ကမ္ဘာကြီးအပေါ် ထူးခြားစွာရိုက်ခတ်လာမည့် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်၏ မူဝါဒများ

ကမ္ဘာကြီးအပေါ် ထူးခြားစွာရိုက်ခတ်လာမည့် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်၏ မူဝါဒများ
November 30, 2016 Asian Fame

10:21 am
ကမ္ဘာကြီးအပေါ် ထူးခြားစွာရိုက်ခတ်လာမည့် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်၏ မူဝါဒများ

myat-min-article

အမေရိကန်သမိုင်းတွင် ထူးခြားမှုအရှိဆုံး ရွေးကောက်ပွဲတစ်ခုသည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး ၎င်းမှ သူမတူသော မူဝါဒများစွဲကိုင်ထားသူ သမ္မတလောင်းတစ်ဦးပေါ်ထွက်ခဲ့ပါသည်။ လွန်ခဲ့သော တစ်နှစ်ခွဲခန့်ကာလ နိုင်ငံရေးလောကထဲသို့ စတင်ဝင် ရောက်ချိန်တွင် ထရမ့်၏အနေ အထားမှာ မသေချာမရေရာခဲ့ပေ။ နိုင်ငံရေးလောကတွင် သက်တမ်း ရှည်မည့်သူမဟုတ်ဟု အများကထင်ကြေးပေးခဲ့ကြသော်လည်း သူကျော်လွှားနိုင်ခဲ့ပါသည်။ Primaries ဟုခေါ်သော ပြည်နယ်အတွင်းရှိ အကြိုရွေးကောက်ပွဲများတွင် မစ္စတာထရမ့် အခြေအနေကောင်းမည်မဟုတ်ဟု ယူဆနေသူများကိုလည်း ၎င်းက ခုခံသက်သေ ပြနိုင်ခဲ့ပြန်ပါသည်။ တစ်ဖန် Republican ပါတီ၏ ရွေးချယ်ခံ သမ္မတလောင်းဖြစ်လာရန်မှာ မဖြစ်နိုင်ပါဟုဆိုကြသူများလည်း နောက်ဆုံးတွင် ပါးစပ်ပိတ်နေခဲ့ရပြန်သည်။ နောက်ဆုံးတွင် ရွေးချယ်ခံသမ္မတ (President Elect) အဖြစ် ယနေ့တွင် ဝံ့ဝံြ့<ွကာြး<ွကား တွေ့မြင်ရလေပြီ။ အဘယ်ကြောင့်နည်း။

မစ္စတာထရမ့်အနိုင်ရရှိမှု အကြောင်းတရားအပေါ် ကမ္ဘာတစ်ဝန်းရှိလူအများက မှတ်ချက်အမျိုးမျိုးပေးနေကြသော်လည်း အဓိကကျသော အချက် ၃ ချက် ကြောင့်သာလျှင် အမေရိကန်လူထု ၏ ထောက်ခံမှုကို ရရှိခဲ့ခြင်းဖြစ် သည်ဟု ယူဆနိုင်ပါသည်။ ပထမ အချက်ဖြစ်သော ၎င်းကျင့်သုံးမည့် ကုန်သွယ်မှုမူဝါဒအသစ်ကို လူထုက လက်ခံခြင်း၊ ဒုတိယအချက်ဖြစ်သည့် အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာကြီးအပေါ် ပြင်းထန်စွာကျ ရောက်လာနေသော အကြမ်းဖက်မှု အန္တရာယ်ကို မည်သို့ကိုင်တွယ် မည်ဆိုသည့်အချက်အပေါ် လူထုယုံကြည်မှုပိုခဲ့ခြင်းနှင့် အမေရိကန် နိုင်ငံသို့ တဖွဲဖွဲတရားမဝင် ဝင်ရောက် အခြေချသူများ (Illegal Migrants) အပေါ် ၎င်းကိုင်တွယ်မည့် မူဝါဒများအား လူထုကကြိုက်နှစ်သက်ခြင်းကြောင့်ဟု အကြမ်းဖျင်းမှတ်ယူ နိုင်ပါသည်။ အခြားလူမျိုးများထက် အမေရိကန်နိုင်ငံသားတစ်မျိုးတည်း၏ အကျိုးစီးပွားကိုသာ ((American First) ဦးစားပေး ဆောင်ရွက်မည်ဟု ဆိုသော အမေရိကန်အမျိုးသားရေးဝါဒီ မစ္စတာထရမ့်သမ္မတအဖြစ် ရွေးကောက်ခံရခြင်းသည် ယဉ်ကျေးမှုပေါင်းစုံ (Multiculturalism) အခြေခံ ၍တည်ဆောက်ထားသော အမေ ရိကန်နိုင်ငံ၌ လစ်ဘရယ်ဒီမိုကရေစီ (Liberal Democracy) စတင် ဆိတ်သုဉ်းခြင်း၏နိမိတ်လေလား ဟု နိုင်ငံရေးသမားအချို့ကလည်း မှတ်ချက်ပြုနေကြပါသည်။

ဒေါ်နယ်ထရမ့် အနိုင်ရရှိမှုကြောင့် အမေရိကန်နှင့် အနောက် နိုင်ငံများ၏ ဆက်ဆံရေးသည်လည်း အခန်းကဏ္ဍခြောက်မျိုး၌ ထူးခြားစွာ ပြောင်းလဲလာမည်ဟု မှန်းဆနေကြပါသည်။ ပထမဆုံး အနေဖြင့် နှစ်ပေါင်း ခြောက်ဆယ် ကျော်ကြာ အမေရိကန်နိုင်ငံခြား ရေးမူဝါဒ၏ ပင်မဒေါက်တိုင်အဖြစ် ရပ်တည်ပေးခဲ့သော နေတိုးအဖွဲ့အပေါ် မစ္စတာထရမ့်၏ သဘောထားအမြင် ပြောင်းလဲမှု ဖြစ်သည်။ နေတိုးအဖွဲ့သည်ခေတ် နောက်ကျနေပြီဖြစ်ပြီး ကျေးဇူးမသိ တတ်သော မဟာမိတ်များသည် အမေရိကန်၏ပေးစာကမ်းစာဖြင့် ရပ်တည်နေသည်ဟု ပြောကြားခဲ့ လေသည်။ ထို့ အပြင် ဥရောပနှင့် အာရှဒေသကို အကာအကွယ်ပေး ရန်အတွက် ၎င်းဒေသရှိ နိုင်ငံများ မှ မျှတသောအပေးအယူ မပြု လုပ်ပါက ဆက်လက်ကာကွယ်ပေး သွားမည်မဟုတ်ဘဲ အမေရိကန် တပ်များကို ရုပ်သိမ်းသွားမည်ဟု လည်း ပြောကြားခဲ့ပါသည်။ အမေရိကန်မှ စစ်စရိတ်ကို အများဆုံး စိုက်ထုတ်သုံးစွဲနေချိန်တွင် နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့ GDP ၏ ၂ ရာခိုင်နှုန်းခန့်ကိုသာ ကာကွယ်ရေးအတွက် အသုံးပြုနေမှုကို မစ္စတာထရမ့်က မနှစ်မျို့ ကြောင်းပြသခဲ့သည်။ ၎င်း၏သဘောထားကြောင့် ရုရှားကို ထိပ်တိုက်ရင်ဆိုင်ထားသော ဥရောပအရှေ့ပိုင်းရှိ နေတိုးအဖွဲ့ဝင် မဟာမိတ်နိုင်ငံများပင်တုန်လှုပ်လာရပါသည်။

ဒုတိယအချက်မှာ ရုရှား အပေါ်ထားသော မစ္စတာထရမ့်၏သဘောထားပင်ဖြစ်သည်။ သမ္မတ အိုဘားမားတက်လာပြီးနောက် ဆီးရီးယားအရေးနှင့်ပတ်သက်၍ အမေရိကန်နှင့် ရုရှား၏ တင်းမာ လာသော ဆက်ဆံရေးကို ၎င်းအနေဖြင့် ဖြေလျှော့ပေးနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ရုရှားသမ္မတ ပူတင်သည် ပြတ်သားသော ခေါင်း ဆောင်တစ်ယောက်ဖြစ်သည်ဟု လည်း ချီးမွမ်းခဲ့ပါသေးသည်။ သို့ဖြစ်၍ ရုရှားနှင့် အမေရိကန်တို့၏ဆက်ဆံရေး သမိုင်းတစ်ခေတ် ဆန်းသစ်လာပေတော့မည်။

တတိယအချက်မှာ ထရမ့်၏ ကုန်သွယ်ရေး မူဝါဒအပြောင်းအလဲပင်ဖြစ်သည်။ မစ္စတာထရမ့် မျက်စိဆံပင်မွှေး စူးနေသော အချက်များထဲမှ တစ်ခုမှာ Nafta – North Atlantic Free Trade Agreement ဟုခေါ်သော မြောက်အတ္တလန္တိတ်လွတ်လပ်စွာကုန်သွယ် ရေးစာချုပ်ဖြစ်သည်။ ၎င်းစာချုပ်သည် သမ္မတကလင်တန်လက်ထက် ၁၉၉၄ ခုနှစ်တွင် အမေရိ ကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့ အကြားချုပ်ဆိုခဲ့သော စာချုပ်ဖြစ်ပါသည်။ အမေရိကန်တို့အတွက် ရေးထိုးခဲ့သမျှ အဆိုးဆုံးစာချုပ် ဟုပင် ထရမ့်က မှတ်ချက်ပေးခဲ့ သည်။ ၎င်းစာချုပ်ကြောင့် ကမ္ဘာ့အကြီးဆုံး လွတ်လပ်စွာကုန်သွယ် ရေးဇုန်တစ်ခုပေါ်ထွက်ခဲ့ပြီး ကုန် ပစ္စည်းအများစုအပေါ် အခွန်လျှော့ပေါ့မှုနှင့် ကင်းလွတ်မှုရရှိ စေခဲ့ပါသည်။ စာချုပ်ကြောင့် အမေရိကန်တို့အပေါ် အကျိုး သို့မဟုတ် အပြစ် မည်သည်က ပို ဖြစ်စေသလဲဆိုသည်မှာအငြင်းပွား နေဆဲပင်ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် ကွန်ဂရက်လွှတ်တော်၏ သုတေသနဌာန (Congressional Research Service) ၏ ဆန်းစစ်မှု အရလက်တွေ့တွင် Nafta ကြောင့် ဝေဖန်သူများ စိုးရိမ်သကဲ့သို့ အလုပ်လက်မဲ့အကြီးအကျယ် ဖြစ်ပေါ်စေမှုမရှိကြောင်းနှင့် ထောက် ခံသူများမျှော်လင့်သလို
ကြီးမား သော စီးပွားရေးတိုးတက်မှုလည်း မရရှိပါကြောင်း ထုတ်ဖော်ခဲ့လေသည်။

ကနေဒါ၊ မက္ကဆီကိုတို့နှင့် ကုန်သွယ်မှုမှာအမေရိကန် ပြည် တွင်း အသားတင်ကုန်ထုတ်လုပ်မှု တန်ဖိုး (GDP) ၏ အနည်းငယ်သော အစိတ်အပိုင်းသာဖြစ်သည့်အတွက် အဆိုပါစာချုပ်၏ သက်ရောက်မှုမှာ အမေရိကန်စီးပွားရေး အပေါ် မကြီးမားကြောင်း တွေ့ရှိရပါသည်။ သို့သော် မစ္စတာထရမ့်က စာချုပ်ကြောင့် အမေရိကန်တို့ အတွက် နစ်နာရကြောင်း၊ အလုပ် လက်မဲ့များ များစွာပေါ် ထွန်းလာကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းတက်လာပါက သွင်းကုန်များအပေါ် အခွန်တိုးကောက်မည် ဖြစ်ပြီး တရုတ်သွင်းကုန်အပေါ် ၄၅ ရာခိုင်နှုန်းနှင့် မက္ကဆီကို အပေါ် ၃၅ ရာခိုင်နှုန်း ကောက် ခံခြင်းဖြင့် မိမိနိုင်ငံရှိ ကုမ္ပဏီများ၊ အလုပ်အကိုင်များပြည်ပသို့ ပြောင်းရွှေ့သွားခြင်းကို တားဆီးမည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံပေါင်း ၁၂ နိုင်ငံ ရေးထိုးထားသော ပစိဖိတ်ဖြတ်ကျော် မဟာမိတ်စာချုပ် ( Trans – Pacific Partnership – TPP)အပေါ်ဝေဖန်ခဲ့ပြီး လိုအပ်ပါက World Trade Organization မှလည်း နုတ်ထွက်မည်ဟုခြိမ်းခြောက်ခဲ့ပါသောကြောင့် ကမ္ဘာ့ကုန်သွယ်ရေးအခင်းအကျင်း အပေါ် တစ်နည်းတစ်ဖုံပြောင်းလဲလာစေနိုင်ပါသည်။

စတုတ္ထအချက်မှာ အီရန် နျူကလီးယားသဘောတူညီချက် (Iran Deal) နှင့်ပတ်သက်ပါသည်။ နျူကလီးယားလက်နက် မထုတ်လုပ်ပါဟူသော အီရန်၏အာမခံမှု ကြောင့် စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းပေးခဲ့သည့် ညှိနှိုင်းမှုသည် သမ္မတအိုဘားမားအတွက် သမိုင်း ဝင်သောနားလည်မှုရယူနိုင်ခြင်း ဟု ကမ္ပည်းထိုးခဲ့သော်လည်း တွေ့ခဲ့ရသမျှထဲတွင် အဆိုးရွားဆုံးသော သဘောတူညီမှုပင် ဖြစ်သည်ဟု ရီပက်ဘလစ်ကန်တို့၏သဘောထားကို ထင်ဟပ်စေသော မှတ်ချက်ကို မစ္စတာထရမ့်က ပြော ကြားခဲ့ပါသည်။ ၎င်းသဘောတူညီ ချက်ကိုဖျက်သိမ်းရန်မှာ ၎င်း၏ပထမဦးစားပေးအလုပ်ဖြစ်သည်ဟု မစ္စတာထရမ့်က ပြောကြားခဲ့ သည့်အတွက် စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ ဆော်ဒီနှင့် အစ္စရေးတို့၏ပြိုင်ဘက် ဆီးရီးယား ပြဿနာ၏အဓိက Player ဖြစ်သော အီရန်နှင့်ပတ်သက်သည့် အဆိုပါစာချုပ်ကို ဖျက်သိမ်းမည်ဆိုပါက အရှေ့အလယ်ပိုင်းအပေါ်ကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်လာမည်မှာ မလွဲပေ။ အီရန်နိုင်ငံခြားရေးဝန်ကြီး Javad Zarif က မစ္စတာထရမ့်အနေဖြင့် နိုင်ငံကြီးများက အပတ်တကုတ် ကြိုးစားမှုဖြင့်ရလာခဲ့သောအဆိုပါ သဘောတူညီချက်ကိုအလေးထား ရန်တိုက်တွန်းခဲ့ပေသည်။

ပဉ္စမအချက်မှာ အာရှဒေသအတွက် အရေးကြီးသောလုံခြုံရေး ဆိုင်ရာမေးခွန်းများစွာ ပေါ်ထွက်လာခြင်းပင်ဖြစ်သည်။ မစ္စတာထရမ့်အပေါ် တရုတ်နိုင်ငံက ကြို ဆိုခြင်းမှာ အမေရိကန်အနေဖြင့် ပိုမိုတစ်သီးတခြား ရပ်တည်မည့် နိုင်ငံခြားရေးမူဝါဒ (More Isolationist US Foreign Policy) ကို ကျင့်သုံးလာမည်ဟု မျှော်လင့် နေခြင်းကြောင့် ဖြစ်နိုင်ပေသည်။ အမေရိကန်က တစ်နိုင်ငံတည်း ရပ်တည်ခြင်းဖြင့် ၎င်း၏စစ်ရေး၊ စီးပွားရေး ကျဆင်းလာမည်ဟု တရုတ်ကယူဆနေခြင်း ဖြစ်နိုင်ပေ သည်။ ဂျပန်နှင့် တောင်ကိုရီးယားတို့၏ အမေရိကန်အပေါ် အလွန်အမင်းမှီခိုမှုကို ခွဲထုတ်ပစ် မည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့ အား ကိုယ်တိုင်နျူကလီးယား လက်နက်များထုတ်လုပ်စေခြင်း ဖြင့် မြောက်ကိုးရီးယား၏ရန်ပြုမှုမှ ကာကွယ်စေမည်ဟုလည်း ပြောဆို ခဲ့ပါသည်။ အစဉ်အဆက် အမေရိ ကန်ခေါင်းဆောင်များ အကျပ် ရိုက်ခဲ့သော မြောက်ကိုးရီးယား၏နျူကလီးယားလုပ်ငန်းစဉ် ရပ်တန့် စေရန်ကြိုးပမ်းမှုကို မစ္စတာထရမ့် မည်သို့ကိုင်တွယ်မည်မှာ မရှင်းလင်း သေးပေ။ သို့သော် မစ္စတာထရမ့် က မြောက်ကိုးရီးယားခေါင်းဆောင် နှင့် ထိပ်တိုက်ဆွေးနွေးမည်ဟု ပြောကြားခဲ့ပါသည်။ အမေရိကန် နိုင်ငံရေးတွင် ခန့်မှန်းရအခက်ဆုံး သမ္မတလောင်းက ကမ္ဘာပေါ်တွင် ခန့်မှန်းရအခက်ဆုံး ခေါင်းဆောင် ဖြစ်သည့် မစ္စတာကင်ဂျုံအွန်အား မည်ကဲ့သို့ချဉ်းကပ်ကိုင်တွယ်သွား မည်ဆိုသည်မှာ လာမည့်နှစ်များတွင် ရေပန်းစားလာမည့်အချက်ပင် ဖြစ်သည်။

ဆဋ္ဌမအချက်မှာ ကမ္ဘာ့ရာသီ ဥတုပြောင်းလဲမှုအပေါ် ချဉ်းကပ်ပုံ ပြောင်းလဲလာနိုင်မည့် ကိစ္စဖြစ်သည်။ ထရမ့်က Paris Climate Agreement ကို ၎င်း၏ ပထမရက်တစ်ရာအတွင်း ဖျက်သိမ်းမည်ဟုပြောဆိုခဲ့သည့်အပြင် သူ၏လုပ်ပိုင်ခွင့်အာဏာကုန် အသုံးပြုကာ သမ္မတအိုဘားမား ကမကထပြု ဆောင်ရွက်ခဲ့သော ရာသီဥ တု ပြောင်းလဲမှုဆိုင်ရာ မူဝါဒ များကိုလည်း ပြင်ဆင်ပြောင်းလဲပစ်မည်ဟု ဆိုထားပါသည်။ ရာသီဥတုနှင့် သန့်ရှင်းသော စွမ်းအင် ထုတ်လုပ်မှုဆိုင်ရာ စီမံကိန်းများ အတွက် အမေရိကန်အစိုးရမှ ငွေကြေးစိုက်ထုတ်ပေးနေမှုများကို ရပ်ဆိုင်းပစ်မည်ဟု ကတိပြုခဲ့ပါသည်။ လူသားများကြောင့် ရာသီ ဥတု ပြောင်းလဲလာရပါသည်ဟူ သော သိပ္ပံဆိုင်ရာအယူအဆကို လက်မခံဘဲ ၎င်းမှာ အမေရိကန်၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ယှဉ်ပြိုင်နိုင်စွမ်း လျော့နည်းလာအောင် ရည်ရွယ်ထားသော တရုတ်နိုင်ငံ၏ထွင်လုံးတစ်ခုသာဖြစ်သည်ဟု ထရမ့် ကဆိုသည်။ ရှိနှင့်ပြီး အမေရိကန်၏ ရာသီဥတုဆိုင်ရာမူဝါဒကို အလုံးစုံ ပြုပြင်ပြောင်းလဲပစ်နိုင်ရန်မှာ ဥပဒေကြောင်းအရနှင့် လုပ်ထုံးလုပ်နည်းများအရ အခက်အခဲ များစွာရှိသော်လည်း ထရမ့်က ၎င်းမူဝါဒများကို အားနည်းချည့်နဲ့ သွားအောင် အတိုင်းအတာတစ်ခု အထိ ဆောင်ရွက်နိုင်လိမ့်မည်ဟု နယူးယောက်တိုင်းမ်သတင်းစာက ဆိုသည်။

Paris Agreement အားဖျက်သိမ်းရန် ကြိုးပမ်းမှု၊ သမ္မတအိုဘားမား၏သန့်ရှင်းသော စွမ်းအင်ထုတ်လုပ်မှုစီမံကိန်း (Clean Power Plan) အပေါ် မထီ မဲ့မြင်ပြုမှုနှင့် ထရမ့်၏ ကျောက်မီး သွေးဖြင့် စွမ်းအင်ဆက်လက်ထုတ် လုပ်လိုမှုအပေါ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက ရှုတ်ချပြစ်တင်လျက်ရှိပါသည်။ သို့သော် ရုပ်ြ<ွကင်းလောင်စာ အသုံးပြုရေး ထောက်ခံသူများက မစ္စတာထရမ့် ၏ အစီအမံများသည် အမေရိကန်မိသားစုများ၏ လက် ရှိလိုအပ်ချက်များကို ဦးစားပေးထားခြင်းဖြစ်ကြောင်း၊ လုံလောက် သော ရုပ်ြ<ွကင်းလောင်စာ စွမ်းအင်များဖြင့် စီးပွားရေးကို အားဖြည့် ပေးကာ အခွင့်အလမ်းသစ်များကို နောင်မျိုးဆက်များအတွက် ချန်ရစ်ထား နိုင်မှာဖြစ်ကြောင်း ထောက်ခံပြောကြားခဲ့ကြသည်။ ထို့ကြောင့် စွမ်းအင်အသုံးချရေးအယူအဆသစ်များကိုတွေ့မြင်လာရဖွယ်ရှိသည်။

သို့ဖြစ်ပါ၍ မကြာတော့သော ၂ဝ၁၇ ခု၊ ဇန်နဝါရီလတွင် လေးနှစ်တာ သမ္မတသက်တမ်းကို စတင် တာဝန်ယူထမ်းဆောင်တော့ မည့် မစ္စတာ ဒေါ်နယ်ထရမ့်၏ အများနှင့်မတူ တစ်မူထူးခြားသော အတွေးအခေါ်များ၊ မူဝါဒများ ကြောင့် ကမ္ဘာနှင့်အာရှဒေသများ တို့အပေါ် မည်ကဲ့သို့ ရိုက်ခတ်မှု များရှိလာမည်ကို လက်တွေ့တွင် လေ့လာသုံးသပ်၍ ပြင်ဆင်သင့် သည်များကို ကြိုတင်ပြင်ဆင်ထားသင့်ပါကြောင်း သုံးသပ်တင် ပြလိုက်ရပေသည်။

မြတ်မင်း (စက်မှု)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*