”Living Together ကိစ္စကို ဘယ်သူကသိမှာလဲ။ ကျွန်တော်တို့က ဒါကိုလိုက်ပြီးရှာဖွေ အမှုဖွင့် တရားစွဲ ထောင်ချဖို့လုပ်နေတာမဟုတ်ဘူး။ ပြဿနာတစ်ရပ်ပေါ်လာရင် ပြစ်မှု ပြစ်ဒဏ်တွေ ရှိလာလိမ့်မယ်လို့ပြောတာ …”

”Living Together ကိစ္စကို ဘယ်သူကသိမှာလဲ။ ကျွန်တော်တို့က ဒါကိုလိုက်ပြီးရှာဖွေ အမှုဖွင့် တရားစွဲ ထောင်ချဖို့လုပ်နေတာမဟုတ်ဘူး။ ပြဿနာတစ်ရပ်ပေါ်လာရင် ပြစ်မှု ပြစ်ဒဏ်တွေ ရှိလာလိမ့်မယ်လို့ပြောတာ …”
January 5, 2017 Asian Fame

11:03 am
”Living Together ကိစ္စကို ဘယ်သူကသိမှာလဲ။ ကျွန်တော်တို့က ဒါကိုလိုက်ပြီးရှာဖွေ အမှုဖွင့် တရားစွဲ ထောင်ချဖို့လုပ်နေတာမဟုတ်ဘူး။ ပြဿနာတစ်ရပ်ပေါ်လာရင် ပြစ်မှု ပြစ်ဒဏ်တွေ ရှိလာလိမ့်မယ်လို့ပြောတာ …”

lukel

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်
တွေ့ဆုံမေးမြန်းခြင်း

လူကယ်ပြန်ဟု အတိုကောက်ခေါ်နေကြသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် ယခုအစိုးရလက်ထက်တွင် အလုပ် အလုပ်ဆုံးဝန်ကြီးဌာနတစ်ခုဟု အများပြည်သူများနှုတ်ဖျားတွင် ရေပန်းစားလျက် ရှိသည်။ သဘာဝဘေးအန္တရာယ်ကျရောက်နေခြင်းတို့ကို အချိန်မဆိုင်းဆောင်ရွက် ခြင်း၊ စီမံချက်များကို သွက်သွက်လက်လက်ဆောင်ရွက်ခြင်း၊ ပြည်သူတို့လိုအပ် ချက်များကို ကြိုတင်စီစဉ်နေခြင်းတို့ကြောင့် ထိုသို့လူကြိုက်များရခြင်းဖြစ်သည်။ ထို့ကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၏ ဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ယင်းဝန်ကြီးဌာန ၏အဓိက ပဲ့ကိုင်ရှင်ဖြစ်သော ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တွေ့ဆုံမေးမြန်း တင်ပြလိုက်ရပါကြောင်း …

သမီးရည်းစားနှစ်ယောက် လက်မထပ်ဘဲ Living Together အတူနေရင် ထောင်ဒဏ် အပြစ်ပေးလို့ရတဲ့ အမျိုးသမီးအကြမ်းဖက်မှု ကာကွယ်ရေး ဥပဒေကြမ်းတစ်ခုကို ဝန်ကြီးတို့ ဝန်ကြီးဌာနကရေးဆွဲနေတယ်လို့ ပြင်ပမှာ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ် နေပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီး ဘက်က ပြောချင်တဲ့စကားရှိပါသလား။ အဲဒီ ကိစ္စ ဟုတ်မဟုတ်လည်း သိလိုပါတယ်ခင်ဗျ။

အမျိုးသမီးအကြမ်းဖက်မှု ကာကွယ်ရေးဥပဒေကြမ်းကို ကျွန်တော်တို့ ဝန်ကြီးဌာနက ရေးဆွဲနေတာ မှန်ပါတယ်။ ဒါပေမယ့်လည်း အဲဒီမူကြမ်းကို ကျွန်တော်ကိုယ်တိုင်တောင် ပြည့်ပြည့်စုံစုံ မဖတ်ရသေးပါဘူး။ ဒီဥပဒေမူ ကြမ်းကို ရေးဆွဲပြုစုနေတဲ့ သူတွေရှိပါတယ်။ သူတို့ကို အမျိုးသမီးအရေး တက်ကြွလှုပ်ရှား သူတွေက ဒါနဲ့ပတ်သက်ပြီး စိတ်ဝင်တစား မေးမြန်းတာမျိုးတွေ လုပ်ခဲ့ကြတာတွေလည်း ရှိနေပါတယ်။ ရေးဆွဲနေသူတွေက ဖြေလိုက်တဲ့အဖြေအပေါ် နားလည်မှု၊ အဓိပ္ပာယ်ကောက်မှုတွေလွဲမှားပြီး ပြင်ပမှာ Living Together အတူနေရင် ထောင် ၅ နှစ်ကျနိုင်တယ်ဆိုတဲ့သတင်း တော်တော်လေးပျံ့သွားပါတယ်။ Living Together ကိစ္စကို ဘယ်သူက သိမှာလဲ။ ရှိရင်လည်း ရှိနိုင်တာပဲလေ။ ကျွန်တော်တို့က ဒါကို လိုက်ပြီး ရှာဖွေအမှု ဖွင့်တရားစွဲ ထောင်ချဖို့လုပ်နေတာ မဟုတ်ဘူး။ ပြဿနာတစ်ရပ်ပေါ်လာရင် ပြစ်မှု ပြစ်ဒဏ်တွေ ရှိလာလိမ့်မယ်လို့ ပြောတာ။ မိန်းကလေးဘက်က နစ်နာမှုတွေရှိရင် အကာအကွယ်ပေးမယ့်ဥပဒေကို ပြဋ္ဌာန်းပေးဖို့လုပ် နေတဲ့ သဘောပဲ ရှိတယ်။ အမျိုးသမီးတွေကို ကာကွယ်ပေးဖို့ လုပ်နေတယ်ဆိုရင် ပိုမှန်တယ်။ ဒါက ကျွန်တော်တို့ တစ်နိုင်ငံတည်း ချွန်ပြီးလုပ်နေတာ မဟုတ်ဘူး။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ လုပ်နေကြတာရှိတယ်။ အမျိုး သမီးအခွင့်အရေး ကာကွယ်စောင့်ရှောက် ရေးနဲ့ပတ်သက်ပြီးတော့ ကမ္ဘာနဲ့အဝှမ်း လုပ်နေကြတာရှိတယ်။ ကျွန်တော်တို့ကလည်း ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ ဆက်ဆံနေရတဲ့အတွက် မလုပ်လို့မရဘူး။ ကဲ ဥပမာ ဆိုကြပါစို့ ဗျာ။ လက်မထပ်ဘဲ အတူတူနေကြတယ်။ ပြီးတော့ ကောင်မလေးကိုထားသွားတယ်။ အဲဒီအချိန်မှာ ကောင်မလေးက သူ့ကိုယ်သူ နစ်နာတယ်လို့ ယူဆရင် သူ့မှာ တိုင်တန်းပိုင်ခွင့်ရှိလာလိမ့်မယ်။ နောက်ကျရင်ပေါ့ဗျာ။ နှစ်ယောက်အတူတူနေတာနဲ့ ထောင် ၅ နှစ်ကျမယ်ဆိုတာတော့ မူကြမ်းတောင်အတည် မပြုသေးဘူးဆိုတော့ ခုချိန်မှာ ပြောရခက်သေးတယ်။ ဒါတွေက အဆင့်ဆင့်လုပ်ရမှာ။ လွှတ်တော်ကိုတင်ရမယ်၊ လွှတ်တော်က ဆွေးနွေး။ အဆင့်ဆင့်လုပ်ရမှာက အများကြီးပါပဲ။ ဒါပေမယ့် ဒါတွေက သိပ်တော့ကြာမှာတော့ မဟုတ်ဘူး။ ဒီ ၂ဝ၁၇ ထဲမှာတော့ ဒီဥပဒေဟာ ပေါ်လာပါလိမ့်မယ်။ ဒီ ၂ဝ၁၇ ထဲမှာ ပေါ်လာမယ့်ဥပဒေတွေလည်း အများကြီးရှိနေပါတယ်။

လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာဦးစားပေးအစီအစဉ် ၈ ခုထဲက တစ်ခုဖြစ်တဲ့ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ၂ နှစ်အောက် ကလေးငယ်တွေကို ငွေကြေးအထောက်အပံ့တွေကို အခုစလုပ် နေပြီလို့ သိရပါတယ်ခင်ဗျ။ အစီအစဉ်စဖြစ်ခဲ့ပုံ ဆက်လက်ဆောင်ရွက်သွားမယ့် အစီအမံ တွေကိုလည်း ရှင်းပြပေးစေချင်ပါတယ်။

ဒါကတော့ ငွေကို တိုက်ရိုက်ပေးတဲ့အစီအစဉ်ပေါ့။ ကျွန်တော်တို့က တစ်နိုင်ငံလုံးကို ခုအချိန်မှာ မပေးနိုင်သေးဘူး။ ဒီတော့ ဖွံ့ ဖြိုးမှုအနည်းဆုံးလို့ဆိုထားတဲ့ ချင်းပြည်နယ်ကို အခုစပေးပြီ။ ပြီးရင် ရခိုင်။ ဒီလို ဆက်သွားမယ်။ ဒီလုပ်ငန်းဟာ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ လုပ်ရမယ့်လုပ်ငန်းထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အစိုးရဘတ်ဂျက်နဲ့ ပေးရမယ့်အလုပ်ပေါ့။ ခုချိန်မှာ အစိုးရဘတ် ဂျက်က မပေးနိုင်သေးခင်မှာ မိတ်ဖက်အဖွဲ့ အစည်းတွေရဲ့အကူအညီကိုရယူပြီး လုပ်ပေး ရပါမယ်။ UNICEF, Save the Children တို့က အဓိက ကူညီပံ့ပိုးပေးပါတယ်။ သူတို့ က ၂ နှစ်အထိ ကူညီပေးမယ်။ နောက်ပိုင်း ကျွန်တော်တို့ဟာကျွန်တော်တို့ ဆက်လုပ်ရ မှာပေါ့။ အဲဒီလို ဆက်လုပ်နိုင်ဖို့လည်း ခု ၂ နှစ်မှာ ကြိုးစားသွားရမှာပေါ့။ အဓိက ကောင်းတာကတော့ ပိုက်ဆံအစားအလုပ်အကိုင် ရှာဖွေပေးနိုင်ရင် အကောင်းဆုံးပေါ့။ အဲဒီ လို လုပ်နိုင်အောင်လည်း တစ်ဖက်က ကြိုးစားနေပါတယ်။ အလုပ်မပေးနိုင်ခင် စပ်ကြားထောက်ပံ့ရမှာပေါ့။ အခု ဒီအစီအမံက လူ့ဘဝရဲ့ ရက် ၁ဝဝဝ အစီအမံပဲ။ ကိုယ်ဝန် ဆောင်ချိန်ကနေ အသက် ၂ နှစ် စုစုပေါင်း ရက် ၁ဝဝဝ အထိ လူ့ဦးနှောက်က ဖွံ့ဖြိုး တယ်။ အဲဒီပြီးရင်တော့ ပြီးသွားပြီ။ အဲဒါပြီး ၂ နှစ်အတွင်းမှာ ကျွန်တော်တို့ အထောက်အပံ့တွေဟာ သူ့အတွက် ဖြည့်စွက်စာလေး တွေစားစေဖို့ ဖြစ်တယ်။ မိခင်ရော၊ ကလေးအတွက်ပါပေါ့ဗျာ။ ထောက်ပံ့ငွေဟာလည်း သိပ်အများကြီး မဟုတ်ပါဘူး။ တစ်လကို ကျပ်တစ်သောင်းခွဲပါ။ ဒီတော့ တစ်နေ့ကို ၅ဝဝ ကျပ်ပဲရှိတယ်။ ထောက်ပံ့ရမယ့်သူတွေများ နေတော့ ငွေရေးကြေးရေးက များသွားတာ ပေါ့။ ဘာပဲဖြစ်ဖြစ် ကြက်ဥလေးနဲ့ အသား လေး ဖြည့်စွက်စားနိုင်တာပေါ့ဗျာ။ ကျွန် တော်တို့ ခု စတင်ထောက်ပံ့ပေးနေပြီ ဖြစ်တဲ့ ချင်းပြည်နယ်မှာဆိုရင် မြို့နယ် ၉ ခုရှိတယ်။ ရပ်ကွက်က ၄၆ ခု၊ ကျေးရွာအုပ်စုပေါင်းက ၄၆၉ ခု၊ ကျေးရွာပေါင်းက ၁၄၁၅ ရွာ။ အဲဒီ မှာ ကိုယ်ဝန်ဆောင်မိခင် ၁၃ဝဝဝ လောက်ရှိ တယ်။ သူတို့ကတော့ အခု ကိုယ်ဝန်စယူချိန် ကနေ ကလေးအသက် ၂ နှစ် ရောက်သည် အထိ ထောက်ပံ့ကြေးရကြလိမ့်မယ်။ ကျွန်တော်တို့တွေကတော့ ကိုယ်ဝန်ဆောင်တွေကို ဦးစားပေး အဓိက ထောက်ပံ့ပေးမယ်။ ၂ နှစ်အောက်ကလေးတွေကတော့ စတင် ထောက်ပံ့တာကို စာရင်းကောက်နေပါပြီ။ အရေအတွက်ပြောဖို့ ခုနေခက်သေးတယ်။

ရခိုင်ပြည်နယ်ကိုရော ဘယ်တော့ စမလဲခင်ဗျ။

ရခိုင်က မစနိုင်သေးဘူး။ လုံးဝတော့ မဟုတ်သေးဘူးနော်။ ဒီကြားထဲ အလှူရှင်တွေ ပေါ်လာရင်တော့ မြန်မြန်ဆန်ဆန်စဖြစ်သွားမယ်။ ခုနေမှာတော့ စီစဉ်တုန်းပဲ ရှိပါသေးတယ်။

သက်ကြီးရွယ်အိုတွေကို ထောက်ပံ့ပေးသွား မယ့်အစီအစဉ်တွေကိုရော ဒီနှစ်ထဲတွေ့လာ ရမလားဗျ။

သက်ကြီးရွယ်အိုတွေနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းတစ်ခုရေးဆွဲနေတာ အခု အပြီး သတ်ဖို့ ရှိနေတယ်။ ဒီဥပဒေပေါ်လာရင်တော့ ဒီဥပဒေမှာ ပါတဲ့စကားရပ်ကို ကိုးကားပြော ရရင် သက်ကြီးရွယ်အိုပင်စင်ဆိုတာ ရှိလာ လိမ့်မယ်ဗျ။ ဘယ်လောက်ပေးမလဲဆိုတာ တော့ မကြာခင် သိလာရမှာပါ။ အသက် ၉ဝ ကျော်နဲ့ပဲ ကျွန်တော်တို့ လတ်တလော စဖြစ်ဖို့ စီစဉ်ထားတယ်။ ဒါက တစ်နိုင်ငံလုံးအကျုံးဝင်မယ်ဆိုတော့ ဒီထက်အသက်ငယ်တာကို မလုပ်နိုင်သေးဘူး။

တောင်းရမ်းစားသောက်နေတဲ့ ကလေးငယ်အရေအတွက်ကို သိရဖို့ ဝန်ကြီးဌာနက ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ စာရင်းကောက်ယူနေတယ်လို့ သိရပါတယ်။

ဟုတ်ပါတယ်။ သူတို့တွေကို စောင့် ရှောက်ပေးဖို့ပါ။ နဂိုတုန်းက ဒီကိစ္စကို ဘယ်လိုဖြေရှင်းနေလဲဆိုရင် အပြစ်လုပ်တဲ့ကလေးတွေပေါ့။ ကလေးအားလုံး အပြစ်လုပ်တယ် လို့ ကျွန်တော် မပြောဘူးနော်။ အပြစ်ရှိတဲ့ ကလေးတွေကို ကျွန်တော်တို့က လူငယ်သင်တန်းကျောင်းတွေ ပို့တယ်။ အမှုရင်ဆိုင်နေ စဉ်မှာပဲ အမှုပြီးသွားရင်လည်း လူငယ်သင် တန်းကျောင်းမှာထားပြီး အသက်အရွယ်အ လိုက် သက်မွေးပညာတွေကို သင်ပေးပါတယ်။ တချို့လည်း ထိန်းသိမ်းခံထားရပြီး ပြန်လည် ထိန်းသိမ်းခံရတာတွေလည်း ရှိ တယ်။ ကျွန်တော့်ကို ပုဂ္ဂိုလ်အချို့ကပြောကြ တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ လေလွင့်ကလေး ငယ်တွေကို လူငယ်သင်တန်းကျောင်းတွေမှာ ထားလိုက်ရင် နေရာတွေ ဆံ့မှာမဟုတ်ဘူး။ ဒါ့ကြောင့် တချို့ကို မျက်စိမှိတ်ထားရတယ်လို့ပြောကြတယ်။ အဲဒါဆိုရင် ဒီသံသရာကြီး ကလည်ပြီး ရပ်တော့မှာမဟုတ်ဘူး။ ဒီတော့ သူတို့ကိုတစ်ခုခုတော့ လုပ်ပေးရမယ်။ ဒါ့ကြောင့် ရန်ကုန်နဲ့ မန္တလေးက ဝန်ကြီးချုပ် တွေနဲ့ တိုင်ပင်တယ်။ သူတို့ကတော့ မြေနေ ရာပေးမယ်။ အဲဒီမြေနေရာမှာ ပြန်လည်ထူ ထောင်ရေးစခန်းဆောက်ပြီး တောင်းရမ်းစား သောက်တဲ့ကလေးတွေကို ထည့်ထားလိုက်မယ်။ ဒီလိုနည်းနဲ့ ရှင်းမယ်။ ဒါဆိုရင် လမ်း ပေါ်မှာ ရှိတော့မှာမဟုတ်ဘူး။ ပြီးရင် သူတို့ သက်မွေးပညာသင်ပေးမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးမယ်၊ စိတ် ဓာတ်ရေးရာတွေကို ပြုပြင်ပေးမယ်။ ကျွန် တော်ပြောတဲ့အကြောင်းအရာတွေက စီစဉ် နေတုန်းပါ။ စမယ်ဆိုတာနဲ့ တန်းလုပ်နိုင်အောင် ဆောင်ရွက်ထားပါတယ်။

စစ်ရှောင်စခန်းတွေရဲ့ အခြေအနေ၊ ပြီးတော့ ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေပုံ၊ ဒီကိစ္စတွေရဲ့ နောက်ဆုံးအခြေအနေကိုလည်း ရှင်းပြပေးပါခင်ဗျ။

ရခိုင်၊ ကချင်နဲ့ ရှမ်းမှာ စစ်ရှောင်စခန်း၊ ကယ်ဆယ်ရေးစခန်းတွေ ရှိပါတယ်။ ရခိုင်မှာကတော့ ဖောင်းပွနေပြီ။ ကျွန်တော်တို့က တော့ ပုံမှန်သူတို့ကို ထောက်ပံ့ပေးနေပါတယ်။ အဲဒီလိုပဲ တစ်သက်လုံး ထောက်ပံ့ပေးသွားမလား။ ရေရှည် ဆက်လက်ရှင်သန်နိုင်ဖို့ လုပ်ပေးသွားမလား။ ဒါတွေကို ကျွန်တော်တို့ ဆန်းစစ်နေပါပြီ။ ထောက်ပံ့ပေးနေတာကတော့ ဖြေရှင်းနည်း အစစ်အမှန် မဟုတ်ပါဘူး။ ရေရှည်ရပ်တည်နိုင်အောင် မလုပ်နိုင်ခင်မှာတော့ ထောက်ပံ့မှုက ရပ်ပစ်လို့မရဘူး။ ကချင်မှာ ဘာလုပ်ငန်းတွေလုပ်ရင် အဆင်ပြေမှာလဲ။ ရခိုင်နဲ့ ရှမ်းမှာရော ဘာတွေလုပ်သင့်လဲ။ ဒါတွေကို စဉ်းစားပြီး စီမံချက်ရေးဆွဲနေပါတယ်။ ကျွန်တော်က ရခိုင်ပြည် နယ်အရေးနဲ့ပတ်သက်ပြီး ပြန်လည်နေရာချ ထားရေးနဲ့ ဒေသဖွံ့ဖြိုးရေးကို တာဝန်ယူရပါတယ်။ အဲဒီလိုတာဝန်ယူရတဲ့အတွက် ကျွန် တော်လုပ်ရမယ့် အလုပ်တွေကို ကျွန်တော် အောင်မြင်အောင်ဆောင်ရွက်သွားမှာပါ။ ပုဏ္ဏားကျွန်းမှာ စက်မှုဇုန်ဆောက်ဖို့ လုပ်နေပါတယ်။ ပြီးတော့ ဒေသတွင်း အလုပ်အကိုင် တွေ အဆင်ပြေဖို့အတွက် ဥပမာ ရက်ကန်းစင်အလုပ်တွေ ဖန်တီးပေးတာတို့၊ အခြားအလုပ်အကိုင်တွေရအောင် ဖော်ဆောင်ပေးတာတို့ ဆောင်ရွက်နေပါတယ်။ စီးပွားရေး ပြေလည်လာတာနဲ့အမျှ ပဋိပက္ခကလည်း ချုပ်ငြိမ်းသွားမှာပါ။

အခုလိုဖြေပေးတာကို ကျေးဇူးတင်ပါတယ်။

မင်းသုအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*