဟု တွဲဖက်ကျောင်းအုပ်ကပြောသည်။ကျောင်းကိုရောက်လာသော အချို့လူငယ်များကခိုးမှု၊ အချို့က မုဒိမ်းမှု၊ တချို့က လူသတ်မှုပုဒ်မဖြင့်။ ဒေါသကိုမထိန်းနိုင်ဘဲ ခြေလွန် လက်လွန်ဖြစ်သွားသည့် အဖြစ်မျိုးလည်းရှိသည်။ တချို့က ရိုးသားသား လုပ်ကိုင်စားသောက်ပါလျက်နှင့် ပတ်ဝန်းကျင်၏ ကဲ့ရဲ့ခြင်း ပြောဆိုခြင်း ကြောင့် ခံစားရသည့် စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ ခြေလက်လွန်ရ သည့် အဖြစ်မျိုးလည်း ရှိသည်ဟုသိရသည်။ လူငယ်အမှိုက်တွေ ဤနေရာ မှာလာပုံကြသည်။ လာပစ်ကြသည်။ ဤနေရာတွင် လာပြီးစုဝေးနေကြ သည်။

လူငယ်အမှိုက်ပုံကိုဒီအတိုင်း ပစ်ထားလို့မဖြစ်၊ သုံးလို့ရသည့် အရာ များကို အရင်ဆုံး ရွေးဆယ်ပြီး အသုံးပြုရမည်။ စုပေါင်းထားပါက ပုပ်သိုးဆွေးမြည့်ပြီး ဘဝတွေ ပျက်စီးသွားကုန်လိမ့်မည်။ ပြုပြင် ပြီး အသစ်ပြန်လည်မွေးဖွားပေးလိုက်သကဲ့သို့ မြှင့်တင်ပေးရ မည်မှာ လူကြီးတိုင်းတွင် တာဝန်ရှိသည်။ ”ကလေးတွေ စိတ်ပိုင်းဆိုင်ရာမှာ ဘာသာရေးနဲ့ပဲ အဓိကဆုံးမတယ်။ လူမျိုးဘာသာတော့ မခွဲခြားထား ဘူး။ ဘာသာတရားနဲ့ အုပ်ချုပ်မှရမယ်။ ကလေး တွေကို ဘယ်ဘာသာမဆို လွတ်လပ်စွာ ကိုး ကွယ်ခွင့်ပေးတယ်။ ဘယ်ဘာသာမဆို ကောင်းတဲ့ လမ်းကိုပဲ ညွှန်ပြတာဖြစ်တဲ့အတွက် သူတို့ကို ပြောပြတယ်။ အဲဒါနဲ့ထိန်းပြီးတော့ ဆုံးမသွန်သင်ပါတယ်။ ကြီးတဲ့သူကို ရိုသေသလို ငယ်တဲ့သူကို သနားရမယ်။ ဒါကို ဆုံးမပေးတယ်။ ကိုယ့်ထက်ကြီးတဲ့သူ တစ်ယောက်ရဲ့ စကားကိုနားထောင်ရတယ်။ ဒါပေမယ့်နားမထောင်သင့်တဲ့ စကားလည်း ရှိတယ်ဆိုတာ ဆုံးမထားတယ်။ သူပြောတာတွေမှန်သလား၊ မှားသလား ဆုံးဖြတ်နိုင်အောင် ဆရာမတို့ကသွန်သင်တယ်” ဟု တွဲဖက် ကျောင်းအုပ်က ပြောသည်။

လူငယ်များသည် တစ်နေ့တာ အချိန်ဇယားအတိုင်း မနက်၅ နာရီ အိပ်ရာထရသည်။ အားကစားလုပ်ကိုယ်လက်သန့်စင်ပြီး မနက်စာ စား ကြသည်။ ထို့နောက်တစ်နေ့တာ လုပ်ဆောင်ရမည့်တာဝန်များကို တန်း စီပြီးသက်ဆိုင်ရာ အလုပ်များကို လုပ်ဆောင်ကြရသည်။ ထို့နောက်အလုပ် သိမ်းပြီး သင်တန်းတက်သည့် ကလေးများ၊ ကျောင်းတက်သည့် ကလေး များ အသီးသီး သွားကြသလို ကျန်ရှိသည့်ကလေးများသည်လည်း မိမိ နှင့် သက်ဆိုင်သည့်အလုပ်များကို ကျေပွန်စွာလုပ်ဆောင်ကြသည်။ ၁၂ နာရီအချိန်မှာ နေ့လယ်စာ စားသုံးပြီး ခေတ္တခဏ အနားယူပြီး ညနေပိုင်း တာဝန်များကို ဆက်လက်လုပ်ဆောင်ကြသည်။ ”တန်းစီ လူစစ်ပြီးတာနဲ့ သူတို့စားသောက်တယ်။ ပြီးရင်ည ၆နာရီဆို အားလုံးဘုရားရှိခိုးကြရတယ်။ ဘုရားရှိခိုးပြီးရင် သူတို့ တီဗီကြည့်ချင် လည်းပေးကြည့်တယ်။ မဖြစ်မနေလုပ်ဆိုတဲ့ အမိန့်မျိုးနဲ့တော့ မအုပ် ချုပ်ဘူး။ ကလေးတွေဖြစ်တဲ့အတွက် ဘုရားတရားနဲ့ သွန်သင်ဆုံးမတယ်” ဟု တွဲဖက်ကျောင်းအုပ်က ပြောသည်။

သူတို့၏ ဘဝတွေသည် ကိုယ်ပိုင်ဟန်အတိုင်းမဟုတ်ဘဲ ဤနေရာကို ရောက်လာကြသည်။ ထို့ကြောင့် ဤလူငယ်အမှိုက်ပုံကြီးမှာပို၍ ကြီးလာသည်။ ကလေးသူငယ်များနှင့် ပတ်သက်ပြီး အမြဲ ပါဝင်လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး တေးသံရှင်စောဖိုးခွားက ”ဒီလိုလူငယ်အမှိုက်ပုံကြီးတွေမှာ လူဦးရေထပ်မတိုးလာဘဲလျော့သွား၊ ပပျောက်သွားအောင် လူကြီးတွေမှာ တာဝန်ရှိတယ်။ အနာဂတ်မှာ အရေးကြီးနေတဲ့ ဒီရတနာတွေကို လျစ်လျူ မရှုသင့်တော့ပါဘူး။ တစ်ယောက်တည်းအားနဲ့ မနိုင်ပေမယ့် ပြိုင်တူ တွန်းရင်ရွေ့နိုင်ပါတယ်” ဟု ပြောသည်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*