မနာကျင်ဘဲ သဘာဝအတိုင်း မီးဖွားနိုင်မည့်ကုထုံး မြန်မာတွင် စတင် မိတ်ဆက်

မနာကျင်ဘဲ သဘာဝအတိုင်း မီးဖွားနိုင်မည့်ကုထုံး မြန်မာတွင် စတင် မိတ်ဆက်
December 14, 2016 Asian Fame

7:05 am
မနာကျင်ဘဲ သဘာဝအတိုင်း မီးဖွားနိုင်မည့်ကုထုံး မြန်မာတွင် စတင် မိတ်ဆက်

ဝေရှိုင်းကျော်
ရန်ကုန်၊ ဒီဇင်ဘာ ၉

မနာမကျင်ဘဲ သဘာဝအတိုင်း မွေးဖွားနိုင်မည့် သားဖွားခြင်းကုထုံးကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး အဖြစ် ရွှေလမင်းအထူးကုဆေးရုံ (လမ်းမတော်)တွင် စတင် ကုသပေးနိုင်တော့မည် ဖြစ်ကြောင်း အဆိုပါ ဆေးရုံ၏ လူ့စွမ်းအားအရင်းအမြစ် ဒါရိုက်တာ ဒေါက်တာတင်ထွန်းအောင်က ပြောသည်။

အဆိုပါ ကုထုံးကို ပြည်တွင်းရှိ ကျွမ်းကျင်ပညာ ရှင်များဖြစ်သည့် သားဖွားဆရာဝန်၊ မေ့ဆေး ဆရာ ဝန်၊ ကလေးဆရာဝန်၊ သူနာပြုဆရာ၊ ဆရာမများ ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ ကုထုံးနည်းကို စမ်းသပ်လုပ်ဆောင်နေစဉ်ကာလအတွင်း အောင်မြင် တိုးတက်မှုများ ရှိပါက တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ နိုင်ငံတကာတွင် အသုံးတွင်ကျယ်နေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် မရှိသေးသော နာကျင်မှုကို လုံးဝနီးပါးအထိ လျှော့ချပေးနိုင်မည့် မွေးဖွားနည်းကုထုံးကို ဒီဇင်ဘာလလယ်ပိုင်းမှ စတင်လုပ်ဆောင်ပေးမည်ဟု သိရသည်။

”သဘာဝအတိုင်း ဆရာ၊ ဆရာမတွေက မွေးဖွား ပေးတာပါ။ နည်းပညာတွေ မပါဘူး။ မွေးလူနာက ဗိုက်အရမ်းနာနေတယ်ဆိုရင် ခါးကို ထုံဆေးလေးပဲ ထိုးပေးလိုက်ပါတယ်။ အဲဒါဆိုရင် နာကျင်မှုတွေ မရှိတော့ပါဘူး။ သာမန်အတိုင်း မွေးနိုင်ဖွားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မွေးပြီး တစ်ရက်နဲ့တင် ဆေးရုံ ကနေ ဆင်းသွားနိုင်ပါတယ်။ မွေးလူနာကို မွေးရာမှာ ဆရာ၊ ဆရာမ ၅ ယောက်လောက် ပါဝင် မွေးဖွား ပေးပါတယ်” ဟု ၎င်းကပြောသည် ။အဆိုပါ ဆေးထိုးကာ မွေးဖွားသော မွေးလူနာသည် မွေးဖွားပြီးသည့်အခါတွင် နာကျင်မှုများ မခံစားရဘဲ ပုံမှန်အတိုင်း ခြေလက်လှုပ်ရှားမှု ပြုနိုင်မည်ဖြစ် ကြောင်း သိရသည်။

”ကလေးမိခင်ကိုသာ နာကျင်မှုကို လျှော့ချပေး ခြင်းနည်းလမ်းသာဖြစ်တဲ့အတွက် ကလေးကိုလည်း ထိခိုက်မှုမရှိဘူး။ Epidural ဆေးထိုးတဲ့အတွက် သွေးပေါင်ကျစေနိုင်တာကြောင့် သွေးတိုးလွန်ပြီး သွေးကြောပေါက်ထွက်တာတွေ၊ သွေးတိုးရောဂါ ဝေဒနာရှင်တွေ၊ နာကျင်မှု Pressure မရှိတဲ့အတွက် နှလုံးခုန်နှုန်းမြန်တာမျိုးတွေ မဖြစ်တဲ့အတွက် သင့်တော်ပါတယ်။ နောက်ပြီး နှလုံးရောဂါရှိသူတွေအတွက်လည်း သင့်တော်ပါတယ်” ဟု ဒေါက်တာ တင် ထွန်းအောင်က ပြောသည်။ ထိုသို့ မွေးဖွားခြင်းသည် သမားရိုးကျ မွေးဖွားနည်းထက် အနည်းငယ် ကုန်ကျစရိတ် ပိုမိုသော်လည်း ခွဲစိတ်မွေးဖွားခြင်းထက် ကုန်ကျစရိတ် သက်သာပြီး ဘေးထွက်ဆိုးကျိုး လျှော့ချနိုင်သည့်အပြင်သမားရိုးကျ မွေးဖွားနည်းဖြင့် မွေးဖွားရန် အခက်အခဲရှိသူများ အသုံးပြုရန် အလွန်သင့်လျော်ကြောင်း ၎င်းက အကြုံပြုထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*