ရန်ကုန်မြို့တော် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲမှု

ရန်ကုန်မြို့တော် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲမှု
December 14, 2016 Asian Fame

7:17 am
ရန်ကုန်မြို့တော် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲမှု

အယ်ဒီတာ့ အာဘော်

editor

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဟုခေါ်အပ်သော ရန်ကုန်မြို့တွင် နောက်ဆုံး ကောက်ယူရရှိထားသော လူဦးရေစာရင်းများအရ လူဦးရေ ၅ သန်းခန့်မှီတင်းနေထိုင် ကြသည်။ လက်ရှိလူဦးရေမှတိုးပွားလာမှုနှင့် ထပ်မံပြောင်းရွှေ့အခြေချနေထိုင်လာသူများကြောင့် Mega City အဆင့်သို့ မကြာမီနှစ်အနည်းငယ်အတွင်း ရောက်ရှိလာ တော့မည်ဖြစ်သည်။ နိုင်ငံတကာစံသတ်မှတ်ချက်များအရ လူဦးရေ ၁ဝ သန်းနှင့် အထက် အခြေချနေထိုင်သောမြို့ကြီးများကို Mega City ဟု ခေါ်သည်။

ပြည်သူတို့၏ဆန္ဒမှာမူ ရန်ကုန်မြို့ကြီးကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်လိုကြသည်။ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်ကြသော မြို့ကြီးဖြစ် သဖြင့် ရွှေတိဂုံဘုရားကြီးကို မြို့လယ်တွင် တင့်တင့်တယ်တယ်မြင်လိုကြသည်။ စနစ်ကျသောမြို့ပြသယ်ယူပို့ဆောင် ရေးစနစ်များဖြင့် သက်သောင့်သက်သာ လူသားဂုဏ်သိက္ခာရှိရှိ သွားလိုကြသည်။ ကိုလိုနီခေတ်အဆောက်အအုံများအပါအဝင် ရှေးဟောင်း သမိုင်းဝင် အဆောက် အအုံများ၊ ယဉ်ကျေးမှုလက်ရာများကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ထားသော သမိုင်းဝင်မြို့ကြီးအဖြစ် မြင်လိုကြသည်။ ရန်ကုန်မြစ်ကြောင်းကို သာယာလှပသော ရှုခင်းများဖြင့် ဖွံ့ဖြိုးတိုးတက်စေလိုကြသည်။ သန့်ရှင်းသပ်ရပ် လိုကြသည်။

ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး ဝန်ဆောင်မှု ကောင်းလိုကြသည်။ လုံလုံခြုံခြုံ သွားလာနေထိုင်လိုကြသည်။ ခြုံ၍ဆိုရသော ခေတ် မီစေလိုကြသည်၊ စနစ်တကျ တိုးတက်စေလိုကြသည်။

သို့ရာတွင် ဤမျှများပြားလှသော လူဦးရေတို့ကို စနစ်တကျ စီမံခန့်ခွဲရာတွင်မူ အပြောလွယ်သလောက် လက်တွေ့လုပ်ဆောင်ရာတွင် အခက်အခဲများစွာရှိမည် ဖြစ်သည်။ မြို့ပြဖွံ့ဖြိုးရေးတွင် အခြေခံအကျဆုံးကဏ္ဍကြီး ၅ ရပ်ဖြစ်သည့် မြို့ပြသယ် ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ သောက်ရေသုံးရေရရှိရေးနှင့် ရေဆိုး စွန့်ပစ်ရေး၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ ပြည်သူ့လုံခြုံရေး စသည့်ကဏ္ဍကြီးများတွင် ခေတ်အဆက်ဆက် စီမံခန့်ခွဲမှုအားနည်းချက်များကြောင့် အရေးတကြီး ဖြေရှင်းရန်လိုအပ်နေသာ   အောက်ဖော်ပြပါစိန်ခေါ်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။

စီးပွားရေးကဏ္ဍတွင် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ကျွမ်းကျင်လုပ်သား ရှားပါးမှု၊ အလုပ်လက်မဲ့နှုန်းမြင့်တက်နေမှု၊   နေထိုင်မှု စရိတ်ကြီးမြင့်နေမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ စီးပွားရေးကျဆင်းမှု၊ စီးပွားရေးနှင့်ငွေကြေးဆိုင်ရာ အခြေခံကောင်းများမရှိမှု၊ ဈေးကွက်၊   ငွေကြေးဖောင်းပွမှု စသောစိန်ခေါ်မှုများကို ရင်ဆိုင်နေရပါသည်။

အလားတူပင် သဘာဝပတ်ဝန်းကျင်ကဏ္ဍတွင် လူသန်းပေါင်းများစွာ၏ နေ့စဉ် စွန့်ပစ်နေသော အမှိုက်သရိုက်များကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်ပြီး မြို့ပြ အင်္ဂါရပ်နှင့်မကိုက်ညီသည့်အပြင် ပြည်သူ့ကျန်းမာရေးပါထိခိုက်နေမှု၊ အညစ်အကြေး နှင့် ရေဆိုးစွန့်ပစ်မှု စနစ်တကျမရှိခြင်းကြောင့် ရေထုညစ်ညမ်းမှု၊ စက်ရုံများနှင့် မော်တော်ယာဉ်များမှ မီးခိုးများကြောင့် လေထုညစ်ညမ်းမှုများဖြစ်ပေါ်ကာ မြို့နေ လူထု၏ Quality of Life  ခေါ် လူနေမှုအဆင့် ကျဆင်းလျက်ရှိပါသည်။

လူမှုရေးကဏ္ဍတွင်လည်း လူနေမှုအဆင့်အတန်းနိမ့်ကျမှု၊ ဆင်းရဲချမ်းသာကွာဟ မှု၊ လူဦးရေပေါက်ဖွားမှုနှုန်းများပြားပြီး ဝင်ငွေနည်း ပါးလာမှုကြောင့် ဆင်းရဲမွဲတေမှု၊ ပညာရေးကျန်းမာရေးအဆင့်နိမ့်ကျမှု၊ အလုပ်လက်မဲ့များပြားမှု စသော စိန်ခေါ်မှုများ ကို ရင်ဆိုင်နေရပါ သည်။

အချုပ်အားဖြင့်ဆိုရသော် မြို့ပြစီမံခန့်ခွဲမှုနှင့်သက်ဆိုင်သော စီမံခန့်ခွဲမှုဆိုင်ရာ ပညာရှင်များ၊ ဥပဒေပညာရှင်များ၊ လုပ်ငန်းရှင်ကြီးများ၊ အင်ဂျင်နီယာများ၊ ရှေးဟောင်း ယဉ်ကျေးမှုနှင့်ဗိသုကာဆိုင်ရာ ကျွမ်းကျင်သူများ၊ မြို့တော်သူ မြို့တော်သားများ၊ အစိုးရတာဝန်ရှိသူများနှင့် အခြားပါဝင်ထိုက်သူများပူးပေါင်းကာ ဒေသတွင်းနှင့် နိုင်ငံတကာမှ အတွေ့အကြုံများကိုရယူပြီး ရန်ကုန်မြို့တော် ရေရှည်စဉ်ဆက် မပြတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လတ်တလောဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ရေရှည်စီမံကိန်း များဖြင့် စနစ်တကျအကောင် အထည်ဖော်ရမည့် လုပ်ငန်းများကို ပြည်သူ့အစိုးရ လက်ထက်တွင် အခြေခံကောင်းများချစေလိုကြောင်း တိုက်တွန်းရေးသားဖော်ပြအပ် ပါသည်။

အယ်ဒီတာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*