အခွန်နဲ့ ပတ်သက်ရင် လူလည်ကျတဲ့ ဖေ့စ်ဘွတ်ခ်

အခွန်နဲ့ ပတ်သက်ရင် လူလည်ကျတဲ့ ဖေ့စ်ဘွတ်ခ်
January 12, 2017 Asian Fame

12:02 pm
အခွန်နဲ့ ပတ်သက်ရင် လူလည်ကျတဲ့ ဖေ့စ်ဘွတ်ခ်

fb

မြန်မာတွေ ဖေ့စ်ဘွတ်ခ်ကို စွဲလန်းတာ ဖေ့စ်ဘွတ်ခ်သာမရှိရင် လူပေါင်း မြောက်မြားစွာ သန်းနဲ့ ချီပြီးတော့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြယူရမယ့်အဖြစ်ပဲလို့ ကျွန်တော်က ဆိုရှယ်မီဒီယာနဲ့ဆိုင်တဲ့ပွဲတွေမှာ ပြောလေ့ရှိပါတယ်။

လွန်ခဲ့တဲ့ ရှစ်လကအထိ မြန်မာပြည်သားတွေရဲ့ ငါးပုံတစ်ပုံ သို့မဟုတ် လူဦးရေ ၉ ဒသမ ၇ သန်းကျော်ဟာ ဖေ့စ်ဘွတ်ခ်ကို အမှန်တကယ် သုံးစွဲနေသူတွေပါ။ အဲဒီ ပမာဏဟာ အရင်တစ်နှစ်ကထက်စာရင် ၄ ဒသမ ၇ သန်း တိုးလာတာလည်း ဖြစ်ပါ တယ်။ အဲဒီတော့ လက်ရှိအချိန်မှာ ကျွန် တော့် အမှန်းအရ ဖေ့စ်ဘွတ်ခ်သုံးစွဲတဲ့သူ ၁၂ သန်းလောက်ရှိမယ်လို့ မှန်းပါတယ်။ သုံးစွဲသူအများစုက လူငယ် အမျိုးသား တွေပါတဲ့။ ဖေ့စ်ဘွတ်ခ်ကြောင့် သတင်းအ ချက်အလက်တွေ စီးဆင်းမှုပိုများ၊ ပိုမြန် လာတယ်။ ဆက်သွယ်ရေးတွေ ကောင်းလာတယ်။ လုပ်ငန်းတွေ ကျယ်ပြန့်အောင်လုပ်လို့ရလာတယ်။ တစ်ပြိုင်တည်းမှာပဲ အမုန်းတရား တိုက်ကျွေးလို့ ကောင်းတဲ့ ပလက်ဖောင်းလည်းဖြစ်လာတယ်။ ဒီမှာအဓိက ပြောချင်တာက ဖေ့စ် ဘွတ်ခ်ရဲ့ ဈေးကွက်နဲ့ အကျိုးအမြတ်တွေ က မြန်မာပြည်အတွက် ဘယ်လောက် ပြန်ရလဲ သို့မဟုတ် အခွန် ဘယ်လောက်ရလဲဆိုတာပါ။ ကိုရွှေမူဝါဒချမှတ်သူတွေ တိုင်းပြည်အခွန် တိုးစေဖို့ လုပ်ဆောင်လာ နိုင်ရေးပါ။

အခုဆိုရင် ဖေ့စ်ဘွတ်ခ်မှာ ကြော်ငြာ တွေထည့်ကြတယ်။ Like ရအောင် Boost လုပ်ကြတယ်။ အဲဒီအတွက် ငွေပေးလုပ် ကြတယ်။ ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ခြင်းမရှိ တော့ မြန်မာပြည်ကနေရတဲ့ ကြော်ငြာဖိုး တွေ၊ ဝင်ငွေတွေ ကျွန်တော်တို့ မသိနိုင်ပေမယ့် ပမာဏအားဖြင့် မနည်းလှဘူးလို့တော့ ကျွန်တော်ကတော့ ယူဆတယ်။ အဲဒီလို ဝင်ငွေတွေဝင်နေပေမယ့် ဇူကာဘတ်ရဲ့ ဖေ့စ်ဘွတ်ခ်က မြန်မာပြည်ကို ပြန်အခွန် ဆောင်ရဲ့လား။ ကျွန်တော်လေ့လာမိသ လောက်ပြောရရင် အခွန်ဆောင်မှု မရှိဘူး လို့ပဲဆိုချင်တယ်။ မှတ်တမ်းအထောက် အထားတွေ မတွေ့ရတာကြောင့်တင် မက ဘဲ ဖေ့စ်ဘွတ်ခ်ရဲ့ ကမ္ဘာတစ်ဝန်းအလေ့အထကြောင့် အခုလိုပြောတာ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ်နဲ့ ဗြိတိန်ကိစ္စ ကြည့်ရ အောင်။ ၂ဝ၁၂ ခုနှစ်က ဗြိတိန်ကနေရတဲ့ ကြော်ငြာတွေ၊ ဝင်ငွေတွေက ဇူကာဘတ်ရဲ့ ဖေ့စ်ဘွတ်ခ်အတွက် အမြတ်ငွေက ပေါင် စတာလင် ၂၂၃ သန်းရှိခဲ့တယ်။ ဒါပေမယ့် ကော်ပိုရေးရှင်းအခွန် တစ်ပြားတစ်ချပ်မှ ဖေ့စ်ဘွတ်ခ်က မပေးခဲ့ဘူး။ မီဒီယာတွေမှာ ဝေဖန်သံ ထွက်လာခဲ့တယ်။ အဲဒီလို ကနေ ၂ဝ၁၄ ခုနှစ်မှာ ဖေ့စ်ဘွတ်ခ်က အ ခွန်ဆောင်တာ ပေါင် ၄၃၂၇ ရှိတယ်။ အခွန်အဆောင်ပြတယ်ဆိုတဲ့သဘောပဲ။ ဝေဖန်သံတွေ ထပ်များလာတော့ ၂ဝ၁၅ ခုနှစ်မှာ စတာလင်ပေါင် ၁၁ ဒသမ ၃ သန်း ဆောင်တယ်။ အရင်နှစ်တွေက အခွန်ကိုနည်းနိုင်သမျှ နည်းအောင် ဥပဒေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး အိုင်ယာလန်လမ်းကြောင်းကနေ ဝင်ခဲ့တာ မို့ပါ။

ဒါမျိုးအဖြစ်အပျက်က ကျန်တဲ့ နိုင်ငံတွေမှာလည်း ဖြစ်နေတယ်လို့ ယူဆရတယ်။ တကယ်တော့ ဖေ့စ်ဘွတ်ခ်ဟာ ၂ဝ၁၅ ခုနှစ်ကဆိုရင် ကမ္ဘာတစ်ဝန်းအ မြတ်အစွန်းက အမေရိကန် ဒေါ်လာ ၆ ဒသမ ၁၉ ဘီလျံရှိတယ်။ သူ့ကို လူသုံးများလေ သူ့အတွက် အကျိုးအမြတ်များလေပါ။ ဖေ့စ်ဘွတ်ခ်သုံးစွဲတဲ့သူတွေရဲ့ ကျေးဇူး သူ့မှာ ရှိပါတယ်။ ပြောရရင် သုံး စွဲသူတိုင်းဟာ သူ့ကို ငွေပေးနေတဲ့ သဘောသက်ရောက်ပါတယ်။

အပေါ်မှာ ပြောခဲ့သလိုပဲ ဖေ့စ်ဘွတ်ခ်က မြန်မာပြည်နဲ့ပတ်သက်လို့ ဝင်ငွေတွေကို ထုတ်ပြောတာမဟုတ်ဘူး။ ချမ်းသာတဲ့ နိုင်ငံတွေ ဥပမာ-အမေရိကန်နဲ့ ကနေဒါ တို့လို နိုင်ငံတွေက သုံးစွဲသူ တစ်ယောက် တိုင်းအလိုဆိုရင် ၂ဝ၁၆ ခုနှစ် နောက်ဆုံး သုံးလပတ်မှာ သုံးစွဲသူ တစ်ယောက်စီ ကြောင့် ဖေ့စ်ဘွတ်ခ်ကိုအကျိုးဖြစ်မှုက အ မေရိကန်ဒေါ်လာ ၁၅ ဒသမ ၆၅ ဝင်ငွေ ဖြစ်စေပါသတဲ့။ ဥရောပက လူတစ်ဦးချင်းစီကနေဆိုရင် ဖေ့စ်ဘွတ်ခ်အတွက် ဒေါ်လာ ၄ ဒသမ ၇၂ ရစေပါသတဲ့။ ကျန်တဲ့ ဒေသတွေကဆိုရင် တစ်ဦးချင်း စီသုံးစွဲမှုကနေ ဒေါ်လာ ၁ ဒသမ ၂၁ ဖေ့စ်ဘွတ်ခ်ကိုဝင်ငွေ ဖြစ်စေပါသတဲ့။ အဲဒီတော့ အကြမ်းဖျဉ်း လူ ၁၂ သန်းနဲ့ မြှောက်ကြည့်ရင် အဲဒီကာလဝင်ငွေကို မှန်းနိုင်တာပေါ့။ မြန်မာ အစိုးရအနေနဲ့ ဒီကိစ္စကို မ ပြောသရွေ့ မီဒီယာတွေက ဒီကိစ္စကို မထောက်ပြသရွေ့၊ လူအများက မဝေဖန် သရွေ့ ဖေ့စ်ဘွတ်ခ်က နှပ်နေဦးမှာပဲ ဖြစ်ပါတယ်။ နောင်မှာ နိုင်ငံစုံ ဖြန့်ကြက် ကုမ္ပဏီကြီးတွေ အခွန်ရှောင်၊ အခွန်မဆောင်လုပ်တာနဲ့ ပတ်သက်ပြီး ရေးပါဦးမယ်။

စိန်ဝင်း (MJI)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*