၂ဝ၁၆ အလုပ်သမားကဏ္ဍအရွေ့ (သို့မဟုတ်) ထူးမခြားနားပတ်ပျိုး

၂ဝ၁၆ အလုပ်သမားကဏ္ဍအရွေ့ (သို့မဟုတ်) ထူးမခြားနားပတ်ပျိုး
December 21, 2016 Asian Fame

12:05 pm
၂ဝ၁၆ အလုပ်သမားကဏ္ဍအရွေ့ (သို့မဟုတ်) ထူးမခြားနားပတ်ပျိုး

labour

NLD အစိုးရနိုင်ငံ့တာဝန်ကို စတင်တာဝန်ယူတဲ့ ၂ဝ၁၆ ခုနှစ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာအလုပ်သမားထုကဏ္ဍ အပြောင်းအလဲကို ကြည့်ရင်တော့ ကောင်း ကွက်တွေ ရှိခဲ့သလို မထင်မှတ်ထားတဲ့ဖြစ် ရပ်တွေ၊ မျှော်လင့်ထားသလောက် ဖြစ်မ လာခဲ့တာတွေကိုများစွာတွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အလုပ်သမားအရေး ဆောင်ရွက်သူအချို့ကတော့ သိသာထင်ရှားတဲ့အပြောင်းအလဲတွေ မရှိခဲ့ဘူးလို့ ဝေဖန်ကြပါတယ်။

ဝင်ဝင်ချင်း ဆောက်နဲ့ထွင်းလိုက်ပြီလားလို့ ဝေဖန်ခဲ့ကြတဲ့ အလုပ်သမားသပိတ် ဖြိုခွင်းမှု

ပထမဦးစွာ ပြည်တွင်းအလုပ်သမား ကဏ္ဍကိုကြည့်ရင် ကြီးကြီးမားမားသပိတ် မှောက်မှု နှစ်ခုနဲ့ ဆန္ဒထုတ်ဖော်မှု တစ်ခုရှိ ခဲ့ပါတယ်။ မန္တလေးတိုင်းအတွင်းမှာ ဖြစ် ပွားခဲ့တဲ့ စစ်ကိုင်းအထပ်သားစက်ရုံ Myan-mar Veener Plywood Pravite Co.Ltd သစ်အချောထည်စက်ရုံ အလုပ်သမားသပိတ် ဖြစ်ပါတယ်။ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလထဲမှာ EC စာချုပ်ပါအချက်အလက်တွေကို အလုပ်ရှင် က ဖောက်ဖျက်တယ်ဆိုတဲ့အကြောင်းနဲ့ ဖြစ် ပွားခဲ့တဲ့ဒီပြဿနာဟာ နောက်ဆုံးသပိတ် မှောက်မှုဖြစ်ပွားခဲ့ပြီး အလုပ်ရှင်က အလုပ်သမား ၁၆၃ ယောက်ကို အလုပ်ထုတ်လိုက် ရာကနေ နေပြည်တော်ထိ ချီတက်လမ်း လျှောက်သပိတ်မှောက်မှုထိ ကြီးကျယ်ခဲ့ပါတယ်။ ဒီလို နေပြည်တော်ကို ချီတက်လမ်း လျှောက်စဉ်မှာပဲ ရဲတပ်ဖွဲ့ရဲ့အင်အားသုံးဖြို ခွဲမှုကို ခံခဲ့ရပါတယ်။ ဒီဖြိုခွဲခံရမှုမှာ ဖမ်း ဆီးခံရပြီးထောင်ကျသွားတဲ့ အလုပ်သမား တွေဟာ အခု ပြန်လည်လွတ်မြောက်လာခဲ့ ပြီဖြစ်ပေမယ့် ပုဒ်မ ၁၈ နဲ့ ထပ်မံတရားစွဲဆို ခံနေရပါတယ်။ ဒီဖြစ်ရပ်ဟာ အစိုးရသစ် လက်ထက်အတွင်းမှာ ပထမဦးဆုံးအနေနဲ့ အလုပ်သမားသပိတ်စစ်ကြောင်းတစ်ခုကို ဖြိုခွဲဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီအပေါ်မှာလည်း အလုပ်သမားထုနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေပါ အံ့သြခဲ့ရပါတယ်။

အစိုးရသစ်ကို ခေါင်းခဲစေတဲ့ ဖိုးသက်ရှည် အလုပ်သမားသပိတ်

နောက်ဖြစ်ရပ်တစ်ခုကတော့ မြန်မာနိုင်ငံရဲ့အလုပ်သမားသပိတ်မှောက်မှုမှာ အရှည်ကြာဆုံးသပိတ်တစ်ခုလို့ ဆိုရတော့ မယ့် ပုလိပ်မြို့မှာရှိတဲ့ ပန်ဒါချည်မျှဉ်နဲ့အ ထည်စက်ရုံအလုပ်သမားသပိတ် ဖြစ်ပါ တယ်။ အရင်အစိုးရလက်ထက်အဆက် ဆက် နိုင်ငံပိုင်စက်ရုံအဖြစ်ကနေ ပုဂ္ဂလိက ကို လွှဲပြောင်းရာမှာ ရှင်းရှင်းလင်းလင်း ဆောင်ရွက်ခဲ့ခြင်းမရှိတဲ့ ကိစ္စပေါ်အခြေခံ ပြီး အလုပ်သမားအခွင့်အရေး တောင်းဆိုမှု တွေအပေါ် အခြေခံဖြစ်ပွားခဲ့တဲ့ စက်ရုံရှေ့ သပိတ်စခန်းဖွင့်ခဲ့တဲ့ ပန်ဒါစက်ရုံအလုပ် သမားသပိတ်ဟာဆိုရင် ဒီကနေ့ဆိုရင် ရက်ပေါင်း ၁၈ဝ နားကိုကပ်နေပြီ ဖြစ်ပေ မယ့် ပြေလည်အောင် ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပါဘူး။ ဒီပြဿနာကို မြို့နယ်အ ဆင့်၊ တိုင်းအဆင့်၊ ခုံသမာဓိကောင်စီစတဲ့ အဖွဲ့အစည်းတွေအားလုံး ကိုင်တွယ်ဖြေ ရှင်းပေမယ့် မအောင်မြင်တဲ့အဆုံး အလုပ် သမားနဲ့လဝကဝန်ကြီးဌာန၊ စက်မှုဝန်ကြီး ဌာန၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တို့ကပါ လက်လျှော့ခဲ့ရတဲ့ ပြဿနာတစ်ခု အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ လောလော ဆယ်မှာတော့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးအဆင့် ခေါင်းဆောင်ပါဝင်တဲ့ ကော်မ တီတစ်ရပ်ဖွဲ့စည်းပြီး ဖြေရှင်းနိုင်ဖို့ကြိုးစား နေပေမယ့် လောလောဆယ် ပြေလည်နိုင်မယ့်အနေအထားမျိုး မရှိသေးပါဘူး။

မပြီးဆုံးသေးသည့် ခုံသမာဓိကောင်စီ ကိုယ်စားလှယ်ပြဿနာ

(၂)နှစ်တစ်ကြိမ် ရွေးကောက်တင် မြှောက်ရတဲ့ ခုံသမာဓိကောင်စီ ရွေးချယ်ပွဲဟာ ဒီနှစ်မှာတော့ အလုပ်သမားထုကြား စိတ်ဝမ်းကွဲမှုနဲ့ ဆန္ဒထုတ်ဖော်မှုတွေ များစွာကို ဖြစ်စေခဲ့ပါတယ်။ ယခုနှစ် ဇူလိုင် ၁၂ ရက်က ကနောင် ခန်းမမှာပြုလုပ်ခဲ့တဲ့ ခုံသမာဓိကောင်စီအလုပ်သမားကိုယ်စားလှယ် ရွေးချယ်ပွဲဟာ အလုပ်သမားအဖွဲ့အစည်းတွေကို ဖိတ် ကြားမှုကဏ္ဍအားနည်းချက်နဲ့ ပတ်သက်ပြီး ရွေးချယ်ပွဲကို အလုပ်သမားအဖွဲ့အစည်း တွေ အားလုံး တက်ရောက်နိုင်ခဲ့ခြင်းမရှိဘဲ နောက်ဆုံး အခြေခံအလုပ်သမားတွေ မပါ ဝင်ခြင်း၊ တရားမျှတမှုမရှိခြင်း၊ ပွင့်လင်း မြင်သာမှု မရှိခြင်း စတဲ့ဝေဖန်သံတွေညံခဲ့ပြီး ကန့်ကွက် ဆန္ဒပြမှုတွေ များစွာဖြစ်ပွားခဲ့တာ ဒီကနေ့ထိပဲဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးမှာတွေ အလုပ်သမားအဖွဲ့အ စည်း ခေါင်းဆောင်တွေအပါအဝင် အလုပ်သမားတွေ ချီတက်လမ်းလျှောက်သပိတ် မှောက်ပြီး ခုံသမာဓိကောင်စီ အလုပ်သမား ကိုယ်စားလှယ်ကို ပြန်လည်ရွေးချယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အလုပ်သမားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ဦးမျိုးအောင်နဲ့ တာဝန်ရှိသူတွေ ဟာ ရန်ကုန်မြို့မှာ အလုပ်သမားထု တွေ့ ဆုံပွဲတစ်ရပ်ပြုလုပ်ပြီး သဘောထားဆန္ဒ ခံယူခဲ့ပါတယ်။ ဒါပေမယ့် တိကျသေချာတဲ့ အဖြေမထွက်ခဲ့ဘဲ နောက်နောင်ခုံသမာဓိ ကောင်စီကိုယ်စားလှယ်ရွေးချယ်ရာမှာ မူ ဘောင်တစ်ခု ရေးဆွဲပြဋ္ဌာန်းဖို့ လိုအပ်သွား ပြီဖြစ်တဲ့အကြောင်းနဲ့ဆောင်ရွက်သွားမယ် ဆိုတဲ့အကြောင်းကိုသာ ပြောကြားနိုင်ခဲ့ပါ တယ်။လောလောဆယ်မှာတော့ အလုပ်သ မားဝန်ကြီးဌာနက ကောင်စီရဲ့အလုပ်သမား ကိုယ်စားလှယ်တွေကို ပြန်လည်ရွေးချယ် ပေးဖို့ သင့် မသင့် စဉ်းစားနေတယ်ဆိုတဲ့ အဆင့်မှာပဲ ရှိနေပါတယ် ။

အခွင့်အရေးများဆုံးရူံးနေဆဲ အထည်ချုပ်စက်ရုံအလုပ်သမားကဏ္ဍ

ယခုနှစ်ဒီဇင်ဘာလအတွင်းမှာ အရပ် ဘက်အလုပ်သမားအဖွဲ့အစည်းငါးဖွဲ့ စု ပေါင်းထုတ်ပြန်ခဲ့တဲ့ ‘အနိမ့်ဆုံးကို မြှင့်တင် ပေးခြင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း အခြေအနေ အစီရင်ခံစာ’ စစ်တမ်း ထွက် ရှိခဲ့ပါတယ်။ ဒီစစ်တမ်းဟာ အလုပ်သမားအ ငြင်းပွားမှု အများဆုံးဖြစ်နေတဲ့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်သားကဏ္ဍတွင်းက လုပ် သားတွေခံစားနေရတဲ့ အခွင့်အရေးဆုံးရှုံး မှုတွေကို ဖော်ထုတ်ထားတဲ့စစ်တမ်းတစ်ရပ် ဖြစ်ပါတယ်။ စစ်တမ်းမှာ အဓိကဖော်ပြထား တာကတော့ အလုပ်သမားတွေကို ဥပဒေကြောင်းအရ ထိရောက်သေချာစွာ အကာ အကွယ်ပေးနိုင်ဖို့ များစွာလိုအပ်နေသေး တယ်ဆိုတဲ့ အကြောင်းဖြစ်ပါတယ်။ ဒီစစ်တမ်းမှာ အထည်ချုပ်လုပ်သား တွေရဲ့ အလုပ်သမားအခွင့်အရေးဆုံးရှုံးမှု တွေကို ရာခိုင်နှုန်းအချိုးအစားအလိုက် ဖော်ပြထားပါတယ်။ ဒီတော့ ယခင်အစိုးရလက်ထက်က တည်းက အနင်းခံ အနာခံဖြစ်ခဲ့ရတဲ့ မြန် မာနိုင်ငံ အထည်ချုပ်စက်ရုံအလုပ်သမား တွေရဲ့ဘဝဟာ အစိုးရသစ်လက်ထက် ပထမတစ်နှစ်တာအတွင်းမှာ သိသာထင်ရှားတဲ့ပြောင်းလဲမှုမျိုးမရရှိသေးဘူးလို့ စစ်တမ်းကောက်ယူခဲ့တဲ့ ALRG အဖွဲ့ ဒါရိုက်တာ ဦးသူရိန်အောင်က ဆိုပါတယ်။

ဝေဖန်ခံခဲ့ရတဲ့လုပ်သားအင်အားစစ်တမ်း

ထူးထူးခြားခြားနောက်ထပ် စစ်တမ်းတစ်ခုကတော့ အလုပ်သမားနဲ့လဝက ဝန်ကြီးဌာနက ယခုနှစ် သြဂုတ်လအတွင်းမှာ ထုတ်ပြန်ခဲ့တဲ့ ‘၂ဝ၁၅ ခုနှစ် မြန်မာနိုင်ငံ လုပ်သားအင်အား၊ ကလေးလုပ်သားနှင့် ကျောင်းအပြီး လုပ်ငန်းခွင်ဝင်ရောက်မှု အ ကူးအပြောင်းဆန်းစစ်ခြင်းစစ်တမ်း’ ဖြစ် ပါတယ်။ ၁၉၉ဝ ခုနှစ် လုပ်သားအင်အား စစ်တမ်းအပြီး နောက်ထပ် ၂၅ နှစ်ကြာမှ ထပ်မံကောက်ယူနိုင်ခဲ့တဲ့ စစ်တမ်းလည်း ဖြစ်ပါတယ်။

ကမ္ဘာ့အလုပ်သမားအဖွဲ့အစည်း ILO အကူအညီအနဲ့ ILO စံအတိုင်းကောက်ယူခဲ့တဲ့ ဒီစစ်တမ်းအရ မြန်မာနိုင်ငံရဲ့ အလုပ်လုပ်နိုင်တဲ့အသက်အရွယ် လူဦးရေ ၃၄ သန်းလောက်မှာ အလုပ်လက်မဲ့ တစ်သိန်း ခြောက်သောင်းကျော်သာရှိတယ်ဆိုပြီး ပါ ဝင်ခဲ့ပါတယ်။ ILO စံအရ တစ်ပတ်ကို အနည်းဆုံး ၁ နာရီအလုပ်မလုပ်တဲ့သူကိုသာ အလုပ်လက်မဲ့အဖြစ်သတ်မှတ်ရမယ်လို့ သတ်မှတ်ပြီးကောက်ယူခဲ့တဲ့အတွက် အလုပ် လက်မဲ့နှုန်းဟာ တစ်သိန်းခြောက်သောင်းကျော်သာရှိခဲ့တာဖြစ်တယ်လို့ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ဆိုခဲ့ပါတယ်။ ဒီအပေါ်မှာ မြန်မာလူဦးရေစုစုပေါင်းနဲ့ ယှဉ်ရင် စစ်တမ်းက ဖော်ပြတဲ့အလုပ်လက် မဲ့နှုန်းထားနဲ့ လက်တွေ့ဘဝမှာ ရှိနေတဲ့အလုပ်လက်မဲ့နှုန်းဟာ အဆမတန်ကွာလွန်း နေတယ်လို့ ပြည်သူတွေက ဝေဖန်ထောက် ပြခဲ့ကြပါတယ်။ ဒီစစ်တမ်းရဲ့နောက်ဆက်တွဲ ရွှေ့ ပြောင်းလုပသားအင်အား စစ်တမ်းကိုလည်း ထပ်မံပြုစုနေပြီး မကြာမီမှာ အစိုးရကထုတ်ပြန်တော့မှာ ဖြစ်ပါတယ်။

စိုးရိမ်ရေအမှတ်ရောက်နေကြောင်း သက်သေတွေနဲ့ ကလေးလုပ်သားကဏ္ဍ

အလုပ်သမားဝန်ကြီးဌာနက ထုတ် ပြန်တဲ့ ၂ဝ၁၅ ခုနှစ် လုပ်သားအင်အားစစ်တမ်းထဲမှာ မြန်မာနိုင်ငံမှာ ကလေးလုပ်သား တစ်သန်းကျော်ရှိပြီး တစ်ဝက်ကျော် ဟာ အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်ထဲမှာ လုပ် ကိုင်နေရတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဟာ ILO ပြဋ္ဌာန်း ချက်အမှတ် ၁၈၂ (အဆိုးရွားဆုံးပုံစံဖြင့်ကလေးလုပ်သားခိုင်းစေခြင်း) လိုက်နာပြီး ချက်ချင်းအရေးယူဆောင်ရွက်ရန် ဦးစားပေးအချက်ကို ၂ဝ၁၃ ခုနှစ်မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးသားနိုင်ငံ ဖြစ်နေပါတယ်။

၁၉၅၁ အလုပ်ရုံ အက်ဥပဒေနဲ့ ၂ဝ၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေထဲမှာသာ ကလေးလုပ်သားတွေ အလုပ် လုပ်ခွင့်ရှိတဲ့ အသက်အရွယ်အပိုင်းအခြားကို သတ်မှတ်ပြဋ္ဌာန်းထားပေမယ့် ဒီဥပ ဒေတွေဟာ စနစ်တကျဖွဲ့စည်းထားတဲ့ စီး ပွားရေးလုပ်ငန်းတွေအတွက်ပဲ အကျုံးဝင် ပြီးတော့ ကလေးသူငယ်အများစု အလုပ်လုပ်နေကြတဲ့ လယ်ယာကဏ္ဍနဲ့ လက်ဖက်ရည်ဆိုင်၊ အရောင်းဆိုင်၊ စတိုးဆိုင်၊ ထမင်း ဆိုင် စတဲ့လုပ်ငန်းမျိုးတွေအတွက် အကျုံး မဝင်ပါဘူး။ ဒါ့အပြင် ‘ကလေးလုပ်သားတွေ ကို ဥပဒေနဲ့တင်းကျပ်ပြီး အလုပ်လုပ်ခွင့် ပိတ်လိုက်ရင် ကာယကံရှင်မိသားစုတွေရဲ့ စားဝတ်နေရေးအရ ပိုမိုဆိုးဝါးတဲ့လုပ်ငန်း ခွင်၊ လိင်လုပ်ငန်းခွင်တွေကို ရောက်သွား ရင် ဘယ်လိုလုပ်မလဲ၊ ဒါကို စဉ်းစားနေရပါ တယ်’ လို့ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညွန့်ဝင်းက ဆိုပါတယ်။ လောလောဆယ်မှာတော့ ကလေးလုပ်သားပပျောက်ရေး အထူးစီမံချက်အနေနဲ့ ဝန်ကြီးဌာနနဲ့ ILO တို့ပူးပေါင်းပြီး National Plan တစ်ခုကို ရေးဆွဲနေတာ အချက်အလက်စုဆောင်းတဲ့အဆင့်မှာပဲရှိနေပါသေးတယ်လို့ သိရပါ တယ်။

၂ဝ၁၆ ခုနှစ်အတွင်းမှာ အိမ် အကူတွေ နှိပ်စက်ညှဉ်းပန်းခံရမှု သတင်းတွေ လူမှုကွန်ရက်တွေပေါ်မှာ များစွာထွက် ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့က လိုက်လံအရေးယူခဲ့ ရပါတယ်။ ဒီပြဿနာတွေ ဖြစ်ပြီး နောက်ပိုင်းအလုပ်ရှင်အလုပ်သမားသဘောတူစာချုပ်မှာ အိမ်အကူတွေ အကျုံးဝင် အောင် ထည့်သွင်းပေးဖို့ အလုပ်သမား အရေးဆောင်ရွက်သူတွေက ဝန်ကြီးဌာန ကိုတောင်းဆိုခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ အိမ်အကူလုပ်သား အရေးဟာလည်း ထူးခြားမှုမရှိသေးတာ တွေ့ရပါတယ်။

အလုပ်သမားကဏ္ဍက အခြားပြဿနာတွေ

တခြားအရေးကိစ္စတွေထဲက ထူးခြားဖြစ်စဉ်တွေကိုထုတ်နုတ်ပြသရရင် အနည်းဆုံးအခကြေးငွေ ၃၆ဝဝ ကနေ ၅၂ဝဝ ထိတိုးမြှင့်ပေးဖို့ ဆန္ဒထုတ်ဖော်မှုတွေလည်း များစွာပေါ်ပေါက်ခဲ့ပါတယ်။ အနည်းဆုံးအခကြေးငွေ ဥပဒေအရ ၃၆ဝဝ သတ်မှတ်မှုဟာ ၂ နှစ်သက်တမ်းသာ ရှိတဲ့အတွက် မကြာခင်မှာဆိုရင် အနည်းဆုံး အခကြေးငွေကို အစိုးရအနေနဲ့ ထပ် မံပြင်ဆင်သတ်မှတ်ပေးရတော့မှာ ဖြစ်ပါတယ်။ နောက်ထပ်ထူးခြားမှုကတော့ ယခင် အစိုးရလက်ထက်ကတည်းက မပြီးဆုံးသေးတဲ့ အလုပ်ရှင် အလုပ်သမားသဘော တူစာချုပ် EC ပြဿနာဖြစ်ပါတယ်။ ဒီကိစ္စအတွက် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ တွေကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ကြပေမယ့် အဓိက အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား ယနေ့ ချိန်ထိ ညှိနှိုင်းလို့ မရရှိသေးပါဘူး။

ကျွမ်းကျင်လုပ်သားရှားပါးမှုပြဿနာ

ပြည်တွင်းလုပ်သားဈေးကွက်မှာ ကျွမ်း ကျင်လုပ်သားရှာဖွေခန့်အပ်မှုနဲ့ ကျွမ်းကျင် လုပ်သားရှားပါးမှုပြဿနာကို မြန်မာတို့ စတင်ခံစားလာရပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ရန်ကုန်မြို့တွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ နိုင်ငံခြားကလာတဲ့ ဗီယက်နမ်လူမျိုး အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုကို မြန်မာလုပ် သားတွေ မမီတဲ့အတွက် အလုပ်မရဘူးဆိုတဲ့ ပြဿနာဖြစ်ပွားခဲ့ပါတယ်။ အွန်လိုင်း အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက် Work.com.mm ရဲ့စစ်တမ်း တွေအရ ကျွမ်းကျင်လုပ်သားကိုသာအလုပ်ခန့်မှုဟာ ၂၄ ရာခိုင်နှုန်း ရှိနေတယ်လို့ သိရပါတယ်။ အလုပ်သမားဝန်ကြီးဌာနနဲ့ ကျွမ်းကျင်မှုစံသတ်မှတ်ရေးအဖွဲ့ NSSA တို့အနေနဲ့ ကျွမ်းကျင်လုပ်သား လိုအပ်ချက်အတွက် သင်တန်းကျောင်းတွေ ဖွင့်လှစ် အသိအမှတ်ပြုလက်မှတ်တွေထုတ်ပေးနေပေမယ့် အားနည်းနေဆဲဖြစ်တယ်လို့ NSSA ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီအပေါ်မှာ အလုပ်သမားအလုပ်ရုံစစ်ဆေး ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးကတော့ ”အခု ကျွမ်းကျင်လုပ်သား ရှားပါးမှုက တဖြည်းဖြည်း စိန်ခေါ်မှုဖြစ်လာပြီ။ ဒီပြဿနာကို အရေးတကြီး မဖြေရှင်းရင် နောင်နှစ်တွေမှာ မြန်မာလုပ်သားတွေ နောက်ကောက်ကျကျန်ခဲ့တော့မယ်။ အခု ထိ အစိုးရဘက်က ဒီကိစ္စမှာဆောင်ရွက်မှု အားနည်းနေတုန်းပဲ” လို့ဆိုပါတယ်။

အပြောင်းအလဲများနဲ့ ပြည်ပလုပ်သားကဏ္ဍ

ပြည်ပအလုပ်သမားကဏ္ဍနဲ့ပတ်သက်ပြီး အစိုးရသစ်လက်ထက်မှာ နိုင်ငံခြားကို အလုပ်သွားရောက်လုပ်ကိုင်မယ့်သူတွေ အားလုံးကို အလုပ်သမားပတ်ပို့စ် (JP) နဲ့ သာထွက်ခွာဖို့ ဒီဇင်ဘာလ ၁ ရက်နေ့က စပြီးသတ်မှတ်လိုက်ပါတယ်။ ပြည်ပကို ထွက်ခွာအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားစာရင်း အတိအကျကို သိရှိရမယ်လို့ မျှော်လင့်ထားတဲ့ ဒီကိစ္စမှာ JP လျှောက်ထားမှုကိစ္စရပ်တွေကို တိတိကျကျ ကိုင်တွယ်ခြင်းမရှိရင်တော့ လာဘ်ပေးလာဘ်ယူမှုတွေ ရှိလာနိုင်တယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ရဲ့ ဥက္ကဋ္ဌ ဦးစိန်ဌေးက မှတ် ချက်ပြုပါတယ်။

ထိုင်းရောက် အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ NLD အစိုးရ အာဏာလွှဲပြောင်းရယူပြီး ဇွန်လအတွင်းမှာ ထိုင်းနိုင်ငံကို ၃ ရက်ကြာ ခရီးသွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ထိုင်းရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ပြဿနာကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အရေးပါတဲ့ သဘောတူညီချက်တွေအနေနဲ့ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ရေးဆိုင် ရာ သဘောတူညီချက် အပါအဝင် အလုပ်သမား အလုပ်ခန့်ထားရေးဆိုင်ရာသဘော တူညီချက်နဲ့ အလုပ်သမားရေးရာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန် လွှာတွေကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ”ဒီနှစ်အတွင်းမှာတော့ ထိုင်းရွှေ့ပြောင်း လုပ်သားကဏ္ဍက တိုးတက်ခဲ့တယ်။ သူ (ဒေါ်အောင်ဆန်းစုကြည် )ထိုင်းကိုသွားပြီး အစိုးရချင်းညှိနှိုင်းဆောင်ရွက်ခဲ့တယ်။ အဲ့ ဒီအတွက်ထိုင်းမှာ ရွှေ့ပြောင်းလုပ်သားကူညီရေးစင်တာလိုမျိုးတွေ ဖွင့်ခဲ့တယ်။ ပြီးတော့ ကြားပွဲစားတွေကို ထိုင်းဘက်က ထိန်းချုပ်မှုတွေ လုပ်ခဲ့တယ်”လို့ (MWRN) ဥက္ကဋ္ဌ ဦးစိန်ဌေးက ဆိုပါတယ်။

နောက်ထပ် အမှုတွဲဟောင်းတစ်ခု ဖြစ်တဲ့ လိပ်ကျွန်းလူသတ်မှုက ‘ဝင်းနှင့် ဇော်’အရေးကတော့ အားရစရာအနေအထားကို မရောက်ရှိသေးသလို အမှုဟာလည်း မပြီးပြတ်သေးပါဘူး။ အယူခံတရားရုံး ဆုံးဖြတ်ချက်ကို စောင့်နေတဲ့ကာလ ဖြစ်ပါတယ်။ ထိုင်းဘုရင်သစ်အဖြစ် နန်းတက်တဲ့ လောင်ကွန်းဘုရင်က နိုင်ငံအတွင်းရှိ အ ကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပေမယ့် မြန်မာလုပ်သားနှစ်ဦးက တော့ မပါဝင်ခဲ့ပါဘူး။ ဒါပေမဲ့ မြန်မာ့တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့က ထိုင်းကာကွယ်ရေး ဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး ဆူရာပေါင် ဆုရဖုံ ဆုဝမ်နအပ်နဲ့တွေ့ဆုံစဉ် လိပ်ကျွန်းအမှုနဲ့ပတ်သက်ပြီး မေတ္တာရပ်ခံမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ထိုင်းနိုင်ငံရွှေ့ပြောင်းလုပ်သားအရေး နဲ့ပတ်သက်ပြီး ရှိနေသေးတဲ့အားနည်းချက် တွေနဲ့ပတ်သက်ပြီး ဦးစိန်ဌေးက ”အားနည်းချက်ကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ သံရုံးတွေကို သေချာမကြီးကြပ်နိုင်သေးတာပဲ။ သံ ရုံးကတာဝန်ရှိသူတွေဟာ အလုပ်သမား တွေအပေါ် ခေါင်းပုံဖြတ်မှုတွေ ရှိနေတုန်း ပဲ။ ဒါကြောင့် အကျင့်ပျက်ဝန်ထမ်းတွေကို ထိရောက်စွာကိုင်တွယ်ဖို့ လိုအပ်နေတုန်းပါပဲ”လို့ မှတ်ချက်ပြုပါတယ်။

ဒီနှစ်မှာ မလေးရှား ရွှေ့ပြောင်းလုပ် သားအရေးဟာလည်း ထူးခြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်းက ဘင်္ဂါလီ အရေးကိစ္စနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံ တွင်းမှာရှိတဲ့ မြန်မာတွေအတွက် အန္တရာယ်ရှိလာနိုင်တဲ့အနေအထားတွေကြောင့် ဒီဇင်ဘာ၆ ရက်နေ့မှာ မြန်မာကနေ မလေးရှားကို အလုပ်သမားပို့ခွင့် ခေတ္တပိတ်လိုက် ပါတယ်။ ဒီအပေါ်မှာ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) တွဲဖက်အတွင်းရေးမှူး (၂) ဦးမြတ်သူက ”အေဂျင်စီတွေတော့ တော် တော်လေးအကျပ်ရိုက်သွားတယ်။ ခေါ်စာကျပြီးသားတွေလည်း မသွားရတော့ဘူး။ ဒါပေမယ့် ဒီလိုမလုပ်လို့ကလည်း မဖြစ်ဘူး လေ”လို့ မှတ်ချက်ပြုပါတယ်။ ဒါ့အပြင် မလေးရောက်မြန်မာတွေ လုံခြုံရေးအတွက် သံရုံးတွေကနေ သတိ ပေးစာတွေထုတ်ပြန်ခဲ့ရပါသေးတယ်။ မလေးရှားကို လုပ်သားပို့ခွင့်ပိတ်ထား မှုကို အခြေအနေတည်ငြိမ်မှ ပြန်ဖွင့်ပေး မယ်လို့ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ပြောကြားထားပေမယ့် လက်ရှိ ရခိုင်ပြည် နယ်အတွင်းက ဘင်္ဂါလီအရေးတွေ တည်ငြိမ်မှုမရှိသေးတဲ့အတွက် မလေးရှားကိုလုပ်သားပို့ခွင့် ပြန်လည်ခွင့်ပြုရေးကတော့ အနည်းငယ်ကြာရှည်ဦးမယ်လို့ အလုပ်အ ကိုင်အေဂျင်စီတွေက ခန့်မှန်းကြပါတယ်။

၂ဝ၁၆ အလုပ်သမားကဏ္ဍ နိဂုံး

နိုင်ငံတော် အာဏာကို စတင်လွှဲ ပြောင်းယူလိုက်တဲ့ အချိန်အခါဖြစ်တာနဲ့အ ညီလက်ရှိ တိုင်းပြည်စီးပွားရေးအပေါ် မှီတည်ဖြစ်ပျက်လာတဲ့ စားဝတ်နေရေးအရ အလုပ်သမားထုရဲ့ တောင်းဆိုသံ၊ အရင် အစဉ်အဆက် အားနည်းခဲ့တဲ့ ဥပဒေပိုင်း ဆိုင်ရာ အားနည်းချက်တွေအောက်မှာ အနည်းဆုံးအခကြေးငွေကိစ္စ၊ ခုံသမာဓိ ကောင်စီကိစ္စ၊ အိမ်ဖော်ပြဿနာ၊ ရွှေ့ ပြောင်းလုပ်သားအရေး စတဲ့ကိစ္စတွေဟာ အစိုးရသစ်အတွက် အဓိကစိန်ခေါ်မှုတွေ ဖြစ်ခဲ့ပါတယ် ။ဒ့ါအပြင် ငြိမ်းချမ်းရေးကို အဓိကအ သားပေးလုပ်ဆောင်နေတဲ့ တိုင်းပြည်ဖြစ် တာနဲ့အညီ အခြားကဏ္ဍတွေမှာ ထူးခြားတဲ့ပြောင်းလဲမှုမရှိခဲ့တာကိုလည်း တွေ့ရ တယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ချုပ်တစ်ခုဖြစ်တဲ့ AFFM ရဲ့ အထွေထွေအတွင်း ရေးမှူးချုပ် ဦးဇာနည်သွေးက ”ငြိမ်းချမ်း ရေးမရရင် ဘာမှလုပ်လို့မရဘူးဆိုတာ မှန် ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးကချက် ခြင်းမပြီးနိုင်ဘူး။ တန်းတူညီမျှမှုရှိအောင် အကျိုးစီးပွား ဆောင်ရွက်ပြီးမှ ငြိမ်းချမ်း ရေးလုပ်ရမှာ။ ပြည်တွင်းအလုပ်သမားရေး နဲ့ပတ်သက်ပြီး NLD က ဆောင်ရွက်နိုင်သေးခြင်းမရှိတာကို တွေ့ရတယ်။ အလုပ်အကိုင်ဖန်တီးပေးမှု တော်တော်အားနည်းတယ်။ ကျွမ်းကျင်လုပ်သားတွေဖြစ်ဖို့ အခွင့်အရေး နည်းနေတုန်းပဲ။ အစိုးရကလည်း ခုထိကူညီပေးခြင်းမရှိသေးဘူး။ ဒီလိုအ ခြေအနေမှာ ငြိမ်းချမ်းရေးကိုပဲ လုပ်နေမယ် တခြားကိစ္စတွေ အာရုံမစိုက်ဘူးဆိုရင် တိုင်းပြည်အခြေအနေက စိုးရိမ်စရာဖြစ်သွားနိုင်တယ်”လို့ မှတ်ချက်ပြုပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*