3:47 pm
Dementia (ဒီမင်းရှား) ရောဂါဆိုသည်မှာ လူနေမှုဘဝ၊ နေ့စဉ် နေထိုင်သွားလာလှုပ်ရှားနိုင်မှုကို အနှောင့်အယှက်ဖြစ်စေသော၊ သတိနှင့်အသိဥာဏ်၊ ဆင်ခြင်သုံး သပ်နိုင်အား ကျဆင်းသည့်ရောဂါ ဖြစ်ပါသည်။ ယေဘုယျရောဂါလက္ခဏာများမှာ သတိမေ့ခြင်း၊ အသိဥာဏ်ဆင်ခြင်သုံးသပ်နိုင်အား ကျဆင်းခြင်း၊ လူမှုဆက်ဆံရေး ထိခိုက်လာခြင်း၊ ကိုယ်ခန္ဓာလှုပ်ရှားသွားလာ နိုင်မှုအပိုင်းချို့ယွင်းလာခြင်း စသည် တို့ဖြစ်ပါသည်။ ထိုလက္ခဏာများမှာ တစ်နေ့ ထက်တစ်နေ့ ဆင့်ကဲဆင့်ကဲ တိုး၍ဆိုးလာတတ်သည့်ရောဂါ ဖြစ်ပါသည်။ Dementia ရောဂါမှာ မည်သူမဆိုဖြစ်နိုင်ပါသည်။ သို့သော်အများအားဖြင့် အသက် ၆၅ နှစ် ကျော်သည့်လူကြီးပိုင်းများတွင် ပို၍ ဖြစ်တတ်သည်ကိုတွေ့ရပါသည်။ Dementia ရောဂါပုံစံ အမျိုးမျိုးရှိပါသည်။
alzheimer’s disease, vascular dementia, fronto temporal dementia, lewy body disease နှင့် early onset dementia စသည်တို့ ဖြစ်ပါသည်။ သို့သော် ဤဆောင်းပါးအနေဖြင့် dementia ရောဂါအကြောင်းကို ယေဘုယျ (general) အားဖြင့်သာ ဆွေးနွေးတင်ပြခြင်း ဖြစ်သည့်အတွက် dementia ရောဂါ၏ ယေဘုယျလက္ခဏာများကိုသာ တင်ပြသွားမည်ဖြစ်ပါသည်။
dementia ရောဂါသည် ယနေ့ကမ္ဘာပေါ်တွင် အကြီးအကျယ်ဆုံးသော ကျန်းမာရေးအန္တရာယ်ဖြစ်နေပြီဟူ၍ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကျန်းမာရေး ဆေးပညာရှင်များ၊ ဆေးသုတေသနရှာဖွေပြုစုနေသူများ၊ ကျန်းမာရေး စာရင်းဇယားပြုစုနေသူများက သတိပေးနှိုးဆော်နေကြပါသည်။ ကမ္ဘာနှင့်အဝှမ်း ကြည့်မည်ဆိုလျှင် ယနေ့ ၂ဝ၁၅ ခုနှစ် စာရင်းဇယားအရ လူဦးရေ ၄၆ ဒသမ ၈ သန်းသည် dementia ရောဂါ စွဲကပ်နေပါသည်။ ဤကိန်းဂဏန်းသည် အနှစ် ၂ဝ ကြာတိုင်း ၂ ဆတိုးလာမည် ခန့်မှန်းသဖြင့် ၂ဝ၃ဝ ခုနှစ်တွင် ၇၄ ဒသမ ၇ သန်းဖြစ်လာ၍ ၂ဝ၅ဝ ပြည့်နှစ်တွင် ၁၃၁ ဒသမ ၅ သန်း ဖြစ်လာရန်ရှိသည်ဟု ဆို ထားပါသည်။ ယခုကမ္ဘာတွင် တစ်နှစ်လျှင် ၉ ဒသမ ၉ သန်းမျှသော dementia ရောဂါသည်များတွေ့ရှိလျက် ရှိပါသည်။ တစ်ကမ္ဘာလုံး၏ dementia ရောဂါအတွက် နိုင်ငံတော် အစိုးရများ၏ သုံးစွဲရသော ငွေပမာဏမှာ ၂ဝ၁၅ ခုနှစ်တွင် ယူအက်စ်ဒေါ်လာ ၈၁၅ ဘီလျံ (us $ 815 Billion) ရှိပါသည်။ သြစတျေးလျနိုင်ငံတွင် dementia ရောဂါသည် ၃၅၃၈ဝဝ မျှ ရှိပါသည်။ ရှေ့လာမည့် ၅ နှစ်အတွင်း ၄ဝဝဝဝဝ မျှအထိတိုးဖွယ်ရှိပါ သည်။ အကယ်၍ dementia ရောဂါကုစားနိုင်သည့် ဆေးဝါးနှင့် ကာကွယ်ဆေးများ ကြိုတင်မပေါ်ပေါက်ခဲ့ပါက ၂ဝ၅ဝ ပြည့်နှစ်တွင် dementiaရောဂါသည် ၉ဝဝဝဝဝ အထိ တိုးမြင့်လာဖွယ်ရှိသည်ဟု ဆိုပါသည်။
ယနေ့ သြစတျေးလျနိုင်ငံတွင် dementia ရောဂါဖြစ်သူများအား ကူညီစောင့်ရှောက်ပေးနေသည့် စောင့်ရှောက်သူများမှာ ၁ ဒသမ ၂ သန်း ရှိနေပါသည်။dementia သည်သြစတျေးလျနိုင်ငံတွင် အသေအပျောက် ဒုတိယအများဆုံးရောဂါ ဖြစ်နေပါသည်။ ၂ဝဝ၉-၂ဝ၁ဝ ပြည့်နှစ်တွင် သြစတျေးလျနိုင်ငံအစိုးရအနေဖြင့် dementia ရောဂါအတွက် သုံးစွဲရသည့် ငွေကြေးပမာဏ (ဘတ်ဂျက်)မှာ (၄ ဒသမ ၉ ဘီလျံ ဒေါ်လာ)ရှိပါသည်။ သက်ကြီးရွယ်အိုစောင့်ရှောက် ရေးဂေဟာများတွင် ၈ဝ ရာခိုင်နှုန်းသော လူဦးရေမှာ dementia ရောဂါစွဲကပ်နေသူများ၊ ဦးနှောက် နှင့်အာရုံကြောရောဂါ၊ စိတ်ရောဂါ စွဲကပ်နေသူများဖြစ်သည်။ထို့ကြောင့် သြစတြေးလျနိုင်ငံ အစိုးရအနေဖြင့် dementia ရောဂါ သုတေသနပြုစုရေးအတွက် ရှေ့ ၅ နှစ်တွင် ဒေါ်လာသန်း ၂ဝဝ သုံးစွဲရန်ချမှတ်ထားပါသည်။ စုစုပေါင်း dementia ရောဂါသုတေသနအတွက် နှစ်စဉ် သုံးစွဲနေသည့် ငွေပမာဏမှာ သန်း ၆ဝဝ ရှိပါသည်။dementia ရောဂါသည် အသက် ၆၅ နှစ်ကျော် သက်ကြီးရွယ်အိုများအတွက် ကာယဥာဏ စွမ်းရည်ဒုက္ခိတကို ဖြစ်စေသည့် တစ်ခုတည်းသော ရောဂါဖြစ်နေသည်ဟု ဆိုပါသည်။ သာမန် သတိမေ့လျော့ခြင်း နှင့် dementia ရောဂါကြောင့် သတိမေ့လျော့ခြင်းမည်ကဲ့သို့ ကွာခြားသနည်း အထက်ပါအချက်ကို လူတိုင်း သိထားသင့်ပါသည်။ အသက်အရွယ်ကြီးရင့်လာ၍ ဖြစ်ရိုးဖြစ်စဉ် သာမန်သတိမေ့ခြင်းကို dementiaရောဂါဖြစ်နေပြီဟူ၍ တွေးတောကာ စိတ်ပူပင်သောကမဖြစ်ရန် အလွန်အရေးကြီးပါသည်။ လူတိုင်းအသက်ကြီးလာသည်နှင့်အမျှ သတိမေ့တတ်လာသည်မှာ သာမန်အသက်ကြီး၍ မေ့ခြင်းဟု ခေါ်၍ စိုးရိမ်စရာ လုံးဝမရှိပါ။
အသက်ကြီးလာလျှင်
ဘာကြောင့် မေ့တတ်လာတာလဲ
၁။ ဦးနှောက်ထဲတွင် ရိုးရိုးသတိရသည့် မှတ်ဥာဏ်၊ ဖြစ်ပျက်ခဲ့ပြီးသည်များကို အောက်မေ့သတိရသည့်မှတ်ဥာဏ် စသည်များကို အလုပ်လုပ်ပေးနေသော hippo campus ခေါ် ဦးနှောက်၏ အစိတ်အပိုင်းသည် အသက်ကြီးရင့်လာသည်နှင့်အမျှ တဖြည်းဖြည်းရှုံ့လာခြင်း၊ ယိုယွင်းလာခြင်း များဖြစ်လာပါသည်။
၂။ ဦးနှောက်သွေးကြောမျှင် လေးများ၊ ဆဲလ်များ အာရုံကြောကလာပ်စည်းများကို ပြုစုကာကွယ်ပေးနေသည့် ဟော်မုန်းဓာတ်များ၊ အသားဓာတ်များသည် အသက် ကြီးလာသည့်အခါ အနည်းနှင့် အများ ခွန်အားလျော့ပါးလာတတ်ပါသည်။
၃။ အသက်ကြီးသူများသည် ရောဂါဘယစွဲကပ်လာ၍ ဖြစ်စေ၊ ရောဂါကြောင့် သောက်သုံးရသော ဆေးဝါးများကြောင့် ဖြစ်စေ၊ ကိုယ် ခန္ဓာလှုပ်ရှားသွားလာမှု လျော့ပါးလာ၍ ဖြစ်စေ၊ ဦးနှောက်သို့ သွေး လည်ပတ်သွားလာမှု လျော့ပါးလာသည်နှင့်အမျှ သတိနှင့် အသိဥာဏ်များလည်း ချို့ယွင်းထိခိုက်လာတတ်ပါသည်။ သို့သော် လူ့ဦးနှောက်သည် အသက်ကြီးလာ၍ အချို့သော သွေးကြောမျှင်လေးများ၊ ဆဲလ်က လာပ်စည်းများ ချို့ယွင်းပျက်ဆီး သွားသော်လည်း သွေးကြောမျှင် အသစ်များ၊ ဆဲလ်ကလာပ်စည်း အသစ်များကို ပြန်လည်၍၊ ဆက် လက်၍ ထုတ်လုပ်နိုင်သော ကိုယ် အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ အသက်ကြီးလာခြင်းကြောင့် သတိမေ့တတ်ခြင်းအလိုအလျောက် ပေါ်ပေါက်လာမည်ဟူ၍ ပုံသေ ကားချပ်တယူသန်စွဲမှတ်၍မရပါ။ ထိုကဲ့သို့ နိယာမတစ်ခုအဖြစ်နှင့် မစွဲယူသင့်ပါ။ လူ့ဦးနှောက်သည် မာဆယ်ခွန်အားကဲ့သို့ပင်’သုံးလျှင် သုံး၊ မသုံးလျှင် ဆုံး’ ဆိုသည့် ဆိုရိုးစကားအတိုင်းပင် မိမိ၏ နေထိုင်မှုဘဝ၊ ကျန်းမာရေး အခြေ အနေ၊ ကျန်းမာရေးလိုက်စားမှု ရှိမရှိ၊ ပုံမှန်စားနေသည့် အစား အသောက်ပုံစံ၊ နေ့စဉ်သွားလာ လှုပ်ရှားမှုအားလုံးသည် ဦးနှောက် ရောဂါ ဖြစ်၊ မဖြစ်ကို ဆုံးဖြတ် ပေးပါလိမ့်မည်။
အသက်ကြီးလာ၍ သာမန်သတိ မေ့ခြင်းလက္ခဏာများ
လူနာမည်၊ ဖုန်းနံပါတ်၊ မွေး နေ့ရက်စွဲများ မေ့တတ်သည်။ အိမ်တွင် မျက်မှန်၊ ဖုန်း၊ အရေး ကြီးစာရွက်စာတမ်းများ မကြာခဏ အထားမှား၍ပျောက်နေတတ်သည်။မီးပူတိုက်ပြီး ခလုတ်ပိတ်ဖို့ မေ့နေတတ်သည်။ ဈေးသွားလျှင် ဝယ်ရန်သွား သော ပစ္စည်း ပြန်မပါလာတတ်ပါ။ အခြားပစ္စည်းများသာ ပါလာ၍ ဈေးသို့ နောက်တစ်ခေါက်သွားရ တတ်သည်။ ဆရာဝန် ရက်ချိန်းမေ့နေ၍ ပြန်လည်ရက်ချိန်းယူရသည်။ တစ်နေရာသွားဖို့ လမ်းညွှန် ရင် အရေးကြီးသော ရပ်ကွက်နာ မည်၊ လမ်းနာမည် မေ့သွားတတ်သည်။ ရုပ်ရှင်ကား ဇာတ်လမ်းကို ပြောရင်း၊ ရုပ်ရှင်ကား နာမည်မေ့ ရုပ်ရှင်ဇာတ်လိုက်နာမည်မေ့ဖြစ် တတ်သည်။ပါးစပ်ဖျားမှာရှိနေတဲ့ နာမည်၊ စကားလုံးများကို ဖော်၍မရ ဖြစ်သည်။ မြေးနာမည်မခေါ်ဘဲ သား နာမည်မှားခေါ်ခြင်း၊ ရေခဲသေတ္တာ ထဲ ပစ္စည်းယူရန်သွား၊ သတိမေ့၍ ယူရမည့်ပစ္စည်း မယူဖြစ်။
အထက်ဖော်ပြပါ မေ့မှု ပေါင်းစုံဖြစ်သော်ငြားလည်း သာမန် အသက်ကြီး၍ မေ့သောသူသည် မိမိသတိမေ့ခဲ့သော ဖြစ်ရပ်ကို ပြန်လည်သတိရ၍ ပြန်လည် ပြော ပြနိုင်သည်။ အတော်ကြာ စဉ်းစား ယူလျှင် သတိမေ့သောအရာကို ပြန်လည်သတိရသည်။ နေ့စဉ်လှုပ် ရှား သွားလာမှုဘဝကို ထိခိုက်ခြင်း မရှိပါ။ သွားနေကျ၊ ရုံး၊ ကျောင်း၊ ဘုန်းကြီး ကျောင်း၊ မိတ်ဆွေ၊ အိမ်၊ အလုပ်ဌာနများကို ဖြောင့်ဖြူးစွာ သွားနိုင် ပါသည်။ ဘတ်(စ်)ကား၊ ရထား၊ ကိုယ်ပိုင်ကားများဖြင့် သွား လိုရာသွားနိုင်ပါသည်။ အခြား လူများ၊ မိသားစုဝင်များနှင့် စကား ပုံမှန်ပြောဆိုနိုင်ပါသည်။ မိမိ၏ အသက်ကြီး၍ သာမန်သတိမေ့ ခြင်းသည် မိမိ၏ နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်ခြင်းမရှိပါ။ နဂိုကတတ်ထားသော မိမိသင်ယူ ထားသော ပညာရပ်၊ ဘာသာ စကား၊ ကျွမ်းကျင်မှု၊ ဘဝအတွေ့ အကြုံ၊ အတတ်ပညာ Óဏ်စ သည်တို့မှာ လျော့နည်းထိခိုက်ခြင်း မရှိဘဲ ပုံမှန်အတိုင်းပင် ရှိနေတတ် ပါသည်။
dementia ရောဂါကြောင့် သတိမေ့ခြင်းလက္ခဏာများ
မိမိနေ့စဉ် လုပ်နေကျ လုပ်ငန်းဆောင်တာများကို မှန်ကန်စွာလုပ်ရန်အခက်အခဲရှိလာသည်။ ဥပမာ ကိုယ်လက်သန့်ရှင်းရေး၊ မှန်ကန်သော အဝတ်အစားများ ဝတ်တတ်ရေးကို မေ့လာတတ် သည်။ ဥပမာ မင်္ဂလာဆောင်၊ အ လှူသွားရန် အဝတ်အစားလဲ သောအခါ ပျော်ပွဲစားသွားဝတ်သည့် အဝတ်အစားများနှင့် ထွက်လာခြင်း။ မိမိ၏မိသားစုဝင်များ၊ ရင်းနှီး သောမိတ်ဆွေများ၏ အမည်နာမ များကိုမေ့ခြင်း၊ ခေါ်၍မထွက် ခြင်း၊ စဉ်းစား၍ မရခြင်း။စကားလုံးများထပ်ခြင်း၊ ပြော သည့် စကားလုံးများကို မကြာခဏ မေ့ခြင်း၊ မေးခွန်းတစ်ခုကို ထပ်ခါ တလဲလဲ မေးခြင်း၊ နေ့စွဲ၊ လ၊ ရက်တို့ကို မေ့ခြင်း၊ မေ့သည့်အဖြစ်မှာ ပို၍များလာ ခြင်း၊ ဗုဒ္ဓဟူးလား၊ တနင်္ဂနွေလား ဟူ၍ မဆီလျော်သော ရက်များကို ရွေး၍ မေးခြင်း၊ အမြဲသွားလာနေကျ နေရာသို့ ရောက်လျှင် ယောင်လည်လည်ဖြစ်ခြင်း၊ ယခင်က ပျော်ရွှင်စွာ သွား လာနေကျ နေရာများကို စိတ်မဝင် စား၊ သွားချင်လာချင်စိတ် မရှိ တော့ခြင်း၊ မိမိအတွေး ကမ္ဘာထဲတွင် နစ်မြောနေ၍ အခြားလူများ၊ မိ သားစုဝင်များကို စိတ်မဝင်စားဘဲ ငေါင်တောင်တောင်ဖြစ်နေခြင်း။ ဘတ်စ်ကားမှားစီးခြင်း၊ ကား မောင်း၍ တစ်နေရာကို သွားရင်း လမ်းမှား၍ နောက်တစ်နေရာသို့ ရောက်သွားခြင်း၊ မိမိအိမ်သို့ မပြန်တတ်ခြင်း။ အမှားအမှန်ဆုံးဖြတ်နိုင်အား ကျဆင်း၍ စိတ်တိုစိတ်ဆိုး၊ အခြား လူများ၊ မိသားစုဝင်များနှင့် ရန်ဖြစ်၊ ဒေါသထွက်သည့် လက္ခဏာများ ဖြစ်လာခြင်း၊ (ယခင်က အေးဆေး ငြိမ်သက်စွာနေသူအတွက်) ပေးနေကျ ရေဖိုး၊ မီးဖိုး၊ ဖုန်းဖိုး Bill များကို စာတိုက်ကဲ့သို့ သောနေရာများတွင် သွားရောက်၍ မပေးတတ်တော့ပါ။ ပေးရန်လည်း သတိမရတော့ပါ။ လမ်းညွှန်ပေးလျှင်လည်း နားမလည်တော့ပါ။ဆင်ခြင်သုံးသပ်နိုင်စွမ်း၊ အမှား အမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်း အားနည်းလာတတ်သည်။ ဥပမာ ကော်ဖီဖျော်လျှင် သကြား ၇ စွန်း၊ ၈ စွန်းထည့်ခြင်း၊ ထမင်းစားပြီးသော်လည်း ထပ်မံစားရန်တောင်းဆိုခြင်း။ စကားလုံးများ မပီသဘဲ ဗလုံး ဗထွေးဖြစ်နေခြင်း။ မိမိသတိမေ့သည်ကို လုံးဝသတိမရ ပြန်မပြောပြနိုင်။ငွေကြေးသုံးစွဲမှု မှားယွင်းလာသည်။ အပြင်သွားလျှင် တစ်ယောက်တည်းသွားလို့မရတော့ပါ။ အဖော်ပါမှ သွားနိုင်ပါသည် ကြည့်ရှုစောင့်ရှောက်ရန် ကူညီစောင့်ရှောက် သူ လိုအပ်လာပါသည်။ မိမိ၏ နေ့စဉ်သွားလာနေထိုင် မှုဘဝကို ထိခိုက်လာပါသည်။ သာ မန်အသက်ကြီး၍ သတိမေ့လျော့ ခြင်းနှင့် dementia ရောဂါ ကြောင့် သတိမေ့ခြင်းလက္ခဏာများ ကွာခြားပါသည်။
ဆက်လက်ဖော်ပြပါမည်
ဒေါ်ဥမ္မာခင် (SYDNEY)