ယူအက်စ်-တရုတ် မဟာဗျူဟာမြောက်ဆက်ဆံရေး -၂-

ယူအက်စ်-တရုတ် မဟာဗျူဟာမြောက်ဆက်ဆံရေး -၂-
December 15, 2016 Asian Fame

4:51 am
ယူအက်စ်-တရုတ် မဟာဗျူဟာမြောက်ဆက်ဆံရေး -၂-

tm

ပြီးခဲ့သည့် ရက်သတ္တပတ်အစောပိုင်းမှာ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သမ္မတကို တိုက်ရိုက်ဖုန်းဆက်ပြီး မိနစ်အတန်ကြာစကားပြောခဲ့သည်။ ၁၉၇၉ ခုနှစ် သမ္မတ ဂျင်မီကာတာလက်ထက်ကတည်းက တရုတ် တစ်နိုင်ငံတည်း မူဝါဒကို လက်ခံထားခဲ့သည့် အမေရိ ကန် ပြည်ထောင်စုသမ္မတသစ် အလောင်းအလျာက ယခုလိုလုပ်လိုက်တော့ ပေကျင်းအစိုးရ ဘာလုပ်ရမှန်း မသိ ဖြစ်သွားပုံရ၏။ နောက်မှကန့်ကွက်စကားဆိုသည်။ တရားဝင်သမ္မတလည်း မဟုတ်သေး၍ ဘေး ကျပ်နံကျပ်တွေ ဖြစ်ကုန်၏။ နောက်တော့ ပြီးခဲ့သည့် စနေနေ့မှာ ဒေါ်နယ်ထရမ့်က ယူအက်စ်-တရုတ် ဆက်ဆံရေး တိုးတက်ဖို့လုပ်ရမည်ဟု ထပ်ပြောလာပြန် သည်။ အကြောင်းပြချက်ကတော့ မြောက်ကိုရီးယား ပြဿနာကို တရုတ်အစိုးရကိုင်တွယ်တာ မနိုင်နင်း လို့ဟူ၍ဖြစ်ပြီး တရုတ်စီးပွားရေးမူဝါဒကိစ္စသည်လည်း တိုးတက်အောင် ဆက်ဆံလုပ်ဆောင်ရမည့် အရေးကြီး ဆုံးအချက်တွေထဲက ထိပ်ပိုင်းကျကျတစ်ချက်ဟုဆို၏။ ထိုင်ဝမ်(တရုတ်တိုင်ပေ)ကို တရုတ်အစိုးရက ¤င်းတို့ ၏ သင်းကွဲပြည်နယ်တစ်ခုဟု အသေအချာရှုမြင်ထား သောကြောင့် လောလောဆယ်သံတမန်ရေး ကန့်ကွက် မှုလုပ်ခဲ့သော်လည်း Fomalized မဖြစ်ပေ။

တိုင်ပေ သမ္မတ ဆိုင်အင်ဝမ်က ဒါကို သွယ်ဝိုက်ပြီး ပြောခဲ့၏။ မဲဆွယ်ကာလတောက်လျှောက်၌ ဒေါ်နယ်ထရမ့်အနေ ဖြင့် အာရှဆိုင်ရာ မဟာဗျူဟာ၊ မူဝါဒတို့ကို ရေရေ ရာရာ ထုတ်ပြောခြင်းမရှိခဲ့။ သို့ငြား ပေကျင်းအစိုးရ ကိုတော့ အကြိမ်ကြိမ် ဝေဖန်လာခဲ့၏။ အိုင်အိုဝါပြည်နယ် အုပ်ချုပ်ရေးမှူး တယ်ရီဘရန်းစတက်ကို တရုတ် နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ဒေါ်နယ်ထရမ့်က ရွေးချယ်ထားပြီးဖြစ်သည်။ ဘရန်းစတက်က တော့တရုတ်နှင့်ပတ်သက်၍ အနုတ်လက္ခဏာဆောင် သော ပြောဆိုဆောင်ရွက်မှုတွေ မလုပ်ဖို့ ဒေါ်နယ်ထ ရမ့်ကိုတိုက်တွန်းထားပါ၏။ တရုတ်သမ္မတ ရှီနှင့် ဘရန်းစတက်ကြား ဆက်ဆံရေးကောင်းမွန်ခဲ့တာ နှစ် ၃ဝ ရှိခဲ့ပြီဖြစ်သည်။ ဤနှစ် ၃ဝ အတွင်း ဘရန်းစတက် က တရုတ်ကို ခြောက်ကြိမ်သွားဖူးပြီး ရှီက (သမ္မတ ဖြစ်လာခဲ့ပြီးမှ) အိုင်အိုဝါပြည်နယ်ကို နှစ်ခေါက်လာ ရောက်ခဲ့ဖူးသည်။

ဒေါ်နယ်ထရမ့်လည်း ၂ဝ၁၇၊ ဇန်နဝါရီ ၂ဝ ရောက်မှ တရားဝင်သမ္မတဖြစ်မှာဖြစ်ပြီး ဘရန်းစတက် လည်း ထိုရက်နောက်ပိုင်းမှ တရုတ်ဆိုင်ရာ ယူအက်စ် သမ္မတဖြစ်လာမှာဖြစ်၏။ အလောင်းအလျာဘဝများ ဖြင့် တောင်တရုတ်ကို သွားဆွနေကြသည်လား၊ ရယ် မောရမလား၊ ရင်မောရမလားမသိ။ ပေကျင်းအစိုးရက တော့ သတိပိုကြီးသွားလေပြီ။

ဤအတောအတွင်းမှာပဲ ပါကစ္စတန် လုံခြုံရေး တပ်တွေ အာဖဂန်နစ္စတန်ထဲ ထိုးစစ်တစ်ရပ်ဝင်ဆင် နွှဲ၏။ အကြောင်းပြချက်က အကြမ်းဖက်ဝါဒနှိမ်နင်းရေး စစ်ဆင်ရေးတစ်ရပ်ဟုဆိုသော်လည်း အာဖဂန်အစိုးရ ကတော့ ကျူးကျော်ရန်စတာဟု ယတိပြတ်ပြောဆို ကန့်ကွက်ရှုတ်ချသည်။ ပူလောင်ဆူပွက်ဒေသမှာ မီး ပွား ခပ်ကြီးကြီး လွင့်စင်လာပြန်၏။ ရက်ပိုင်းလောက်ပဲ ရှိသေးသော ယူအက်စ်တပ်ဖွဲ့ဝင် ၂ဝဝ ဆီးရီးယား၊ အီရန်၊ အီရတ်၊ အာဖဂန်နယ်စပ်တွေကို လွှတ်မည်ဟု ဆုံးဖြတ်ထားသည့် အိုဘားမား ပြောဆိုချက်အရ ထပ်တောင် ပမာဏပိုများလာမည်လား ကြည့်ရဦးမည်။ အိုဘားမားလုပ်တာကတော့ နဂိုအချိန်ဇယားအတိုင်း လုပ်ခြင်းဖြစ်သည်။ နေတိုးနှင့်လည်း အကြိမ်ကြိမ်ဆွေး နွေးထားပြီး၊ သဘောတူထားပြီးချက်များအရ လုပ် သွားတာဖြစ်၏။ ထရမ့်ကလည်း အကြမ်းဖက်ဝါဒကိစ္စ အတော်ဇောင်းတင် ကြုံးဝါးထားသည်မို့ ပါကစ္စတန် တပ်ဖွဲ့အနေဖြင့် ကြိုတင်စီမံချက်လားဟု မေးခွန်းအ ထုတ်ခံလာနေရ၏။ အာရှဆိုင်ရာ မူဝါဒအကြောင်း ယနေ့ထိ ထရမ့် ရှင်းရှင်းလင်းလင်း ပြောထားတာမျိုး မရှိသေးတော့ စဉ်းစားရတာ လက်ပေါက်ပိုကပ်လာ ၏။ စီးပွားရေးကိစ္စမှာလည်း အမေရိကန် အ လုပ်သမားတွေ ပိုဖွံ့ဖြိုးတိုးတက် ကောင်းစား ရေးသာတွင်တွင်ပြောနေဆဲ။ တရုတ်နှင့် ပတ် သက်၍လည်း တရုတ်ပုံစံ ပြန်ချိုးလာမည့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ (Protectionism) လုပ်လာမည်လား လွန်လွန်ကဲကဲ စိုးရိမ်သံတချို့ ထွက်နေပြန်၏။ သေချာပြောနိုင်သည်ကတော့ အာရှအဓိက (Asian Pivot) ကို လုံးဝ မြေလှန်ပြောင်းလဲ၍ မဖြစ်ပါ။လုပ်မည်မဟုတ် ပါ။ မွမ်းမံပြင်ဆင်ဆောင်ရွက်လာဖို့ပဲများ၏။ ဒါလည်းကွန်ဂရက်သဘောတူ ပြီး သား ကိစ္စတွေမှာ ထရမ့် ထင်ရာစိုင်းဖို့ မလွယ်ကူ သလို ဖျံကျလှသည့် စီးပွားရေးသမားတစ်ယောက် ပီပီအသာစီး ပြန်ရအောင် လုပ်လာဖို့ပဲ ရှိပါသည်။

ပြောင်းလဲနေသည့် ကမ္ဘာ လုံးဆိုင်ရာ ဒိုင်းနမစ် (Dynamics) များကို မှန်မှန်ကန်ကန် ခပ်သွက်သွက်တုံ့ပြန်နိုင်စွမ်းရှိကြဖို့ ယူအက်စ်-တရုတ် မဟာဗျူဟာမြောက် ဆက်ဆံရေးက အရေးပါသောအခန်းကဏ္ဍဆိုသည် ထက် ‘ပို’လာနေခြင်းပင်။ ဒါက အာရှရာစုနှစ်ဆိုခြင်း နှင့်ရောဆိုင်လာနိုင်သလား။ ဆက်လက်လေ့လာကြပါ မည်။ မဟာဗျူဟာမြောက်ဆက်ဆံရေးသည် အပြည် ပြည်ဆိုင်ရာ စနစ်တစ်ရပ်လုံး ယိုယွင်းချည့်နဲ့လာနေ မှုအပေါ် မူတည်စဉ်းစား ကြရ ခြင်းဖြစ်၍ အခြားသော ဖက်တာနှင့် ဖန်ရှင် (Factors and Functions) တွေ လည်း မပါမဖြစ်ပါဝင်နေပြီး အဓိကထား ဆွေးနွေးကြမည်ကတော့ အာရှ-ပစိဖိတ်- အမေရိကဟူသော နယ်ပယ်ကဏ္ဍကြီးဘက်မှ ဆွဲယူကြည့်မြင်သွားမည် ဖြစ်သည်။ ပရမ်းပတာခေးအော့စ် (Chaos) တွေကနေ ကျကျနန လိုအပ်ချက်အစီအစဉ်တစ်ရပ် (Order) သို့ ရည်ရွယ်ညွှန်းဆိုသည်ဖြစ်၍ အဓိက မှီငြမ်းအသေးစိတ် လေ့လာချက်စာတမ်းကို မူတည်ပြီး လက်တွေ့ဖြစ်ရပ် သာဓကတို့နှင့် ညှိနှိုင်း ပေါင်းစပ်ယူကြမည် ဖြစ်သော ကြောင့် အတိတ်ကို အနည်းငယ် ပြန်ချုံ့ကြည့်ဖို့လည်း လိုအပ်လာပါသည်။

အနီးကပ်ဆုံးသမိုင်း ဘယ်လိုရှိသလဲ

စစ်ပွဲကြီး ၂ ပွဲဆိုးမွေကို ခံယူရင်း သမ္မတဖြစ်လာရ သော အိုဘားမားပထမသက်တမ်းမှာ ယူအက်စ်-တရုတ်လုံခြုံရေးဆိုင်ရာဆက်ဆံရေးကို အရင်ဆုံး ပြန် ကြည့်ကြရမည်ဖြစ်သည်။ ဤဆက်ဆံရေးက ဒေသတွင်းအနာဂတ် (တကယ်တမ်းပြောရလျှင် ကမ္ဘာစစ် အနာဂတ်လည်းဖြစ်နေ၏) ကို ပြဆိုမည်သာမက အို ဘားမားသမိုင်းမှာ ဘယ်လို နေရာကျကျ ချစေနိုင်ခဲ့ သလဲဆိုသည့် မေးခွန်းတွေ အတော်များများအပေါ် ဖြေပြီးသားဖြစ်သွားနိုင်၏။ အာရှ-ပစိဖိတ် ဒေသကို အဓိကမဏ္ဍိုင်ပြု (Pivot) ထားမည်၊ မျှခြေ ပြန်လည်တည်ဆောက်ယူမည်ဆိုသည်က အိုဘားမားပထမသက်တမ်းကတည်းက အစပြုလာနေခဲ့သော မူဝါဒ ဖြစ်၏။ ဤမူဝါဒထဲမှာ လုံခြုံရေးသာမက စီးပွားရေး ပိုမိုပူးပေါင်းမြှင့်တင်ရန်၊ နိုင်ငံရေး အကြောင်းခြင်းရာများဆိုင်ရာတို့လည်း ကပ်လျက်တွဲလျက် တစ်သားတည်း ပါဝင်သည်။ အိုဘားမားသမ္မတ သက်တမ်းကာလအတွင်း တရုတ်အနေဖြင့် တချို့သောတိုင်းတာချက် အညွှန်းကိန်းဆိုင်ရာ နယ်ပယ်တွေမှာ စူပါပါဝါနီး ပါးကပ်လျက် ဖြစ်လာခဲ့သည်။ ဂျီဒီပီ ၌ ယူအက်စ်နား နီးနီးရောက်လာသည်။ ငွေလဲနှုန်းကို အခြေခံပြောလျှင် ယူ အက်စ်၏၃ ချိုး ၂ချိုးလောက် အဆင့်အထိ (သုံးစွဲမှု များ ပြားလာ၊ ခိုင်မာလာ) ဖြစ်လာ၊ မာလာသည်။ စစ်ရေးဘတ်ဂျက်သည်လည်း ကမ္ဘာ့ ဒုတိယ အများဆုံးဖြစ်လာသည်။

လက်နက်ကိုင်တပ်ဖွဲ့ တွေကို အဆင့် မြင့်နည်းပညာ သုံး၍ မြှင့်တင်လာ သလို ထပ်ပေါင်းရင်း မြစ်များ မြင့်တက်လာ သည်။ သုတေသနနှင့်ဖွံ့ဖြိုး ရေးဆိုင်ရာတို့၌ တစ်ဟုန်ထိုးတိုးတက် လာရုံမက ကမ္ဘာ့ထုတ်ကုန် အများဆုံး ထုတ်လုပ်သည့် နိုင်ငံလည်းဖြစ်လာသည်။ ဥာဏဆိုင်ရာ၊ အသိဥာဏ် ပညာဆိုင်ရာ ပိုင်ဆိုင်မှုအရာ၌လည်း (အခြားနိုင်ငံ၊ ထိပ်သီးပဂေးတွေထံမှ စုပ်ယူပြီး) မြင့်တက်လာခဲ့ သည်။ သမ္မတရှီကျင်းဖျင်ကို ကောင်းစွာ တည်ဆောက် ထားနိုင်ပြီးသော ပုဂ္ဂိုလ်အဖြစ် ရှုမြင်လာနေကြရသည်။ တရုတ်၏ ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်ချက်အရာသည်လည်း ကမ္ဘာ့ဇာတ်ခုံပေါ် ကြီးကြီးမားမား ထင်ရှား၊ ထင်ဟပ်လာသည်။

ပြီးခဲ့သည့် ငါးနှစ်အတွင်း ယူအက်စ်-တရုတ်ဆက် ဆံရေးကဏ္ဍနယ်ပယ်(များ)ကို သမ္မတအိုဘားမား၏ ပြန်လည်ချိန်ညှိရေး မဟာဗျူဟာ အခင်းအကျင်းအရ ကောင်းစွာ စဉ်ဆက်မပြတ် ဆင့်ကဲဖြစ်ထွန်း တိုးတက် စေနိုင်ခဲ့ပါ၏။ အမေရိကန်ပါတီကြီး နှစ်ရပ်စလုံးအပြင် အာရှထဲက အမေရိကန် မဟာမိတ်တွေထံမှ လက်ခံ ချက်ကိုလည်း (တရုတ်တို့) ကောင်းစွာရရှိခဲ့ပါ၏။ ရ နေပါ၏။ ဒါကို တချို့က ခပ်ဆိုးဆိုး အမြင်ရှိဆဲဖြစ်ကြ သော်ငြား၊ ရှိနေကြသော်ငြား လာမည့်နှစ်ကာလတွေ အတွက် အနှစ်သာရအားဖြင့် ကောင်းမွန်လှသောရွေး ချယ်တတ်၊ ရွေးချယ်နိုင်မှုတစ်ရပ်ဟု ဥာဏ်ကြီးသူများက အသေအချာ သဘောပေါက်ထားကြသည်။

မျှခြေပြန်လည် ချိန်ညှိခြင်း (Rebalance) သည် ကြီးမြင့်လှသော ဥာဏ်ပညာ (Wisdom) အရာဖြစ်ပါ၏။ ယူအက်စ်-တရုတ်ဆက်ဆံရေးကိစ္စ (ယခုအသား ပေးရေးသားဖြစ်နေသော်ငြား) တစ်ရပ်တည်းတင်မှာမှမဟုတ်ပါ။ ဘယ်ကိစ္စ၊ ဘယ်အကြောင်းအရာ၊ ဘယ်နယ်ပယ်ကဏ္ဍ၊ ဘယ်အရေးအရာမှာမဆို လုပ်ကိုလုပ် ကြရမည့်၊ လုပ်လည်းလုပ်သင့်သည့်အရာဆိုခြင်းအပေါ် ပညာရှင်တချို့ပင် သဘောမပေါက်၊ နားမလည်နိုင်ကြ။ ပြောရလျှင် သဘောထားကြီးရင့်ကျက်မှု အားနည်းနေ သေးခြင်းဖြစ်နေစေ၏။ ပိုမိုကောင်းမွန်သော၊ ပိုမိုမျှတ ပြေပြစ်သောအနာဂတ်ကို အတူတကွ ထုဆစ်ပုံဖော် တည်ဆောက်ရေး၊ ရယူမျှဝေပိုင်ဆိုင်နိုင်ကြရေး အ မြော်အမြင်ဖြစ်ပါ၏။ နေရာ၊ ပါဝါ၊ သြဇာ၊ လုပ်ပိုင်ခွင့်၊ တာဝန်၊ ဝတ္တရား၊ မျှတမှု…စသောအရာများ၏ ကောင်းမွန်ချက်များကို ပြန်လည်ချိန်ညှိဝေမျှ ‘ပေး’နိုင်မှသာ မျှခြေပြန်လည်ချိန်ညှိခြင်း (Rebalance) အစစ်အမှန် ဖြစ်စေပါ၏။

လွန်ခဲ့သည့် ဆယ်စုတစ်စုကျော်လောက်မှစ၍ အမေရိကန်အများစုက တရုတ်သည် တောင်တရုတ်ပင် လယ်၊ အရှေ့တရုတ်ပင်လယ်တို့တွင် (အထူးအားဖြင့်) အန္တရာယ်ကြီးကြီးမားမားရှိလာနေသည်၊ စီးပွားရေး ကြီးထွားလာမှုလည်း မမျှတ Unfair သောပုံစံနှင့်မို့ လက်ခံစရာမရှိ၊ ဂြိုဟ်မွှေလေ့ရှိသူဟု မြင်ထား၊သဘော ထားလာနေခဲ့ကြသည်။ တရုတ်တွေကလည်း ယူအက်စ်ဟာ သူတို့ကို ပိတ်ကာထားတာပါ၊ မဟာမိတ်ဂျပန်နဲ့ ပေါင်းပြီး ဒေသတွင်းလက်ဦးမှုရယူနေကြတာဟု ယူဆ သည်။ Rebalance နှင့် Asian Pivot ဆိုသည်ကလည်း ၎င်းတို့ကိုနေရာမပေးလို၍ အစစအရာရာဝိုင်းပတ်ပိတ်ဆို့ Containment ရေးမူဝါဒများသာဟု မြင်နေကြသည်။

စကားစပ်၍မဟုတ်၊ တိုက်ဆိုင်၍မဟုတ်။ ဤနေရာမှာ ထည့်ပြောဖို့လိုကို လိုအပ်လာသော ကိစ္စတချို့ ရှိလာသည်။ အာဆီယံ၊ အထူးသဖြင့် မိမိတို့မြန်မာတွင်လည်း အမေရိကန်တွေတရုတ်အပေါ်အမြင်နှင့် တရုတ် တွေ ယူအက်စ်အပေါ်အမြင်နှစ်ရပ်ကိုသာ သိကြ၊ လက် ခံကြပြီး အုပ်စုနှစ်ခု ကွဲကုန်စေပါတော့၏။ မြန်မာမှာ က တရုတ်ကိုလက်မခံသူများ၏။ လုပ်ချင်ရာ လုပ်ခွင့် ရ၍ လုပ်လည်းလုပ်ခဲ့သည်ဟု မြင်ကြသည်။ ဤအမြင် ကိုလည်းမှားသည်ဟု ငြင်း၍မရ၊ ခံနေရသည်ကိုး။ တရုတ်တွေ ယူအက်စ်ကိုမြင်ကြသည့် အမြင်အပေါ် လက်ခံနေသူကတော့အရေအတွက် နည်းပါးသော်ငြား အင်အားကြီးဆဲအုပ်စုဖြစ်သည်။ ခရိုနီများ၊ အာဏာ ရှင်စနစ်နှင့် မွေ့လျော်သူများ၊ နိုင်ငံရေးဝါဒအရ တရုတ်ကို နောက်ဆုံးခံတပ်သဖွယ်မြင်ပြီး အမေရိကန် မုန်းတီးသူများကတော့ တရုတ်တွေလိုပဲ မြင်ကြသည်။ ကွန်တိန်းမင့်ဟူသော စကားလုံးကို တွင်တွင်သုံးနေကြ သူများဖြစ်၏။ ကိုယ့်နိုင်ငံအတွက် ‘နာ’ နေကြတာဆို လျှင်တော့ ဘာမျှပြောစရာမရှိပါ။ သို့ငြား…။
ဤအမြင် နှစ်ရပ်စလုံးသည် အမေရိကန်၊ တရုတ် ပညာရှင် အဝန်းအဝိုင်းမှာပင် အတော်ကြီး လွှမ်းမိုးခဲ့ ပါ၏။ ကြီးမားထင်ရှားနေဆဲလည်း ဖြစ်ပါ၏။ ကိုယ် သန်ရာ သန်ရာ နယ်ပယ်ခြင်းရာ ကဏ္ဍကြောင်းကျိုး အလိုက်ကိုပဲ အာရုံစိုက်နေကြသောကြောင့်ဟုလည်း မြင်ရပါ၏။ အစွဲအလမ်း ဥပါဒါန်တွေ တိုးလိုးတန်းလန်း တွဲလောင်းခို နေကြခြင်းပင်။

နှစ်ဖက်စလုံးမှာ ငြင်းခုံဝေဖန် ကန့်ကွက်ပြောဆို မှုတွေ တစ်ပြုံတစ်မကြီး ရှိခဲ့သော်လည်း Asian Pivot နှင့် Rebalance ဆိုခြင်းကို အိုဘားမား ကောင်းစွာပြသ သွားခဲ့ပါသည်။ ဒါကို ရှီကျင်းဖျင်ကလည်း ကောင်းစွာ သဘောပေါက်၏။ အိုဘားမား ဒုတိယသက်တမ်းတွင် ဒေသတွင်းသာမက၊ ကမ္ဘာ့ခြိမ်းခြောက်မှု တစ်ရပ်ဖြစ် သောမြောက်ကိုရီးယားအရေး၌ တရုတ်ကိုယ်တိုင် ပိုမို ပူးပေါင်းဆောင်ရွက် နားချလာတာထင်ရှား၏။ ၂ဝ၁၆ ထဲမှာ ဒုံးကျည်နှစ်ခါ စမ်းသပ်ပြခဲ့ပြီး ယခု သီတင်းပတ်အတွင်း မြောက်ကိုရီးယားမှာ နျူထိပ်ဖူးလုပ်နိုင်နေပြီဟုပင် သတင်းတွေထွက်လာပြန်သည်။ ဤအရေးသည် ‘ကမ္ဘာ့လုံခြုံရေး’ နှင့် တိုက်ရိုက်သက်ဆိုင်နေကြောင်း အိုဘားမားရော၊ ရှီကျင်းဖျင်ပါသိကြသည်။ သီးခြား နည်းလမ်းဖြင့် ချဉ်းကပ်ရမည်ကိုလည်း သဘောပေါက် ကြပြီးအပြုသဘော ညှိနှိုင်းချက်တွေယူအက်စ်-တရုတ် သီးသန့်သဘောတူထားသည်ဟု ယူဆရပါသည်။ မဟာဗျူဟာမြောက် ဆက်ဆံရေး၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော ‘လုံခြုံရေး’ ပဏာမဖြစ်ပါ၏။

မင်းတင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*