လုံခြုံရေးသတိ၊ လုံခြုံရေးအသိရှိရှိဖြင့် ပူးပေါင်းပါဝင်ကြမှသာ

လုံခြုံရေးသတိ၊ လုံခြုံရေးအသိရှိရှိဖြင့် ပူးပေါင်းပါဝင်ကြမှသာ
November 30, 2016 Asian Fame

9:05 am
လုံခြုံရေးသတိ၊ လုံခြုံရေးအသိရှိရှိဖြင့် ပူးပေါင်းပါဝင်ကြမှသာ

editor

မျက်မှောက်ကာလတွင် အများပြည်သူလုံခြုံရေးနှင့်ပတ်သက်၍ ပြည်သူတို့ အကြားတွင် စိတ်ဝင်စားမှုပိုလာခဲ့သလို စိုးရိမ်မှုများလည်းပို လာခဲ့သည်။ နယ်စပ် ဒေသအချို့တွင် တစ်ကျော့ပြန်ဖြစ်ပွားလာသောစစ်ပွဲများ၊ နိုင်ငံအတွင်းနေရာဒေသ အတော်များများတွင် လူသတ်မှု များ၊ လုယက်မှုများ၊ ခိုးမှုများ၊ အနိုင်အထက် ကျင့်မှုများ၊ သက်ငယ်မုဒိမ်း အစရှိသည့် မင်းမဲ့စရိုက်ဆန်ဆန် အမှုအခင်းများသည် နေ့ လယ်နေ့ခင်းမရှောင် လူစည်ကားသည့်နေရာပင်မရှောင်ဖြစ်ပေါ်နေကြရာ ပြည်သူ အများတို့သည် နေ့စဉ်ပုံမှန်သွားလာနေရသည်ကိုပင် မလုံမခြုံခံစားလာရကာ အများ ပြည်သူလုံခြုံရေးကို အဓိကတာဝန်ယူထားရသော ဒေသဆိုင်ရာ အာဏာပိုင်များနှင့် အစိုးရအဖွဲ့တို့၏ လုံခြုံရေးအစီအမံများနှင့် လုပ်နည်းလုပ်ဟန်များအပေါ် အားမလို အားမရ ဖြစ်နေကြရသည်။

လုံခြုံရေးဟုဆိုလိုက်သည်နှင့် အများစုသည် အစိုးရ၊ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း တို့ကိုသာ တန်း၍မြင်တတ်ကြသည်။ လုံခြုံရေးဟူသောအရာသည် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော တာဝန်ရှိသူ အဆင့်ဆင့် တွင် တာဝန်ရှိသည်မှန်သော်လည်း အမှန်စင်စစ် ထိုသူများနှင့်သာဆိုင်သော အရာမဟုတ်၊ လူသားအားလုံးနှင့်ဆိုင်သောအရာ၊ မကင်းနိုင်သောအရာပင်ဖြစ်သည်။

မိမိတို့နေထိုင်ရာ နေအိမ်၊ တိုက်ခန်း၊ အဆောက်အအုံတို့ကို လုံခြုံရေးအစောင့် အရှောက် တာဝန်ချထားခြင်း၊ CCTV ကင်မရာများ တပ်ဆင်ခြင်း၊ ပြတင်းပေါက်နှင့် အိမ်တံခါးများကို လုံခြုံရေးအဆင့်မြင့်သော တံခါးများ၊ သော့များတပ်ဆင်ခြင်း၊ လုံခြုံရေးနှင့် မီးဘေး အချက်ပေးစနစ်များ တပ်ဆင်ထားရှိခြင်း၊ လုံလောက်သော အလင်းရောင်များ တပ်ဆင်ထားခြင်းဖြင့် သူခိုး၊ ဓားပြများ၏ အန္တရာယ် ကျရောက်နိုင်မှု ကို လျှော့ချထားနိုင်သည်။

ထို့အပြင် ငွေကြေး၊ အဖိုးတန်ရတနာပစ္စည်းများ၊ အရေးကြီးစာရွက်စာတမ်း များကို နေအိမ်တွင် လိုအပ်သလောက်သာထားရှိပြီး ကျန်ပစ္စည်းများကို ဘဏ်များ၊ အာမခံလုပ်ငန်းများတွင် စနစ်တကျအပ်နှံထားခြင်းဖြင့် သူခိုး၊ ဓားပြအန္တရာယ်အပြင် ရေ၊ လေ၊ မီး အစရှိသော သဘာဝအန္တရာယ်ကျရောက်ဆုံးရှုံးမှုများမှ ကာကွယ်ထား နိုင်သည်။ ရတနာပစွည်းများ၊ ငွေကြေးအမြောက်အမြားဖြင့် မဖြစ်မနေ ခရီးသွား လာသည့်အခါများတွင်လည်း မိတ်ဆွေတစ်ဦးကို အဖော်ခေါ်သွားခြင်း၊ ကိုယ်ပိုင် ယာဉ်ကိုအသုံးပြုခြင်း၊ အငှားယာဉ် ကိုသုံးရပါကလည်း မိမိနှင့်ခင်မင်ရင်းနှီးမှုရှိပြီး သားသူ၏အငှားယာဉ်နှင့်သွားလာခြင်းများကို ဆောင်ရွက်ခြင်းဖြင့် မသမာသူတို့၏ ခါးပိုက်နှိုက်ခြင်း၊ လုယက်ခြင်းဘေးမှ ကာကွယ်နိုင်သလို မေ့ကျန်၊ ကျပျောက်ခြင်း များမှလည်း ကာကွယ်နိုင်သေးသည်။

ဤအချက်များသည် အစိုးရ လုံခြုံရေးတာ ဝန်ယူထားရသူ တစ်ဦးတစ်ယောက်၏ အကူအညီမျှမလိုဘဲ မိမိတို့ကိုယ်တိုင် စီမံ ခန့်ခွဲနိုင်သော လုံခြုံရေးအစီအမံများပင်ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် ထိုသို့ စနစ်တကျ စီမံခန့်ခွဲလေ့ရှိသူ ၊ လုံခြုံရေးအသိ လုံခြုံရေးသတိရှိသူ၊ လုံခြုံရေး အသိ လုံခြုံရေးသတိရှိသော်လည်း လိုက်နာဆောင်ရွက်သူ နည်းပါးလှသည်ဖြစ်ရာ မသမာ သူများက အလွယ်တကူပင် ဝင်ရောက်ကျူးလွန်နိုင်နေသည်ကို သတိပြုသင့်ပါသည်။ သက်ဆိုင်ရာများကလည်း ပြည်သူအများ လုံခြုံရေးနှင့်ဆိုင်သော အသိပညာ တိုးပွား လာစေရေး အသိပညာပေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်သင့်ပါသည်။

ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်ရာ မသမာသူများကလည်း ခေတ်မီ နည်းပညာအမျိုးမျိုးကို အသုံးပြု၍ စောင့်ကြည့်ခြင်း၊   နောက်ယောင်ခံခြင်း၊ သတင်း အချက်အလက် ခိုးယူစုဆောင်းခြင်းများ ပြုလုပ်ကာ ဒုစရိုက်မှုအမျိုးမျိုးကို ကျူး လွန်လေ့ရှိရာ မိမိတို့ကလည်း   ခေတ်မီသော နည်းပညာအမျိုးမျိုးကိုအသုံးပြု၍ လုံခြုံရေးအစီအမံများကို ဆောင်ရွက်ထားနိုင်မှသာ အတော်အတန်အကာအ ကွယ်ပြု   နိုင်မည်ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်ကလည်း လုံခြုံ ရေးတပ်ဖွဲ့ကို အင်အားတိုးချဲ့ဖွဲ့စည်းခြင်း၊ အဆင့်မြှင့် တင်ခြင်း၊ ခေတ်မီလုံခြုံရေးကိရိ ယာများကိုအသုံးပြု၍ မသင်္ကာသူများကို စုံစမ်းခြင်း၊ စောင့်ကြည့်ခြင်း၊ လိုအပ်ပါက ခေါ်ယူစစ်ဆေးခြင်း၊   ဖော်ထုတ်ခြင်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရမှာ ဖြစ်သလို ပြည်သူများကလည်း မိမိတို့ကိုယ်တိုင်ဆောင်ရွက်နိုင်သော လုံခြုံရေးအစီ အမံများကို တတ်နိုင်သလောက် လုံခြုံရေးသတိ၊ လုံခြုံရေးအသိရှိရှိဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သင့်သောအချိန် အခါ မျိုးဖြစ်ပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။

အယ်ဒီတာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*