တစ်နိုင်ငံလုံးရှိ ရေရှားပါးသည့်ဒေသများတွင် MPT က ရေတွင်းများ တူးပေးမည်

တစ်နိုင်ငံလုံးရှိ ရေရှားပါးသည့်ဒေသများတွင် MPT က ရေတွင်းများ တူးပေးမည်
January 5, 2017 Asian Fame

11:33 am
တစ်နိုင်ငံလုံးရှိ ရေရှားပါးသည့်ဒေသများတွင် MPT က ရေတွင်းများ တူးပေးမည်

ဝေရှိုင်းကျော်
ရန်ကုန်၊ ဒီဇင်ဘာ ၃ဝ

ဂျပန် NGO အဖွဲ့အစည်းတစ်ခုနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ( MPT) တို့ ပူးပေါင်းကာ ရေရှားပါးသည့် ကျေးလက်ဒေသများတွင် ရေတွင်းရေကန်များ တူးဖော်ပေးမည် ဖြစ်ကြောင်း သိရသည်။

”သန့်ရှင်းပြည့်ဖြိုး ရေအကျိုး”အမည်ရှိ အဆိုပါ အစီအစဉ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလမှစတင် ဆောင်ရွက်နေပြီး ကနဦးအနေဖြင့် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရေတွင်း ရေကန်များ တူးဖော်နေပြီဖြစ်ကြောင်း၊ ရေတွင်းများ တူးဖော်ရန် လိုအပ်သည့်နေရာများအတွက် ဒေသခံပြည်သူများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် NGO အဖွဲ့များ ပူးပေါင်းဆောင်ရွက်နေကြောင်းသိရသည်။

အဆိုပါ အစီအစဉ်ကို Network Activities Group (NAG)? ၊ ဂျပန် NGO အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Bridge Asia Japan (BAJ)တို့က ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT သည် အဆိုပါအစီအစဉ်အတွက် ငွေကျပ်သိန်းပေါင်း ၂၁ဝဝ အသုံးပြုသွားမည် ဖြစ်သည်။

”ဒီအစီအစဉ်က မြန်မာနိုင်ငံအလယ်ပိုင်းဒေသ ရဲ့ရွှေကိုမလို ရေကိုသာလိုသည်ဆိုတဲ့ စကားနဲ့အညီ ဒေသခံများရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာ ဖြစ်ပါတယ်”ဟု Bridge Asia Japan (BAJ) မှ Country Representative ဖြစ်သူ Mr.Akiko Mori က ပြောသည်။ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့၊ ကျောက်ဆောက်ကုန်းကျေးရွာ၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့ နတ်ချောင်းကျေးရွာ၊ မကွေးတိုင်း၊ မကွေးမြို့ ရွာဟောင်းကန်ကျေးရွာများတွင် ရေတွင်း ရေကန်များ တူးဖော်နေပြီဖြစ်ကြောင်း MPT ၏ ဒုတိယအထွေထွေ မန်နေဂျာ ဦးမိုးသူရက ပြောသည်။

”ရေတွင်းရေကန်များ တူးဖော်ပြီးတာနဲ့ ပြီး သွားတာ မဟုတ်ပါဘူး။ စက်ရေတွင်းတူးတယ်ဆို ရင် ရေလှောင်ကန်၊ ရေစုပ်စက်၊ ရေပိုက်၊ မော်တာ၊ အင်ဂျင်များ ပါမှာဖြစ်ပါတယ်။ ဒါတွေ ပြီးတာနဲ့ ရေ ထွက်လာမှာ ဖြစ်တယ်။ အဲ့ဒါကို ရေရှည်ထိန်းထိန်းဖို့ လိုပါတယ်” ဟု ဦးမိုးသူရက ပြောသည်။တူးဖော်ပြီးသော နေရာများတွင် ရေရှည် ထိန်းသိမ်းနိုင်ရေးအတွက် ကျေးရွာများတွင်ရှိသော ပြည်သူများနှင့် ဂျပန် NGO အဖွဲ့အစည်းတစ်ခုဖြစ်သည့်Bridge Asia Japan (BAJ) အဖွဲ့များဖြင့် ကော်မတီအဖွဲ့များဖွဲ့ကာ ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ MPT သည် လာမည့်လများတွင် ဧရာဝတီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူး တိုင်းဒေသကြီးတို့ အပါအဝင် တစ်နိုင်ငံလုံးရှိ ရေရှားပါးသည့် ဒေသများကို ရွေးချယ်ကာ ရေတွင်း ရေ ကန်များ ဆက်လက်တူးဖော်ပေးမည် ဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*